Saturday, November 29, 2008

[ဆုံဆည်းရာ] 6 New Entries: ကူဝိတ်နှင့် မြောက်ကိုရီးယားတွင် မြန်မာသံရုံးဖွင့်ရန် ကြိုးပမ်း

ကူဝိတ်နှင့် မြောက်ကိုရီးယားတွင် မြန်မာသံရုံးဖွင့်ရန် ကြိုးပမ်း

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

ကူဝိတ်နှင့် မြောက်ကိုရီးယားနိုင်ငံများတွင် မြန်မာသံရုံးများဖွင့်နိုင်ရန် မြန်မာစစ်အစိုးရ ကြိုးပမ်းနေပြီး အဆိုပါ ကိစ္စများ ဆောင်ရွက်နိုင်ရန် မကြာခင် မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတဦးကို အဆိုပါနိုင်ငံများသို့ စေလွှတ်ဖွယ်ရှိသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကူဝိတ်နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး မကြာခင် ကူဝိတ်နိုင်ငံတွင် မြန်မာ သံရုံးဖွင့်ရန် စစ်အစိုးရဘက်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီစဉ်အတွင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ကူဝိတ်နိုင်ငံမှ ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ကူဝိတ် ဘဏ္ဍာရေး ၀န်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရဆက်ဆံရေးမှာ အထူးလျှို့ဝှက်ပြီး ၂၀၀၇ ခုနှစ်မှစပြီး သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ခဲ့သည်။

သက်ကျားအို စစ်အစိုးရ ဝန်ကြီး (၄) ဦးကို နိုင်ငံရေးဘက်ပို့မည်

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

အသက်ကြီးသည့် နေပြည်တော်ဝန်ကြီး (၄) ဦးကို မကြာခင် နိုင်ငံရေးဘက် ပြောင်းတော့မည်ဟု ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါဝန်ကြီး (၄) ဦးမှာ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း၊ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီနှင့် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းတို့ဖြစ်သည်။

သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်း အောင်ဆိုလျှင် နိုင်ငံရေးဘက်ပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင်ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီဆိုလည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး ကေအန်ယူထံ လက်နက်ချ

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်စခန်းသို့ မကြာခင်က လာရောက်ပူးပေါင်းခဲ့ကြသည်။

အဆိုပါ စစ်သည် (၃) ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ယမန်နေ့က ရောက်ရှိလာခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) လက်အောက်ခံ၊ ရှေ့တန်းစခန်း တပ်ရင်း (၁၆) သို့ ယခုလ (၁၁) ရက်နေ့က ရောက်ရှိလာကြသူများ ဖြစ်သည်။

လာရောက်ပူးပေါင်းကြသည့် စစ်သည်များမှာ ကေအန်အယ်လ်အေ တပ်မဟာ (၆) အခြေစိုက်ရာ ဘုရားသုံးဆူဒေသအတွင်းရှိ မြန်မာစစ်တပ် ခလရ (၂၀)၊ အနန်းကွင်းဗျူဟာ လုံခြုံရေးတပ်ဖွဲ့မှ ဒု-တပ်ကြပ် အောင်ကိုဦး (ကိုယ်ပိုင်အမှတ် တ/ ၂၆၈၆၄၀)၊ ဒု-တပ်ကြပ် စိန်ကြာထွန်း (ကိုယ်ပိုင်အမှတ် တ/ ၈၆၆၇၆၁) ဒု-တပ်ကြပ်မောင်ဋ္ဌေး (ကိုယ်ပိုင်အမှတ် တ/၂၆၈၀၃၆) တို့ ဖြစ်ကြသည်။

ယမန်နေ့က တပ်မဟာ (၆) လက်အောက်ခံ တပ်စခန်းတခုသို့ ရောက်ရှိလာသည့် အဆိုပါ စစ်သည် (၃) ဦးက မြန်မာစစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုမျိုးစုံနှင့် အထက်ကပေးသည့် အမိန့်အတိုင်း လူထုဆန့်ကျင်ရေးလုပ်ငန်းများ နေ့စဉ်လုပ်နေကြရသည်ကို ဆက်လက်မလုပ်ကိုင်လိုတော့သဖြင့် ယခုကဲ့သို့ တပ်ကိုစွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ အလားတူ တပ်ကိုစွန့်ခွာလိုသည့် စစ်သည်များလည်း အများအပြားရှိ သည်ဟု ၎င်းတို့ လာရောက်ရခြင်းအကြောင်းကို ရှင်းပြခဲ့ကြသည်။

၎င်းတို့နှင့်အတူ M-79 (၁) လက်၊ MA-11 (၃) လက်၊ D6M စကားပြောစက် (၁) လုံး ပါရှိပြီး ၎င်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) မှ လက်ခံကူညီစောင့်ရှောက်ထားသည်။

လာရောက်ပူးပေါင်းကြသည့် မြန်မာစစ်သည်များနှင့် ပတ်သက်၍ တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက "ကျနော်တို့ကတော့ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ တော်လှန်ရေး ဆက်လုပ် ချင်ရင်လည်း ခွင့်ပြုတယ်။ သာမန်အရပ်သားလို နေထိုင်သွားမယ်ဆိုရင်လည်း ကူညီပေးတယ်။ ဒီထက်တဆင့် တတိယနိုင်ငံတို့ ဘာတို့ သွားမယ်ဆိုလို့ရှိရင်လည်း သူတို့ဆန္ဒအတိုင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု ခေတ်ပြိုင်သို့ပြောသည်။

ဒေါက်တာစင်သီယာမောင် အမိမြေကိုယ်စား အလုပ်လုပ်သူများဆုရ

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈



ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စားအလုပ်လုပ်သူများဆုကို ယခုနှစ်မှစပြီး ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်အား ရွေးချယ်လိုက်သည်။

အဆိုပါဆုသည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် တိုင်းပြည်သို့ မိန့်ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည့်ဆုဖြစ်ပြီး ထိုင်းနိုင်ငံ (၇၆) ခရိုင်တွင် ခရိုင်တခု လျှင် တယောက်နှုန်းဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ (၇၆) ဦးအား အမိမြေကိုယ်စားအ လုပ်လုပ်သူများ ဆုကို ယခုနှစ်မှစတင်၍ ပေးအပ်မည်ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် "လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်" ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထား သည်။

ဆုချီးမြှင့်ခြင်းခံရသူ ဒေါက်တာ စင်သီယာမောင်က "ထိုင်းနိုင်ငံမှာနေတာ နှစ် (၂၀) ရှိပါပြီ။ ထိုင်းနိုင်ငံသားမ ဟုတ်ပေမယ့် ထိုင်းကအသိအမှတ်ပြုပြီး ဒီဆုကိုပေးတာဖြစ်တယ်။ ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူမျိုး ခွဲခြားမှုမရှိဘဲ အသိအမှတ်ပြုအားပေးတဲ့အတွက် ထိုင်းနဲ့မြန်မာ လူထုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည် မှုတွေ ပိုပြီးရလာမယ်၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန် တိုးတက်လာမယ်လို့ မြင်ပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုင်းတနိုင်ငံလုံး ယခုဆုရရှိသူ (၇၆) ဦးတွင် သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် လူထုအကျိုးပြုလုပ် ဆောင်သူများကို အဓိကထား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများထဲတွင် ဒေါက်တာစင်သီယာ မောင် အပါအဝင် နိုင်ငံခြားသား (၃) ဦးပါရှိသည်။ ဆုရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများအရ ထိုင်းနိုင်ငံ သားများဖြစ်ရမည်ဆိုသော်လည်း အသက် (၁၅) နှစ်အထက် ထိုင်းနိုင်ငံတွင် အနည်းဆုံး (၅) နေထိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားများလည်း အကျုံးဝင်သည်။

ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဆုရရှိ သူများအား ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်၏ ဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရင်မ်တင်လဆူနွန်ဒ်က ဆုချီးမြှင့်ပေးမည်ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုရရှိ မည့် ဆုအပါအဝင် နိုင်ငံတကာမှ ချီးမြှင့်ထားသည့် ဆုပေါင်း (၁၅) ဆုရရှိထားပြီးဖြစ်သည်။ ယခုရရှိသည့် အမိမြေကိုယ်စား အလုပ်လုပ်သူများ ဆုသည် ဆရာမ စင်သီယာမောင် ထိုင်းနိုင်ငံတွင် နေထိုင်သည့် အနှစ် (၂၀) ကာလအတွင်း ထိုင်းနိုင်ငံမှပေးအပ်သည့် ပထမဆုံးဆုဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် ဒေါက်တာ စင်ဒီယာမောင် လည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် လူ (၆) ဦးဖြင့် လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းသည် ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသအတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိသည်။ ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာနများဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။

အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြုကြသည်။

အာဏာသိမ်းမည့် သတင်းများ ဘန်ကောက်တွင် ပျံ့နှံ့ လွှတ်တော်ဖျက်ဘို့ စစ်တပ်က ရာဇသံပေး

NEJ/ ၂၇ နိုဝင်ဘာ ၂၀၀၈

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်နှင့် ထိုင်းအစိုးရအကြား သဘောထားကွဲလွဲမှုများ ရှိသော်လည်း ထိုင်းအစိုးရအနေဖြင့် ဗိုလ်ချုပ်ကြီး အာနုပေါင်အား ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်ချက်မရှိဟု ထိုင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တဆက်တည်း၌ပင် စစ်သားများအား ဘားတိုက်တွင် နေကြရန် ထိုင်းအစိုးရက မေတ္တာရပ်ခံထားသည်။ သို့သော် ကြာသပတေးနေ့ည သန်းခေါင်မတိုင်မီ လွှတ်တော်ဖျက်သိမ်းပေးမလား သို့မဟုတ် အာဏာသိမ်းမှုကို ရင်ဆိုင်မလားဟု ဆွန်ချိုင်းအစိုးရကို ဗိုလ်ချုပ်ကြီး အာနုပေါင်က ကြိတ်ပြီးရာဇသံပေးထားသည်ဆိုသည့် ကောလာဟလများလည်း ပျံ့နှံ့နေသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း တည်ငြိမ်အေးချမ်းမှုအခြေအနေရရှိစေရန်အတွက် အရေးပေါ်အမိန့်ထုတ်ပြန်ရေးကိစ္စကို အရေးပေါ်ဝန်ကြီးအစည်းအဝေးက စဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် ပြုတ်သွားသည့် ၀န်ကြီးချုပ်စမတ်လက်ထက်တွင် စတင်ခဲ့သည့် ဆန္ဒပြမှုသူများ ၀န်ကြီးချုပ်ရုံးသိမ်းပိုက်မှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သော်လည်း ထိုင်းစစ်တပ်က လက်ရှောင်နေခဲ့သည်။ ယခုလည်း အရေးပေါ်အခြေအနေကြေညာသည့်တိုင် ထိုင်းအစိုးရမျှော်မှန်းသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုရရန် မသေချာဟု ဘန်ကောက်မြို့ခံအချို့က ယူဆသည်။

ထိုင်းနိုင်ငံရေးအခြေအနေ တင်းမာနေသည့်အလျောက် အစိုးရရုံးများမှ ၀န်ထမ်းများအား အလုပ်ခွင်မှ စောဆင်းခွင့်ပြုထားသည်။

ဘန်ကောက်မြို့ရှိ အဓိက လေဆိပ် (၂) ခုကို ဆန္ဒပြသူများ သိမ်းထားသော်လည်း ဒီဇင်ဘာ ဒုတိယပတ်အတွင်း ချင်းမိုင်တွင်ကျင်းပမည့် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို စီစဉ်ထား သည့်အတိုင်း ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tharit Charungvat က ပြောသည်။

သို့သော် ချင်းမိုင်အာဆီယံထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းရန်စဉ်းစားနေကြောင်း ဂျာမနီနိုင်ငံတွင် သောင်တင်နေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong Amornwiwat က ပြောသည်။ ဘန်ကောက် ဆူဝမ်နဖုန် (သူဝဏ္ဏဘူမိ) လေဆိပ်ကို ဆန္ဒပြသူများ စီးထားသည့်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong ဂျာမနီနိုင်ငံတွင် သောင်တင်နေခြင်းဖြစ်သည်။

မွမ်ဘိုင်းစီးနင်းမှု အဆုံးမသတ်နိုင်သေး

ဗွီအိုအေ၊ နိုဝင်ဘာလ ၂၈ ရက် ၂၀၀၈

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ မွမ်ဘိုင်းမြို့မှာ မကြုံစဘူး ဇိမ်ခံဟိုတယ်ကြီးနှစ်ခုနဲ့ ဂျူးလူမျိုးတွေ စုဝေးရာ အဆောက်အဦးတခုကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီး တရက်အကြာမှာ အိန္ဒိယစစ်တပ် အထူး တပ်ဖွဲ့က အဲဒီ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဂျူးလူမျိုးတွေစုဝေးရာ အဆောက်အဦထဲကနေ အနည်းဆုံး ဓားစာခံ ၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယတာဝန်ခံတွေက ပြောပါတယ်။

သေနတ်သမားတွေ တိုက်ခိုက်ခဲ့တဲ့ တာ့ခ်ျမဟာ နန်းတော် (Taj Mahal Palace) ဟိုတယ်နဲ့ အိုဘရိုင်း ထရိုင်းဒန့် (Oberoi-Trident)ဟိုတယ်က လူတွေတော်တော်များများကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အထူးတပ်ဖွဲ့က ဟိုတယ်အထပ်တွေကို တထပ်ချင်းစီ ၀င်ရောက်ရှာဖွေ ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဟိုတယ်နှစ်ခုမှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အိုဘရိုင်းဟိုတယ်မှာ မီးလောင်ခဲ့ပါတယ်။ တာ့ခ်ျမဟာနန်းတော်ဟိုတယ်မှာလည်း မီးတောက်တွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့ညနေက မွမ်ဘိုင်းမြို့တခွင်က နေရာ အနည်းဆုံး ၁၀ နေရာမှာ လက်နက်ကိုင်တွေက စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ နိုင်ငံခြားသားတွေ အပါအ၀င် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို ပိပိရိရိ စနစ်တကျ တိုက်ခိုက်ခဲ့တာဟာ နိုင်ငံပြင်ပက ကြိုးကိုင်စီစဉ်ခဲ့တာ ဖြစ်ဖို့များတယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဂ် (Manmohan Singh) က ပြောဆိုလိုက်ပါတယ်။ ဘယ်နိုင်ငံရယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အိမ်နီးချင်းတွေရဲ့ ပိုင်နက်နယ်မြေကို အသုံးချပြီး အကြမ်းဖက်တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ သည်းခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အဲဒီဟိုတယ်နှစ်ခုမှာ တည်းခိုနေကြတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေကို သေနတ်သမားတွေက ရှာဖွေခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နောက်သက်သေ တယောက်ကတော့ သေနတ်သမားတွေက ဘယ်သူရယ်လို့မဟုတ်ဘဲ မြင်မြင်ရာကို
ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အဲဒီသေနတ်သမားတွေက မွမ်ဘိုင်းမြို့ကို မော်တော်ဘုတ်နဲ့ အရောက်လာခဲ့တာ ဖြစ်ဖို့များတယ်လို့ အာဏာပိုင်တွေက ယူဆနေကြပါတယ်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.