Friday, November 21, 2008

[ဆူးပြတိုက်] 1 New Entry: “ သမိုင်းကို တူးဆွခြင်း”

" သမိုင်းကို တူးဆွခြင်း"



ကျနော်တို့ နိုင်ငံမှာ သမိုင်းတွေ များတာ လူတိုင်းအသိ။
ဘုရားသမိုင်းကအစ... ၀ိဇ္ဇာသမိုင်း၊ နတ်သမိုင်း၊သိုက်သမိုင်း...နိုင်ငံရေးသမိုင်း..ပုဂံရာဇ၀င် စုံနေတာဘဲ၊ တော်တော်များများက
ရာဇ၀င်ဆရာ၊ သမိုင်းရေးဆရာ၊ စာရေးဆရာတွေရဲ့ အနုပညာနဲ့ အတွေးချဲ့ ရင် ချဲ့ သလောက် ပေါ့...။
ကျနော်ငယ်ငယ်က မြန်မာ သမိုင်းကို တော်တော် စိတ်ဝင်စားတာ...စာကျက်လိုက်ရင် ခဏဘဲ...သမိုင်းကြောင်းကို ခြုံငုံပြီး..သိသွားတာ...။
စကားမစပ် ကျနော့်အဖေကတော့ သမိုင်းကို စိတ်မ၀င်စားပါဘူး...သူက ဘာသာပြန် တွေဘဲ ဖတ်တာ...အဲ ..သူက အတွေးကောင်းတယ်...ကျားကစား သိပ်တော်တယ်...။ သားသမီးတွေ အကုန်လုံးကို ကျားကစားတတ်အောင်သင်ပေးခဲ့ တယ်...။
အကြောင်းကိစ္စ တစ်ခု ကြုံလာရင် ကွက်ကျော်မြင်တတ်အောင်တဲ့ ...။
အယောင်ပြ..တစ်ကောင်ကျွေးပြီး နှစ်ကောင်ရိုက်...ကင်းကြီးထိုးကျွေးပြီး ၃ကောင်ရိုက်..။
နည်းတွေစုံသလောက် အတွေ့ အကြုံရတယ်..ဘ၀မှာ ပြသနာတစ်ခု တွေ့ လာရင် အဖေပေးခဲ့ တဲ့ ကျားကစားနည်းပညာက တော်တော် အသုံးဝင်တာ...။
တစ်ဘက်က ခင်းလာတဲ့ ပြသနာကို ကွက်ကျော် မြင်တတ်လာတာပေါ့..။
သမိုင်းနဲ့ စချီပြီး ဘယ့်နှယ့် ကျားကစားတာ ရောက်သွားလဲ ဆိုတော့...ဒီလိုဗျ..။
အလုပ်က ဇာတ်သဘင်ဆိုတော့ ဇာတ်နဲ့ နတ်က တွဲနေတာ...ဒါဟိုးရှေးအစဉ်အလာထဲက..။ ဇာတ်ပွဲမှာ ကပြမှုတွေ အောင်မြင်အေးချမ်းဘို့ ..အဆင်ပြေဘို့  ဇာတ်နဲ့ ပါတ်သက်တဲ့ ပွဲတွေ ပေးရတယ်၊ နောက်ပြီး ဇာတ်မင်းသားမှန်ရင် နတ်သမိုင်း သိုက်သမိုင်းကို ဖတ်မှတ်လေ့လာထားမှ တော်ကာကြတယ်...။ နောက်ပိုင်းမင်းသားကြီးတွေဆို ပိုဆိုးပေါ့..။
ပွဲ့ ကြည့်ပရိတ်သတ်ကလဲ နတ်သမိုင်း သိုက်သမိုင်းဆို တော်တော် ကြိုက်ကြတာ။ ကြားဘူးမှာပါဗျာ
ပန်တျာကြည်လင်...ပန်တျာ တင်တင်မြင့် တို့ ဆို ကိုဘုန်းကြွယ် မမြစိမ်းနဲ့ နာမည်ကျော်ခဲ့ တာ။ဇာတ်သဘင်တွေမှာ ကပြမှုများတာက ရေငံပိုင် ဦးရှင်ကြီး၊ ကိုးမြို့ ရှင် ပုလဲယဉ်၊အမေနံကရိုင်း၊ အမေရေယဉ်၊နဲ့ တောင်ပြုံးညီနောင်ပေါ့....။
ကျနော်က နတ်သမိုင်းတွေသိပ်မက ပေမယ့် လေ့လာ ဖတ်ရှုထားပါတယ်...ကိုယ်တိုင်ကလဲ စာဖတ်တာဝါသနာပါတော့...
အတော်ဘဲပေါ့...။
ကျနော်သိပ်မကချင်တာက နတ်သမိုင်းရေးသူတွေ ဘယ်လောက်ဘဲ ဖွဲ့ နွဲ့ ရေးပေမယ့် ၃၇မင်းနတ်တွေ အားလုံးက အယူတိမ်းပြီး...အစိမ်းသေနဲ့ သေခဲ့ ကြတော့ ဦးချကန်တော့တာနဲ့ သရဏဂုံ ပျက်နိုင်တာကို သိလို့ ပါ..။သူတို့ ကို ကိုယ်က အားကိုးမယ့်အစား ကိုယ်ကတောင်မေတ္တာပို့ ပေးရဦးမှာ။
ဒါပေမယ့်ဗျာ...ဇာတ်မင်းသားဆိုတာက ဇာတ်ဆရာနဲ့ စာချုပ်ပြီးကတည်းက ကိုယ့်ကိုကိုယ်မပိုင်တော့ဘူး၊ ဇာတ်ဆရာနဲ့ ပရိတ်သတ် အလိုကျ ကပြရတာပါ.။
ကျနော်တစ်နှစ်ကြုံရတာက ဇာတ်ဆရာက လူရွှင်တော်လဲ ကတယ်...နတ်ဇာတ်ထုပ်နောက်ပိုင်းတွေလဲ ကတယ်...ပြီးရင်
နတ်ပူးတာနဲ့ ..သူလုပ်ထားတဲ့ လက်ဖွဲ့ ကြိုးတွေကို ရောင်းတော့တာဘဲ..။ ရိုးသားတဲ့ သူတွေက ဘာမှ မစဉ်းစားဘူး...၀ယ်တာပေါ့..။
ကျနော်က သိတယ်..ဘာမှ မစွမ်းဘူး..မစွမ်းဆို နေ့ လည်တိုင်ဆို ယိမ်းသမလေးတွေ ကောင်လေးတွေကို သွားတိုက်ဆေး အခွံတွေနဲ့ အပ်ချည်ကြိုးအနီတွေ ကြိုးကျစ်ပြီး လုပ်ထားတာကို သူက ဖောက်သည်ဈေးနဲ့ ချုပ်ဝယ်တာ..ဘာသိဒ္ဓိမှ မရှိဘူး..။ယုံ...။
ရွာတစ်ရွာမှာကတော့ ကျနော်နဲ့ တိုးတာဘဲ..။ အဲဒီရွာကလဲဗျာ...တစ်ရွာလုံး ကိုကြီးကျော် ခေါင်းစွဲတဲ့..။ ကျားမ မရွေး...ကိုကြီးကျော်ဘဲ။ ရွာသားတွေက တောင်းဆိုတာ ဒီည ကျော်လေးကျော်( ကိုကြီးကျော်၊ပခန်းကျော်၊ဇီးတောကျော်၊ တောင်သမန်ကျော်) အော်ပဒါကပေးဘို့ ...။ တစ်ယောက်ထဲ ကို လေးမျိုးနဲ့ ဗျ..။ကန်တော့ပွဲတွေဗျာ...ဇာတ်စင်ပေါ်မှာ အပြည့်ဘဲ...

ဒီတော့ဇာတ်ဆရာက ပေသီးခေါက်ပြီ...ကန်တော့ပွဲတွေထဲမှာကလည်း ပိုက်ဆံတွေ ဖွေးနေတာဘဲလေ..။ သူကလက်ဖွဲ့ ရောင်းကောင်းမှာလဲ သေချာသိနေတော့...သူကိုယ်တိုင်မကတော့ဘူး...ကျနော့်ဘက်လှည့်လာတာ။
အကြီးဆုံး ကိုကြီးကျော်နေရာက ကပြပေးပါတဲ့ ..ကျန်တာက လက်ထောက်နဲ့ ယိမ်းမင်းသား၃ယောက်ကမယ်တဲ့ ..။
ငြင်းလို့ လဲမရဘူး...ဦးက ဘာဖြစ်လို့ ကိုယ်တိုင်မကလဲမေးတော့ အလုပ်များလို့ တဲ့ ..။ညာတာ။။သိတယ်။
ကျနော်က နတ်မပင့်တတ်ဘူး...ပင့်လဲ ကြွမှာမဟုတ်ဘူး ပြောပြီး ငြင်းပါသေးတယ်..။ဟန်ဘဲလုပ်ပေးပါတဲ့ ။
ငြင်းမ၇တော့လဲ ကပေါ့..။
ညကျတော့ ဟို၃ယောက်ကတော့ အူမြူးနေတာပေါ့...ကြက်ပေါင်ဆွဲမယ်...အအေးချမယ်..အရက်မော့မယ်...ဂွင်ကြီးမိတယ်ပေါ့။
ရှေ့ မှာ ဇာတ်လမ်းခင်းပြီးလို့  နတ်တွေ ပင့်စာရွတ်တာနဲ့ ဘေးက ၃ယောက်ကတော့ တုန်တော့တာဘဲ...တစ်ကောင်မှ
နတ်မ၀င်ဘူး...သူတို့ က ညဦးထဲက တုန်ချင်နေကြတာ။
ပြီးတာနဲ့ နတ်ယိုင်ဒိုးနဲ့ ကတာပေါ့..မြူးနေတာဘဲ...ကိုယ့်မှာသာ သပြေပန်းစည်းလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဘဲ...မေ့ ပြီး သူတို့ ကတာကို ငေးနေတာ..။ကြည့်လို့ တော့ကောင်းသားဗျ။
ဒိမောင်တွေ နတ်ကတာနဲ့ အောက်က ရွာသားတွေကလဲ နတ်ခေါင်းပေါင်းကို ပိုက်ဆံတွေ လာဆက်တာ နည်းတာမဟုတ်ဘူး....
ဒါ သူတို့ ရမှာလေ...ကိုယ့်မင်းသားတွေ ပိုမြူးပြီပေါ့ အရက်လေးမော့လိုက် ၊ကြက်ပေါင်လေးဆွဲလိုက်နဲ့ ...
လှည့်ကနေရင်း ပရိတ်သတ်မကြားအောင် ကိုယ့်ကိုတောင် တိုးတိုးလေး ကပ်ပြောသွားသေးတယ်...
" အကို...၀င်ကတော့လေ..အကိုက အကြီးဆုံးနတ်ဘဲ...ရှယ်ကြီးနော်...အပီသာဆွဲ..." တဲ့ ...။
ကြည့်လို့ မှ မဆုံးသေးဘူး...ပွဲခင်းထဲက ရုတ်ရုတ်သဲသဲ ဖြစ်လာလို့ ကြည့်လိုက်တော့ သန်သန်မာမာ လူနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တုန်တုန်ယင်ယင်နဲ့ ဇာတ်စင်ပေါ်ခုန်တက်လာပြီး...ကြမ်းကြမ်းတမ်းတမ်းကို ကတော့တာဘဲ...။
က နေရင်းနဲ့ နတ်ကနေတဲ့ မင်းသားတွေကို မပြောမဆို ပါးဝင်ရိုက်တာဗျာ...ဖြန်းကနဲဖြန်းကနဲဘဲ...ပွဲခင်းတစ်ခုလုံးလဲ ရုန်းရင်းခတ်နေတာ။
ကိုယ့်ကောင်တွေထိုင်ရက် လဲတောင်ကျတယ်။ ခေင်းပေါင်းပုဝါတွေလဲ ကျွတ်ပြီး ရုပ်ပျက်ဆင်းပျက်ဘဲ...။
တက်လာသူတွေပါးစပ်ကလဲ...
" ဇီးတောကျော်ကွ"
" တောင်သမန်ကျော်ဟေ့"
" ကိုကြီးကျော်တဲ့ ဟေ့" ဆိုပြီး လဲနေတဲ့ မင်းသားလေးတွေကို ဆောင့်ကန်နေတာ..။
ကျနော်လဲ လန့် ပြီ...ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတာ...။
အဲဒီကျမှ လက်ဖွဲ့ အော်ရောင်းနေတဲ့ ဇာတ်ဆရာ ကားလိပ်ကြားထဲကနေ...ပေါ်လာတာ..သူလဲ ကြောက်နေတာ....။
" ဘာဖြစ်ကုန်တာလဲ...ဦး"
" ဟာ...ပုဂ္ဂိုလ်စစ်တွေ ၀င်လာတာ...မင်းသား ကိုကြီးကျော်ကို မြန်မြန်ပင့်တော့ ..သူက ခေါင်ချုပ်ဘဲ..လုပ်လုပ် မြန်မြန်ပင့်" တဲ့ ..။
မြန်မြန်ပင့်လို့ ၇တတ်လားဗျာ.....စက်ဘီးနင်းတာမှ မဟုတ်တာ...နတ်ပင့်တာပါဆိုမှ ။
နတ်ဝင်ဘို့ နေနေသာသာ...နတ်လာအောင်ဘယ်စာနဲ့ ခေါ်ရမှန်းတောင်မသိတာ..။
ဒါပေမယ့် စင်ပေါ်မှာ အခြေအနေက လုံးဝမကောင်းတော့ ပါးရိုက်ခံရဘို့ က ကိုယ်တစ်ယောက်ဘဲ ကျန်တော့တာ...ဒါတောင် သပြေပန်းစည်းလေးကိုင်ပြီး စင်ပေါ်က ဌက်ပျောပင်လေးကိုကွယ်ပြီး ရပ်နေလို့ ...။
ကိုယ့်ဘက်က ၃ကောင် ကျွေးလိုက်ရပြီ...။ ပရိတ်သတ် ထောင်သောင်းရှေ့ မှာ ခေါင်းဆောင်မင်းသား ပါးရိုက်ခံရလို့ တော့ မဖြစ်။
သူတို့ က ပုဂ္ဂိုလ်စစ်တဲ့ .....။
လာမလုပ်နဲ့  ဘယ်နတ်ဝင်ဝင်...တစ်ယောက်မှ မှတ်ပုံတင်ပါလာတာမဟုတ်ဘူး....။ ပါးစပ်ပြောဘဲရတာ..။
စက္ကန့် နဲ့ အမျှ စင်ပေါ်ဝဲယာမျက်စေ့ ကစားလိုက်တော့....တွေ့ ပြီ...။
နတ်အော်ပဒါကဘို့ ရွာတော်ရှင်အဘိုးကို ပင့်ဖိတ်ပြီး ဆက်ထားတဲ့ ရွာတော်ရှင်ဓါး....။
ဌက်ကြီးတောင်ဓါးလိုဘဲ အရှည်ကြီး...ထိုင်းက ၀ယ်လာတာတဲ့ ..ဓါးသွားပေါ် ဆံပင် တင်ရင်တောင်ပြတ်ကျတယ်ဆိုဘဲ...။
ဆုံးဖြတ်ချက်ချပြီးတာနဲ့  လွှားကနဲ ကန်တော့ပွဲတွေကို ခုန်ကျော်ပြီး...ကျနော် ဓါးကို ဆွဲယူပြီး...မွှေ့ ကစားရင်း....
" ဟိတ်" ဆိုအော်လိုက်ပြီး ပြန်ခုန်လိုက်တာ...။ဦးအောင်ဇေယျနယ်သားတဲ့ ဟေ့...။
ကျနော်လှုပ်တာနဲ့ အောက်က ဆိုင်းဆရာတွေကနပ်တယ်...နတ်ဆိုင်းကို မြူးနေအောင်တီးတော့တာ.....။
ကိုယ့်ကို ၀ိုင်းလာတဲ့ ကိုကြီးကျော် ၃ ယောက်လုံးကို ဓါးနဲ့ ကာပြီး ပါးကို အသားကုန် တစ်ဖြောင်းဖြောင်းနေအောင် တန်းစီပြီး ရိုက်ထည့်ပစ်တာ...။ကျနော်ကဖြစ်ချင်ရာဖြစ် ရင်းလိုက်တာ....။ ။
၃ ကောင်ကျွေးပြီး ၃ကောင်ပြန်ရိုက် ၊ ကင်းကြီးဝင်တဲ့ အကွက်...။
ဟိုနတ်၃ပါးလဲ ဘယ်လိုဖြစ်လဲ မသိဘူး...တုန်တုန်ရင်ရင်နဲ့ ကျနော့်ကို ဦးချပြီး စင်ပေါ်မှာဘဲ ခွေလဲ ကျသွားတာ...
ဒါတောင်တစ်ယောက်က ကျနော့်ဒူးခေါင်းကို ဖက်ပြီးမှ ထွက်သွားတာ...။
ဒါတောင် ရှေ့ နောက်စိတ်မချလို့ ဓါးကို အသားကုန်မွှေ့ ပြီး ဌက်ပျောပင်တွေ ပါ အပိုင်းပိုင်းဆွဲခုတ်ပစ်သေးတာ...နောက်ကျောမလုံလို့ ...။ တော်ကြာနောက်ကပါတ်တက်လာရင် ဘယ့်နှယ့်လုပ်မလဲ....။
အခြေအနေ အေးတယ်ထင်မှ ကိုယ်လဲ နန်န န့် ၊ နန်န့ န့် လုပ်ပြီး ဟန်လေးလုပ်ကရဲတာ...။
အောက်က ပိုက်ဆံတွေ လာဆက်တာတောင် စိတ်ကမအေးလို့ ...လက်လေးနဲနဲတုန်ပြီး ခွေချပစ်လိုက်တာ....။
ဆိုင်းကလဲ နတ်ပို့ ဆိုင်းလေးနဲ့ ပေါ့ဗျာ...။
ဇာတ်ရုံနောက်မှာတော့ မင်းသားငယ်၃ ယောက်နဲ့ ဇာတ်ဆရာ စကားတွေ များနေကြလေရဲ့ ...။
အဲဒီညက အဖေ့ကို သတိတွေရပြီး ကျေးဇူးတင်လိုက်တာ...။
ညက ကျနော်သုံးလိုက်တာ ၃ ကောင်ကျွေးပြီး ကင်းကြီးဝင်တဲ့ အကွက်လေ...။
..........x..........
ဟိုး....ရခိုင်မှာ ဖြစ်ခဲ့ တာက ပိုဆိုးသေးတယ်..။
ကျနော်တို့ အဖွဲ့ ကို ကြိုက်လို့  အဲဒီမြို့ က ပြန်ဌားတာ ဒါရောဆို ၃ ခါ ရှိပြီ...၉ ညပေါ့...။ဒီတော့ ဇာတ်လမ်းတွေက ထပ်ပြီပေါ့...။
ပြဇာတ်အသစ်ရေးရတာ၊ ပြဇာတ်တိုက်ရတာက ပင်ပန်းတယ်...။
ဒီကြားထဲ အော်ပဒါ က စီစဉ်ရသေးတယ်...။ ဒီညတော့ ဇာတ်ဆရာ အကြံပေးလို့ " ပုပ္ပါးမယ်တော် သားနှစ်ဖော်"
တောင်ပြုန်းညီနောင် အော်ပဒါ ကဘို့ စီစဉ်တာပေါ့...။
ကျနော်က အဖြည့်သဘောနဲ့ ကိုဗျတ္တနေရာက ...ကမှာ..။ သူငယ်ချင်း ဇင်မက ပုပ္ပါးမယ်ဝဏ္ဏ..။
လက်ထောက်မင်းသားငယ်ဖြစ်တဲ့  နိုင်အောင်နဲ့ အောင်ဆန်းမင်းက တောင်ပြုံးညီနောင်...ဖျဉ်းကြီး ဖျဉ်းလေး..။
ကျနော့် တပည့်ကျော်ကြီး ( ပြဇာတ်တုန်းက ကြိုးဆွဲချတုန်း ကြိုးဖြုတ်မှားတဲ့ ကျေးဇူးရှင်) မောင်မောင်က မင်းကျန်ရစ်။( တစ်ချို့ က မင်းကျန်စစ်နဲ့ မှားတယ်) သူကလဲ ဘုန်းကြီးလူထွက်ဆိုတော့ စာစကားများများပြောနိုင်တယ်...။
ဒါတောင်သူက ဒိနေရာက မက ချင်ဘူး...တောင်ပြုန်းမင်းနေရာဘဲ ကချင်တယ် လုပ်သေးတာ...။ ကျနော်က ဟို၂ ယောက်က ငယ်တယ်...ခင်ဗျားက အသက်နဲနဲ ကြီးတယ်...မင်းကျန်ရစ်နေရာက အခန့် က ဆိုတော့ ကုန်း( လူကြမ်းဆန်ဆန်) နေရာမို့  မကချင်ဘူးလုပ်နေတာ...။
မဟုတ်ပါဘူး....တစ်ကျပ်ဝန်....၀န်နီက လူကြမ်း...၀န်စိမ်းက နောက်လိုက်....မင်းကျန်ရစ်က ဇာတ်ပို့ ဘဲ ဆိုပြီး အတင်းရှင်းပြရတာ..။
နောက်ဘယ်လိုမှ ငြင်းမရလို့ ကတာ...။သူ့ အဖေကတော့ ကျရာနေရာက ကပေါ့...လို့ ဝင်ပြောပေးတယ်...။ကိုမောင့်အဖေက နှဲဆရာ သိပ်တော်တာ...နှဲ၂ လက်ကို ပါးစပ်ထဲမှာ တစ်ပြိုင်တည့်ထည့်မှုတ်နိုင်တယ်...လက်တစ်ဖက် နှဲတစ်လက်ဘဲ...။ ရွှေတ့ဆိပ်ရ...။
သူ့ ခေါင်းကတော့ အမြဲတန်း ကတုံးကို ပြောင်နေအောင်ရိတ်ထားတာ...။ ပညာတတ်ပေမယ့် လူကပ်...လူတတ်ဗျ..။
ဒီလိုနဲ့  ညရောက်တော့ ကရော ဆိုပါတော့ ..ကိုယ်က အစပိုင်းဘဲ ပါတာလေ...ကိုဗျတ္တ သေပြီးတော့ ကိုယ့်အခန်းပြီးပြီဆိုတော့
အေးဆေးပေါ့...။ ကျန်တာ သူတို့ ဆက်က မှာ...။
ကိုယ့်အခန်းမှာလဲ ဂစ်တာတီးတဲ့  ၀ိုင်းခေါင်းဆောင် ကိုရွှေမြိုင်နဲ့  အတူ...ကောင်မလေးတွေနဲ့ ကြူနေတာလေ....။
ခဏနေတော့ ဇာတ်ဆရာ အခန်းထဲ ပြေးဝင်လာပြီး...
" ဝေ့...သား၊ ကြည့်လုပ်ဦးဝေ့...ဇာတ်စင်ပေါ်မှာ သတ်နေကုန်ရာ" ဆိုပြီး လာပြောပါရော....
" ဘာဖြစ်တာလဲ...ဘာဘာ( အဖေ) "
" ဟို၂ယောက်ကတော့ ဟိုနတ် ၂ယောက်ဘဲ...မောင်မောင်က ဇာနတ်ဝင်လဲ မသိရာ.....ဟို မန်းသားချေတွေ သေဘို့ ရာ...
သူရိုက်နေရာဝေ့"
စင်ပေါ်တက်ကြည့်တော့......
ဟာ....ဘာလဲ...။
ပုပ္ပါးမယ်တော်နဲ့ သား၂ပါးဘဲ ၀င်ကြွရမှာ...ကိုမောင်က ဘာနတ်ဝင်လို့ တုန်ပြီး တောင်ပြုန်းညိနောင်ကို လှိမ့်ကန် လှိမ့်ရိုက်လုပ်နေတာလဲ...။ ဟို၂ယောက်လဲ လိမ့် နေတာဘဲ..။လွန်လွန်းတယ်ဗျာ...ပါးနားရိုက်ပြီး လဲနေတဲ့ နိုင်အောင်ကို ရင်ဘတ် ဆောင့်နင်းနေတာ...
ဒါနဲ့ ကိုယ်လဲ ကားလိပ်ကြားထဲကနေ.....
" ဟေ့....ကိုမောင်..ဘာလုပ်နေတာလဲ...၇ပ်တော့"
အံမယ် ကိုယ်တော်က ခေါင်းမှာလဲ ပ၀ါနီ ၊ ရင်ဘတ်မှာ ပုဝါစိမ်း၊ လက်မှာက လှံကြီးနဲ့ .....မျက်လုံးကြီး ပြူးပြီး ကျနော့်ကို လက်ညိုးထိုးပြီး လှမ်းအော်တယ်....
" ငါ...ကျန်စစ်သားနတ်...ဟေ့" တဲ့ ။

ကြားမကြားဘူးပေါင်ဗျာ...ကျန်စစ်သားနတ်လို့ ...ပုဂံရာဇ၀င် တုတ်ထမ်းပြီး ပြောရမယ်လို့ စာဆိုရှိပေမယ့် ၊ သူရဲကောင်းကျန်စစ်သား
နတ်ဖြစ်သွားတယ်လို့ တစ်ခါမှ မကြားဘူးပါဘူး...။
တစ်ချက်စဉ်းစား ကြည့်လိုက်မှ အဖြေပေါ်တာ....။ ကျနော့်ကိုရွှီးလို့ ရမလား...ကိုမောင်ရယ်။
ခင်ဗျား...ဘုန်းကြီး လူထွက်ဖြစ်ပြီး...နတ်သမိုင်းမှ မကျေတာ....။ ညနေကတည်းက တောင်ပြုန်းမင်းနေရာက မ က" ရလို့  ခင်ဗျားတင်းပြီး...
ပယ်ပယ်နယ်နယ် သမနေတာ...သိတာပေါ့....။
ဒေါသကလဲထွက်လာတယ်...။ ကိုယ်သင်မှ မင်းသားဖြစ်၊ ကိုယ်တင်မှ စင်ပေါ်ရောက်....။
ကိုယ်ဇာတ်စီးပေးလို့ ဒီအော်ပဒါ ကရတာ...ကိုယ့်ကို လာပါတ်နေသေးတယ်...။
လှေကြီးပေါ်မှာ လှေငယ်တင်၊ ဇာတ်ကြီးပေါ်မှာ ဇာတ်လေးလာထောင်တာ...။
ကိုရွှေမြိုင်လက်ထဲ မိုက်ခ် ထည့်ပေးပြီး...မှာစရာရှိတာ..မှာရင်း....
" ဟိတ်...မင်းတို့ ပုဝါ စတွေ ငါ့ကို ပေးစမ်း " နီးရာ ယိမ်းမင်းသမီးလေးတွေဆီက ပုဝါနှစ်စယူပြီး...
တစ်စကို ရင်မှာစည်း...တစ်စကို ခေါင်းမှာပတ်လို့ ...သံလျှက်ကိုဆွဲယူပြီး...ကိုရွှေမြိုင်ကို အချက်ပေးလိုက်တာနဲ့ ...
" မိုး..းးးး" ဆိုတဲ့ အသံကို ဟိန်းနေအောင် အော်လိုက်တော့...အောက်က ဆိုင်းဆရာတွေလဲ ယောင်တောင်ပေါင်တောင်နဲ့ နတ်ပင့်ဆိုင်းတီးတော့တာပေါ့...သူတို့ လဲ နတ်တွေများပြီး အပေါ်မှာ တစ်ကယ်ဆော်နေလို့ လန့် နေတာ....
မိုးးးးး ဆိုတာ ဇာတ်အထာနဲ့  နတ်ပင့်ဆိုင်းတီးဘို့ အချက်ပေးတာ...။
နတ်ပင်းဆိုင်းဆုံးလို့ ပါတ်မကြီး တဗိန်းဗန်းတီးနေတုန်း.........
" အနော်ရထာ နတ်တဲ့ ဟေ့................." လို့ ကိုရွှေမြိုင်အော်တာနဲ့ ...

ကိုယ်လဲ တစ်ပါတ်ကျွမ်းပစ်ပြီး လွှားကနဲ ခုန်ဝင်သွားတော့ ကျန်စစ်သားနတ် ကြောင်ပြီး ကြည့်နေတုန်း....
သူ့ ရင်ဘတ်ကို ဖလိုင်းကစ်နဲ့ တွန်းကန် ကန်ပစ်လိုက်တာ ကျန်စစ်သားနတ် ကိုမောင် ဇာတ်စင်ထောင့် ကိုလွင့်ပြီး ခွေလဲသွားတာ...။
ကိုယ်ကလဲ ခြေမြန်လက်မြန် သူကျနေတဲ့ လှံကိုပါ ကောက်ယူပြီး...သူ့ ရင်ဘတ်တက်နင်းရင်း ...
" သားတော်...ကျန်စစ်သား...နတ်နန်းကို အမောင် ပြန်ဘို့ အချိန်ကျလေပြီ....ယခုပြန်လျှင်ပြန်...မပြန်ရင် ခမည်းတော် ထပ်ပြီးဆုံးမ
ရတော့မယ်...." ဆိုမှ...
...အောင်မယ်...ငိုမဲ့ ငိုမဲ့နဲ့ ကျန်စစ်သားနတ် ပြန်ကြွသွားတယ်ပေါ့လေ...တုန်တုန် တုန်တုန်နဲ့  ကန်တော့ပြီး ခွေလှဲချလိုက်တာ...။
ကိုယ်လဲ မဆီမဆိုင်ပြီးတာနဲ့ ဘေးနားမှာ ခပ်ကြောက်ကြော်ရပ်ကြည့်နေတဲ့  ပုပ္ပါးမယ်တော် ပုခုံးကို ဆွဲဖက်ပြီး.....
" အနော်ရထာနတ်တဲ့ ဟေ့....." လို့ အော်ရင်း ကားချဘို့ အချက်ပေးလိုက်၇တာ...
ကိုယ်လဲ မြန်မြန်သိမ်းမှ...။ နဲဆရာက မကြည်တဲ့ အကြည့်နဲ့ ကြည့်နေတာ သိတယ်...။
သူက ဆံပင်တစ်မွှေးမှ ရှိတာမဟုတ်...။ ကတုံးကြီး..။
သူသားက ကျန်စစ်သားနတ်ဆိုတော့ ကိုယ်က သူ့ ထက်ကြီးတဲ့ အနော်ရထာနဲ့ ဝင်သမ ထားတာ...။
ဇာတ်ထဲမှာကလဲ ဇာတ်သုံး သင်္ကန်းတွေ က ပေါပါဘသိနဲ့ ....။
တော်ကြာ.....
" ရှင်အရဟံ...ရဟန်းကြွလာတယ်ဆိုပြီး..ကိုယ့်ကို ပါးဝင်ရိုက်နေရင် ကိုယ်ခံရမှာ....။
ပုဂံ ရာဇ၀င်ကို မောင်ဆူးတို့ က သိပြီးသား...အဟေးးးဟေးးးး။
ပြဇာတ်ပြီးတော့ ကိုရွှေမြိုင်က ပြောတယ်...
" ဇော်...မင်း..သမ လိုက်တာ နည်းနည်း အရှိန်များတယ်ကွ...မင်းလူ အခုထိခွေပြီး ငိုနေတုန်းဘဲ"
"ကျနော်လဲ စိတ်မကောင်းပါဘူး...မရည်ရွယ်ပါဘူး..."
" သူ့ အဖေနဲဆရာ..မင်းကို တင်းနေတယ်..ဘယ်လိုပြောမလဲ"
" အို...နတ်ဝင်သွားတာ..ကျနော်တောင်မသိလိုက်ဘူးဘဲ ပြောရမှာပေါ့..."
" မင်းကလဲ.....အဘိုးကြီးက စာတတ်တယ်နော်...အနော်ရထာနတ် လို့ မှ မရှိတာ"
" ကျန်စစ်သားနတ်ရော...ကြားဘူးလို့ လား..."
" အေး...အဘိုးကြီးက မနက်ကျ စာရင်းရှင်းမယ် ပြောနေတယ်...မင်းကြည့်လုပ်ဦး"
" ရတယ်....သမိုင်းမှာ...ဟာကွက်ရှိတယ် မပူနဲ့ ...ကဲလုပ်..ခဏနေ နှစ်ပါးသွားထွက်ရမှာ..."
..........
ထင်တဲ့အတိုင်းပါဘဲ မနက်မိုးလင်းလို့ မိတ်ကပ်ဖျက်ပြီိးတာနဲ့ နှဲဆရာက ဇာတ်ဆရာကို အစည်းအဝေး ခေါ်ပေးဘို့ လုပ်တော့တာ...
တစ်ဖွဲ့ လုံး လူစုံပါဘဲ...။အဓိက က ကျနော့်ကို တည်တာပေါ့....။
" နေပါဦး...မင်းသားရဲ့ ...ညက အော်ပဒါကတော့.. နောက်ဆုံး ၀င်ကြွလာတာ အနော်ရထာနတ်လို့ ကြားလိုက်လို့ ပါ"
" ဟုတ်ပါတယ်...ဦး"
" ကျုပ်ဇာတ်ထဲ လိုက်ပြီးနှဲမှုတ်လာတာ ကြာပြီ...ခြေသလုံးကို တုတ်နဲ့ ရိုက်ရင်တောင် စည်တိုသံ ထွက်နေပြီ...အနော်ရထာနတ်လို့ တခါမှ မကြားဘူးပါဘူး...."
" နတ်က သူ့ ဘာသာ...၀င်လာတာဗျ..."
" ကျုပ်သိတာက အနော်ရထာဆိုတာ ပုဂံပြည်ကို ရှင်အရဟံ ကျေးဇူးနဲ့ သထုံကနေတစ်ဆင့် ဗုဒ္ဓဘာသာပြန့် ပွားလာအောင်လုပ်ခဲ့တဲ့ဘုရင်ဘဲ..."
" ဟုတ်တာပေါ့..."
" ဘုရားတွေ ဆိုလည်း တည်ထားလိုက်တာ...လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း လို့ တောင် မှတ်သားရတာ မဟုတ်လား..."
" မှန်တာပေါ့ ဦးရယ်..."
" ဒီလောက် ဘုရားတွေ လက်ညိုးထိုးမလွဲ တည်ထားတဲ့ မင်းက အယူတိမ်းပြီး နတ်စိမ်း ဖြစ်နိုင်ပါ့မလား"
" ဦးက ဘုရားတွေတည်တာဘဲ ကြည့်တာကိုး.....ဘုရားတည်တယ်ဆိုတာ သာသနာပြုခြင်း အစစ်အမှန်မဟုတ်ဘူး....ဘုရားသာသနာပြုတယ်ဆိုတာ...ဘုရားစေတီတွေတည်တာနဲ့ မပြည့်စုံဘူး....နောက်ပြီး....အနော်ရထာမင်းကြီး သာသနာ
သန့် ရှင်းတယ်ဆိုပြီး....တစ်ချို့ ကိုထောင်ချ နတ်တွေကို လှောင်ထား၊ နဲ့ မကျေနပ်သူတွေရှိခဲ့ တယ်.."
" အင်း......"
" ပုဂံခေတ်က ကျောက်စာတွေ အများကြီးဘဲ...ကျန်စစ်သားရဲ့ သားဖြစ်တဲ့ ရာဇကုမာရ ကျောက်စာက အစ ရှိတယ်..."
"အင်း....."
" ဒီနေ့ ခေတ်မှာ ဘုရင် မဟုတ်တဲ့ သာမန်အရပ်သားဖြစ်တဲ့ အနာဂမ် ဆရာသက်ကြီးတို့  ၊ အနာဂမ် ဒေါ်ငွေဘုံတို့ ကိုတောင် ခုခေတ်
စာရေးဆရာတွေက စာအုပ်တွေ ရေးပြီးမှတ်တမ်းတင်ကြတယ်..."
" အဲဒါနဲ့  အနော်ရထာ ဘာဆိုင်လို့ တုန်း...."
" ဆိုင်ပါသော်ကောဦးရယ်.....အနော်ရထာလောက် ဘုရားတွေ မတည်ပေမယ့် တရားကို တစ်ကယ်ကျင့်လို့ အနာဂမ်ဖြစ်သွားတာကို တိုင်းပြည်က အသိအမှတ်ပြုတယ်...."
" အင်း.."
" တိုင်းခန်းလှည့်ရင်း...ထီးချက်စောင့်နတ်က ကျွဲယောင်ဆောင်ပြီ်း ၀င်ခတ်လို့  အနော်ရထာ ကျွဲခတ်ခံရပြီး အစိမ်းသေ သေခဲ့ တယ်...
ဘုရားတွေ တည်ခဲ့ ပေမယ့်လို့ ....ပုဂံတပြည်လုံးက ကျောက်စာတွေထဲမှာ အနော်ရထာ ဘုရင်ကြီး သောတာပန် ဖြစ်သွားတယ်လို့ များ ကြားဘူးလား.....အနာဂမ်ဖြစ်သွားတယ်လို့ များကြားဘူးလို့ လား..."
" အင်း...ဒါတော့ မကြားမိပါဘူး....."
" သူသာ...ဘုရားတွေတည်သလောက် တရားကျင့်ခဲ့ရင် ဗျာ...တစ်တိုင်းပြည်လုံး...အုပ်ချုပ်နေတဲ့ ဘုရင်ကြီးဘဲ...
တိုင်းသူပြည်သားက ကျောက်စာ မရေးဘဲ နေမတဲ့ လား..."
" အင်းးးးးး"
" ကျနော် ထင်တယ်...တိုင်းခန်းလှည့်နေရင်း...သူက ဘုရင်ကြီးဟေ့ ဆိုတဲ့ မောဟ ၀င်နေချိန်မှာ ကျွဲဝင်ခတ်လိုက်တော့...
တရားသတိရှိမှာ မဟုတ်ဘူး...ဒါကြောင့် အစိမ်းသေနဲ့ သေပြီး ညက နတ် အဖြစ် ၀င်ကြွလာတာ ဖြစ်နိုင်တယ်...ဦးရဲ့ "
" အေးပေါ့လေ......ဒါလဲ ဖြစ်လောက်ပါရဲ့ ..."
ပြီးတာနဲ့ နှဲဆရာသားအဖလဲ ပါးစပ်က ပွစိပွစိနဲ့ တပ်ဆုတ်သွားရော...။
....................
အစည်းအဝေးကတော့ အောင်မြင်စွာပြီးသွားပါပေါ့....။ သူကချည်လာတော့ ကိုယ်ကလဲ ပြန်ချုပ်၇တာပေါ့...။
အနော်ရထာကိုတော့ အားနာပါရဲ့ ...
တော်သေးတယ် ကိုယ်က စာဖတ်လို့ ....။
ဒါကြောင့် သမိုင်းဆရာကြီး ဒေါက်တာ ဦးသန်းထွန်းကပြောတာ...
" သမိုင်းသင်တာ...မအ အောင်...." တဲ့ ..။
ကျနော် လက်ခံတယ်...ကျနော်တို့ က သမိုင်းလိမ်တွေကြားမှာ ကြီးခဲ့ ရတာ...ရှေးက သမိုင်းတွေကိုး။။
ခုတော့ သမိုင်းက ပြောင်းလာပြီ...ခေတ်က ပြောင်းလာပြီ...။
ကျနော့် သားသမီးတွေ အလှည့်....သူတို့ တွေ မအ အောင် ၆၂ ခု သမိုင်းကနေ ဒီနေ့ သမိုင်းအထိ သေချာ ပြောပြရတာ...။
ကလေးတွေ သမိုင်း မအ" ရအောင်ပေါ့...။
ဟိုတုန်းကတော့ နှဲဆရာ သားအဖရန်အတွက်အေးအောင် ပြောခဲ့ရတာ...။
အခု ဒီစာရေးနေရင်းမှ ပြန်တွေးကြည့်နေတာ....
ဟုတ်တော့ဟုတ်သား.....
တိုင်းပြည်အုပ်ချုပ်ဘုရင်လုပ်ရင်း၊ ဘုရားတွေ တည်ခဲ့တဲ့ အနော်ရထာဘုရင်ကြီး.....
သောတာပန်ဖြစ်တယ်လဲမကြား....
နတ်ပြည်ရောက်တယ်လဲ မကြား....
ပြောရမယ်ဆို နောက်ပိုင်း သမိုင်းကို ပျောက်သွားတာ...။

သစ်နက်ဆူး

You received this email because you are subscribed to the real_time feed for http://thitnetsue22.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.