Sunday, October 26, 2008

[Heart Museum] 1 New Entry: ရည်းစားဦးဇာတ်လမ်း

ရည်းစားဦးဇာတ်လမ်း

ကျွန်တော့်ဆီ လာတဲ့သူတွေကို ငိုပြနေတာ တော်တော်ကြာပြီဗျာ။ လည်လည်လာတဲ့ သူငယ်ချင်းတွေလည်း ကြာတော့ လာရမှာ လန့်နေရောပေါ့။ ဒီတခါတော့ စိတ်ပြေလက်ပျောက် ရည်းစားဦးဇာတ်လမ်း ပြောပြမယ်ဗျာ။ဒီမေးခွန်းကို ညီမလေး မေမိုးက ပထမဆုံးများ post ရေးတုန်းက အချွန်နဲ့မပြီး မေးဖူးတယ်ဗျ။ ကဲ... အခုတော့ ကန့်လန့်ကာလေးကို ဖွင့်လိုက်ရအောင်ဗျာ......D: "xxxxx အချစ်ရဲ့ဘ၀အစက လူရည်မလည် xxxxxx အရွယ်ငယ်ငယ် xxxx အရိုးသားဆုံး အသက်အရွယ် xxxxxx အော် အတွေးနုနု အရေးနုနုxxx အချစ်ကလေးနုနယ်xxx..." ဇော်ဝင်းထွဋ် သီချင်းထဲ ကလိုပေါ့ဗျာ။

ဒီကောင်ကြီး ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ခါစ မူးလို့ကောင်း ကဲလို့ကောင်းနေလို့ ရည်းစားထားရကောင်းမှန်း မသိဘူးဗျို့။ ယူထားတဲ့ အဓိကဘာသာရပ်ကလဲ ဘူမိဗေဒဆိုတော့ သိတဲ့အတိုင်း ရှိစုမဲ့စု အတန်းထဲက မိန်းကလေးများကလဲ တယောက်မှ နူးနူးညံ့ညံ့မပါ ယောင်္ကျားမိန်း(ယောင်္ကျားများကဲ့သို့ သန်စွမ်းသူ) တွေဆိုတော့ သွားပြီး မညုရဲဘူးဗျ။ မတော် စိတ်မထင်လို့ ကိုင်ပေါက်လိုက်ရင် ဒွတ်ခ...ဟီးးးး နောက်တာပါဗျာ။ တကယ်တော့ သူတို့က ဘူမိဗေဒ ၀င်ခွင့်ရဖို့ အတွက် အရည်အချင်းစစ်တဲ့အနေနဲ့ ကျွန်တော် မိုင်(၃၀) ကို သတ်မှတ်ချိန် (၅)နာရီအတွင်း ပြေးခဲ့ရတဲ့ အချိန်တုန်းက ကိုယ်ကနောက်ကျန်နေလို့ သနားပြီးတွဲခေါ်လာတဲ့ ကျေးဇူးရှင်တွေဗျ။ အူကြောင်ကြောင်သွားပြောရင် နားရင်းဝိုင်းရိုက်ကြမဲ့ သူတွေချည်းပဲ... ကြောက်ရတယ်။ တနေကုန်ဘော်ဒါတွေနဲ့ မူးနေတာ အာပတ်လွတ်တယ်ဗျ။ ဒီကျေးဇူးရှင်တွေကို ပြစ်မှားလို့ မဖြစ်ဖူး စာမေးပွဲဆို Lectureချိန်တွေကို အားကြိုးမာန်တက် လစ်ခဲ့တဲ့ ဒီအညတရဆိုတဲ့ကောင်က သူတို့ကောင်မလေးတွေ စာရေးကျက်တဲ့ အကြမ်းစာရွက်လေးတွေကို မျက်နှာဇီးရွက် လောက်လေးထားပြီး သွားတောင်း အဲဒီစာရွက်လေးတွေ အားကိုးနဲ့ စာမေးပွဲဖြေရမှာဗျ။

ကဲ...ဒီလိုနဲ့ တက္ကသိုလ်မှာ တတိယနှစ် ရောက်လာပြီဆိုတော့ တက္ကသိုလ်ပါးလေးကလဲ ၀လာပြီ။ ရည်းစားလေးက လဲထားချင်ပြီပေါ့ဗျာ။ ဂွကျတာက တက္ကသိုလ်တခွင် ပြဲပြဲစင် ကဲခဲ့လို့ အညတရ=ငမူး၊ငပေါ လို့ အများက သိနေကြလေတော့ တက္ကသိုလ်တခုလုံးမှာ ကြိုက်တဲ့ကောင်မလေးကို သွားပြော လာမနောက်စမ်းနဲ့ ပြောတဲ့လူကပြော၊ ပုံပြင်တွေရိုးနေပြီ လို့ပြောင်တဲ့လူကပြောင်နဲ့ ဒီကောင်ကြီးပြောသမျှ ဘယ်သူမှ မယုံပါခင်ဗျာ။ လိုက်ခဲ့တဲ့ကောင်မလေးများကလည်း နောက်ဆုံးပြောမနာဆိုမနာ သူငယ်ချင်းသာ ဖြစ်သွားလေသတည်းပေါ့ဗျာ။..... နောက်ဆုံးတော့ ထီးဖြူဖိနပ်ပါး ဘယ်သူ့မှ မရပါ ခင်ဗျားပေါ့ဗျာ။ အဲဒါနဲ့ သူငယ်ချင်းတယောက်က မြှောက်ပေးတယ် ဟေ့ကောင်အညတရ မင်းအကြောင်း ကောင်းကောင်းမသိသေးတဲ့ ပထမနှစ်တက်ခါစ ကောင်မလေးတွေကို လိုက်ပါလားကွတဲ့။ ဟဲဟဲ.... အညတရကလဲ ဆရာချစ်(ဦးချစ်တင် ဓာတုဗေဒ ကထိက) တပည့်ပီပီ စမ်းအုံးမည်ပေါ့ဗျာ။ စကားမစပ် ဆရာချစ် သြ၀ါဒက ဒီလိုဗျ။ ဆရာက အလွန်ရင်းနှီးသူမို့ ဒီလိုသင်ပေးတယ်ဗျ။ "ဒီမှာငါ့တပည့် ကောင်မလေး ချောရင် ကြိုးစားပြီး လိုက်သာလိုက်၊ ဒီတယောက် မဟန်ရင် စိတ်ဓာတ်မကျနဲ့ နောက်တယောက်ကို လုံ့လပြုပြီးလိုက်၊ မရရင် နောက်တယောက်တဲ့ဗျ။ ဆရာလဲ အဲဒီထုံးနှလုံးမူပြီး ကြိုးစားလိုက်တာ မင်းဆရာကတော်ကို ရခဲ့တယ်" ဆိုပဲဗျ။...ဟီးးးး ဆရာရေ ဒီစာလေးဖတ်မိရင် ကန်တော့ဗျ ဆရာတပည့် ဖော်ကောင်လုပ်လိုက်ပြီ။

ကျွန်တော်လဲ ဆရာ့တပည့်ပီပီ တပည့်မကောင်း ဆရာ့ခေါင်းဆိုပြီး စီမံကိန်းချ ခါတော်မှီ မန္တလေးသင်္ကြန်မှာ ရည်းစားရ ရမည်ပေါ့ဗျာ။ ပိုပြီးကြိုးစားချင်စိတ် ရှိသွားအောင် သူငယ်ချင်းတွေနဲ့ နှစ်ဆန်း(၁)ရက် မတိုင်မှီ ရည်းစားရမရ ဂျော်နီလမ်းလျှောက်(၂)လုံးကြေး လောင်းလိုက်သေးသဗျ။ ဟေးးးဟေးးးး..... ထုံးစံအတိုင်း ဟိုရှေ့ကဆိုခဲ့တဲ့ သူငယ်ချင်းပြောသလို ကျွန်တော့်အကြောင်း ကောင်းကောင်းမသိတဲ့ ပထမနှစ်က ကောင်မလေးတွေကို ချောမချော စစ်တမ်းကောက် ဇကာတင်ရွေး မကောင်းသူထိပ်၊ကောင်းသူထိပ် ဗုံးကြဲလိုက်မည်ပေါ့...... ဟောတွေ့ပါပြီဗျာ.... အပျိုချော Physic မေဂျာက Queenဆိုပါလားကွယ်ရို့.... အသားလေးကဖြူ၊ မျက်လုံးလေးကလှ၊ ကိုယ်လုံးကတောင့်၊ ရီလိုက်ရင် ပါးချိုင့်လေးနဲ့ပါလား ကွယ်ရို့.... ကဲ ဒီကအညတရရေ.... မတိမ်းမစောင်း ဗိမ်းဘောင်း.... နေ့နေ့ညည ကြိုးစားပေအုံးတော့...။ အရက်လား ဟားဟား အနံ့ရရင်တောင်မူးတယ်။ ဆေးလိပ် မသောက်တတ်.... အနားမှာ သူများလာသောက်ရင်တောင် မွန်းတယ်။ (ဟဲ..ဟဲ... ဒါတော့တကယ်ဗျ။) ကွမ်းလား စားဖို့နေနေသာသာ လျှာနီ၊သွားနီနဲ့ ရွံ့စရာကြီး..... အဲဒီလို အင်တာဗျူးတွေကို အဆင့်ဆင့်ဖြေခဲ့ရတယ်ဗျာ။.... အခြေအနေက အတော်ကောင်းနေပြီမို့ သူငယ်ချင်းတွေကို အရက်ဝယ်ဖို့ ပိုက်ဆံစုတော့လို့ နည်းနည်းပါးပါး ဟန်ကိုယ့်ဖို့ ခပ်တင်းတင်း ပြောနိုင်နေပြီပေါ့ဗျာ။ ကဲ...ကဲ...သင်္ကြန်ကနီးလာပြီ။ ကျောင်းမပိတ်ခင် ကောင်မလေးကို အဖြေတောင်းဦးမှ။

ကံကောင်းချင်တော့ ကောင်မလေးက မငြင်းဘူးဆရာ.... ပြုံးပြုံးလေးနေပြီး သဘောကျနေပုံရသဗျ။ ကံဆိုးချင်တော့ ကျောင်းပြန်ဖွင့်မှ အဖြေပေးမတဲ့ဗျာ.... နားကို ကားရောဗျို.့.. ဘယ်လိုမှ မျက်ရည်ခံထိုးတောင်းပန်လို့မရ.... စောင့်ရ(၂)လ ခဏပါတဲ့ဗျ။ ကောင်မလေးရယ်..... ဒီကောင် အညတရ ဗိုက်နာနေတာ နင်မသိဘူးနော်...ဟင်းးးးးး... ဂျော်နီလမ်းလျှောက်...(၂)လုံးနော်... ဂျော်နီလမ်းလျှောက်...(၂)လုံး လျှာရှည်ပြီး ဒါကိုသွားလောင်းမိတယ်။ မသာကာ ခါတိုင်းလို ...မန္တလေးရမ်လောက်ဆိုတော်သေးတယ်။ အခုတော့ ရှာထားသမျှ တလစာစီပွား တခါတည်းပြုတ်သွားမှာဗျ။ သကောင့်သား သူငယ်ချင်းများကလဲ ဒီတိုင်းသောက်မှာမဟုတ် သေချာပေါက် ဖဲ့ကြအုံးမည်။မြိုစရာ အမြည်းလေးက ပါအုံးမှ.... မလွယ်ရေးချ မလွယ်ပါဗျာ။ ပိုက်ဆံကုန်ခံတိုက်ရအုံးမည် ပါးစပ်သေနတ် ပစ်တာလည်းခံရအုံးမည်။ တသက်လုံး ပြောလို့က ပြီးမှာမဟုတ်... သမိုင်းကတွင်ဦးမည်။ ဒီအတိုင်း အရှုံးခံလို့တော့မဖြစ် တခုခုတော့ကြံရမည်။ "xxxဘာလုပ်ရရင် ကောင်းမှာလဲ....xxx အတွေးတွေ ရှုပ်ရင်း ရှင်းမရပါလား....ဟူးးးးးးးxxx"

ဆက်ရန်.......

You received this email because you are subscribed to the real_time feed for http://heartmuseum.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.