UNDER THE OPERATION KNIVES
Don't shoot this target
It's already wounded
Bullets of your rhymes
Run through my 24/7 mind
Accidental love,
Where you accidentally hit is heart
Heart-injuries,
Heart-surgery,
Heart-attack,
They all close to death
Doctor,
Your guns are beautifully sharp
I no longer want to be discharged
Morphine and morphemes are required!!!
A'karikz Yannaing
25/10/2008
ရွှေဝါရောင်တော်လှန်ရေး မအောင်မြင်ခြင်းသည် သံဃမဟာနာယကအဖွဲ့ကြောင့်ဟု သံဃာတပ်ပေါင်းစုခေါင်းဆောင် မိန့်ကြား
ခေတ်ပြိုင်-ပီတာအောင်/ ၂၄ အောက်တိုဘာ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သံဃာတော်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု စက်တင်ဘာသံဃာအရေးအခင်း၌ သံဃာတပ်ပေါင်းစု ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ပြီး အင်္ဂါနေ့၌ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ရှောင်တိမ်း ရောက်ရှိလာသည့် အရှင်ဦးဣဿရိယက ခေတ်ပြိုင်သို့ မိန့်ကြားသည်။
၎င်းက " အမှန်မှာဆိုရင် သံဃမဟာနာယကအဖွဲ့က သံဃာတော်တွေက သံဃာထုကို ကာကွယ်သောအားဖြင့် အကုန်လုံးတက်ညီလက်ညီနဲ့ သံဃာတော်တွေကို ပြန်တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် ငါတို့ကိုယ်တိုင် ဆန့်ကျင်တယ်ဆိုပြီး တနိုင်ငံလုံးက သံဃာတော်တွေ အကုန်ညီညီညွတ်ညွတ်နဲ့ တောင်းဆိုကြလို့ရှိရင် စစ်အစိုးရအနေနဲ့ အခုလို လုပ်နိုင်မှာမဟုတ်ပါဘူး။ မဟာနာယက ဆရာတော်ကြီးတွေက ကိုယ့်သံဃာတော်တွေ ဘက်မှာမရပ်ဘဲ နအဖဘက်ကို သွားရပ်လိုက်တဲ့အတွက် ဦးပဉ္စင်းတို့ သံဃာတော်တွေဘက်က ကျရှုံးရခြင်းလို့ မြင်ပါတယ်" ဟု မိန့်ကြားသည်။
ယမန်နှစ် စက်တင်လာ (၂၄) ရက်၌ သံဃမဟာနာယကအဖွဲ့က သံဃာသပိတ်ကို ဟန့်တားသည့် ညွှန်ကြားလွှာများ ထုတ်ပြန်ကာ သံဃာတော်များ နိုင်ငံရေး၌ ပါဝင်ပတ်သက်ခြင်းမှ ရှောင်ရှားကြရန် သတိပေးတားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် သာသာနာရေးဝန်ကြီးကလည်း ဓမ္မစက်ဖြင့်မရပါက အာဏာစက်ဖြင့် အရေးယူရမည်ဟု ခြိမ်းခြောက်ကာ စစ်တပ်က ဆန္ဒပြသံဃာတော်ကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည်။
သံဃာတော်များ ဦးဆောင်သည့် သပိတ်တိုက်ပွဲ အရှိန်မြင့်တက်မလာခင် စစ်အစိုးရက လက်ဦးမှုရယူကာ လက်နက်အားကိုး ပစ်ခတ်နှိမ်နင်းခဲ့သဖြင့်လည်း သံဃာတော်များ၏ သပိတ် မအောင်မမြင် အဆုံးသတ် သွားခဲ့ရသည်ဟု အရှင် ဦးဣဿရိယက ဆက်လက် မိန့်ကြားသည်။
အရှင် ဦးဣဿရိယသည် ယမန်နှစ် သြဂုတ်နှင့် စက်တင်ဘာလ အစပိုင်းတို့၌ မန္တလေး သံဃသမဂ္ဂီအဖွဲ့ခေါင်းဆောင်အဖြစ် မန္တလေးသံဃာလှုပ်ရှားမှုကိုဦးဆောင်ခဲ့ပြီး သံဃာသပိတ် အရှိန်အဟုန်ရနေစဉ် ရန်ကုန်သို့ ဆင်းလာကာ သံဃာတပ်ပေါင်းစု၌ ပူးပေါင်းပါဝင်ခဲ့သည်။
သံဃာသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် တနှစ်တာကာလအတွင်း ကွမ်းခြံကုန်းဘက်ရှိ ကျေးရွာများ၌ လှည့်လည်ရှောင်တိမ်း သီတင်းသုံးနေထိုင်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) မှ လူငယ်များ ဖမ်းဆီးခံရပြီးနောက် ဦးဣဿရ ရှိရာနေရာကို စစ်အစိုးရက ခြေရာခံမိသွားကာ လိုက်လံရှာဖွေနေသဖြင့် ထိုင်းနိုင်ငံဘက် လျှို့ဝှက်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
နယ်စပ်သို့ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံ၌ အာဏာရှင်စနစ်အဆုံးသတ်စေရန် ကြိုးပမ်းမှုများတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟု အရှင် ဦးဣဿရိယက မိန့်ကြားသည်။
၎င်းက "စစ်ခေါင်းဆောင်တွေ ကိုးကွယ်တာ ဘုရားကို ကိုးကွယ်တာမဟုတ်ပါဘူး၊ အာဏာကို ကိုးကွယ်တာပါ။ အာဏာရစ်မူးတဲ့အခါ ဘာမှကိုမမြင်တော့ဘူး။ အာဏာရစ်မူးခြင်းဟာ အရက်မူးခြင်းထက် ဆိုးပါတယ်။ ဒီအာဏာရှင်စနစ်ဆိုးဟာ အုပ်ချုပ်သူကိုရော၊ အုပ်ချုပ်ခံကိုပါ အကုန်လုံးကို ၀ါးမျိုတာ။ အာဏာရှိနေတဲ့လူတွေ သေဆုံး၊ အာဏာတွေပြုတ်သွားတဲ့အခါမှာ အကုန်လုံးပဲ ဘ၀တွေပျက်ကြရတယ်။ အုပ်ချုပ်ခံတွေလည်းပဲ ဘ၀တွေပျက် နေကြရတယ်။ သူတို့ကို တွန်းလှန်တယ်ဆိုပြီး ရန်သူကြီးသဖွယ် ထောင်တွေကျ၊ နှိပ်စက်ခံနေကြရတယ်။ ဦးဇင်းတို့တိုက်နေတာ ပုဂ္ဂိုလ်တွေကိုမဟုတ်ပါဘူး။ စနစ်ဆိုးကိုပါ။ မြန်မာနိုင်ငံမှာ စနစ်ကောင်းတခုပေါ်ပေါက် စေချင်ပါတယ်" ဟု မိန့်ကြားသည်။
အရှင် ဦးဣဿရိယသည် စက်တင်ဘာသံဃာအရေးအခင်းမတိုင်ခင်က ချမ်းအေးသာစံမြို့နယ်ရှိ အနောက် ထီးလင်း စာသင်တိုက်၌ သီတင်းသုံးနေထိုင်ခဲ့ပြီး မင်းသုည ကလောင်အမည်ဖြင့်လည်း စာကဗျာများ ရေးသားလေ့ရှိသည်။
တွေ့ဆုံဆွေးနွေးမှသာ မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်မည်ဟု ကေအန်ယူပြော
ခေတ်ပြိုင်၊ အောက်တိုဘာလ ၂၄ ရက် ၂၀၀၈
တွေ့ဆုံဆွေးနွေးရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာစေရန်အတွက် ချော့မြှူရေးဝါဒနည်းလမ်း သုံးမရသည့် နအဖစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကေအန်ယူက ပြောသည်။ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက "တွေ့ဆုံ ဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲ ထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး လမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံ ဆွေးနွေးရေး လုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်း နိုင်မယ်" ဟုပြောသည်။
သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။
"နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်" ဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။
၂ဝဝ၅ ခုတွင် အတိုင်းအတာတခုအထိ ရရှိခဲ့သော နှုတ်ကတိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နအဖက ကေအန်ယူမှ လက်မခံနိုင်သော တောင်းဆိုချက်များဖြင့် လည်းကောင်း၊ ၂ဝဝ၆ ခု နှစ်ဦးပိုင်းမှစ၍ ကေအန်ယူ နယ်မြေအတွင်း တပ်အင်အား အဆမတန်တိုးပြီး ယနေ့တိုင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း ထိုနှုတ်ကတိသဘောတူညီချက်သည် ပျက်ပြယ်သွားခဲ့သည်ဟု မကြာခင်ကကျင်းပပြီးစီးသွားသည့် ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး ယခုလ (၂ဝ) ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ထိုကြောင့် ကေအန်ယူသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကရင်တမျိုးသားလုံးနှင့် ပြည်တွင်းပြည်ပရှိ ဘဝတူ မဟာမိတ်အင်အားစုများနှင့်အတူ တစိတ်တဝမ်းတည်း ဆက်လက်ပူးပေါင်းတိုက်ပွဲဝင် သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တရားမျှတစွာဖြေရှင်းရေးနှင့် ဘက်သုံးဘက် တွေ့ဆုံဆွေးနွေးရေး သဘောထားရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ကွန်ဂရက်မှ ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့ကိုယ်စားလှယ်နှင့် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဘဲ ၂ဝဝ၈ ခု မေလ၌ အဓမ္မနည်းဖြင့် လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုလိုက်ခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းလည်း သဘောတူဆုံးဖြတ်ခဲ့သည်။
ယခုလ (၆) ရက်မှ (၂ဝ) ရက်အထိ ကေအန်ယူနယ်မြေတွင် ကျင်းပခဲ့သည့် ကွန်ဂရက်သို့ ကေအန်ယူဗဟိုနှင့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်ပေါင်း (၁၃၁) ဦး၊ လေ့လာသူ (၄၂) ဦး၊ နိုင်ငံတကာရှိ ကေအန်ယူမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
ကေအန်ယူကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် မြေပေါ်ပါတီအဖြစ် ၁၉၄၇ ခုတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၉ ခုတွင် မတရားအသင်းအဖြစ် ကြေညာခံရပြီးချိန်မှစ၍ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း (၆ဝ) ရှိပြီဖြစ်သည်
You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.