Saturday, November 29, 2008

[Programmer's Diary] 1 New Entry: Our Anniversary

Our Anniversary

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျွန်တော့်ဘ၀လက်တွဲဖော် စကားပန်းလေး ပိုးနဲ့ လက်မှတ်ထိုးခဲ့တာ ဆိုတော့ ဒီနေ့ တစ်နှစ်တိတိပြည့်တဲ့နေ့ပဲ။

၁ နှစ်ဆိုတာ တကယ်တော့ ဘာမှ မကြာလိုက်သလိုပဲ။ ကျောင်းတုန်းက သူငယ်ချင်းတွေလည်း တစ်ယောက်ပြီး တစ်ယောက် မိန်းမ ရကုန်ကြပြီ။ အသက်တွေ မငယ်တော့ဘူးဆိုတော့ ဖြစ်နိုင်ရင် အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်။ ကိုယ့်တိုင်းပြည်မှာ ကိုယ်ပြန်နေရအောင်ကလည်း... ။ လောလောဆယ်တော့ စင်္ကာပူရဲ့ အပူအပင်များတဲ့ ဘ၀တွေထဲက ရုန်းမထွက်နိုင်သေးဘူး။ စင်္ကာပူကို ကိုယ့်နောက်မှ ရောက်တဲ့ သူငယ်ချင်းတွေ ဒီကနေ ခွာကုန်ကြပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် စင်္ကာပူမှာ ဘယ်လောက် stress များများ ဘေးနားကနေ အားပေးတတ် ဂရုစိုက်တတ်တဲ့ ကြင်သူသက်ထားရှိနေလို့ တော်ပါသေးတယ်။ တာရာမင်းဝေကဗျာတစ်ပုဒ်ထဲကလို "တကယ်တော့ မြို့ပျက်ကြီး တစ်ခုပါပဲ .. ဒါပေမယ့် ဗျတ်စောင်းလေး တစ်လက်ရှိလို့ ကိုယ်ချိုမိတယ်" တဲ့။

မနှစ်က ရေးဖြစ်တဲ့ ကဗျာလေးကို ပြန်ဖတ်ပြီး အချိန် ၁ နှစ်လောက် ခဏ နောက်ပြန်သွားမိတယ်။


(ဒါကတော့ ဓာတ်ပုံ-ဇင်ကိုလတ်ရဲ့ လက်ရာကို picasa နဲ့ နည်းနည်း ပြင်ထားတဲ့ပုံပါ)

"လက်ထပ်ပွဲ"

အကြင်နာဟာ
ဖိတ်စာကို ကမ်းပြီး
တစ်လှမ်းချင်း လာနေတယ်။

ပြောင်ပြောင်လက်လက်တွေ မလိုဘူး
ပြိုးပြိုးပြက်ပြက်တွေ မလိုဘူး
အဆောင်အယောင်တွေ
အယောင်ဆောင်တွေ မလိုပါဘူးကွယ်။

ဟိုပုဂ္ဂိုလ်ကြီး စွပ်ပေးမယ့်ပန်းကုံးမှ မဟုတ်ဘူး
ဟိုကတော်ကြီး စွပ်ပေးမယ့် လက်စွပ်မှ မဟုတ်ဘူး
ဟို ခမ်းခမ်းနားနား ..
ဟိုတယ်ခန်းမကြီးမှ မဟုတ်ပါဘူးကွယ်။

လက်ထပ်တယ်ဆိုတာ
ဘ၀နှစ်ခု တစ်ခုထဲ ထပ်လိုက်တာ
လက်ထပ်တယ်ဆိုတာ
အသက်ရှူသံ တစ်ခုထဲ ထွက်တော့တာ
ပြီးတော့..
လက်ထပ်တယ် ဆိုတာ
နှစ်ကိုယ်ကြား နားလည်မှုဘာသာဗေဒနဲ့
ယုံကြည်သက်ဝင်စွာ
တိမ်းမူးရူးသွပ်စွာ
ချစ်မက်မြတ်နိုးစွာ
ကမ္ဘာသစ်တစ်ခုကို ဖန်တီးကြခြင်းသာ ဖြစ်တယ်။

ခေလွန်း

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.