♠ Boring?
ပျင်းနေရင် တချို့တွေက အိပ်တတ်ကြတယ်၊ တချို့က လမ်းသလားတယ်၊ တချို့က တီဗွီရှေ့ထိုင်ပြီး ဆိုဖာအာလူးလုပ်တယ်၊ တချို့က.. အင်း.. ဓာတ်ပုံရိုက်တယ်။ ဒီနေ့ရိုက်ဖြစ်တဲ့ ဇာတ်လမ်းလေးကတော့ တခါတုန်းက သော့တွဲရယ်၊ ကြွက်ရယ်၊ လက်ကိုင်ဖုန်းရယ်၊ လက်ပတ်နာရီရယ်၊ စတပ်ပလာရယ်၊ စင်းမ်ကဒ်ရယ်၊ မိုက်ခွက်ရယ်၊ နားကြပ်ရယ်၊ ကင်မရာ မှန်ဘီလူးရယ် သဟဇာတဖြစ်စွာနဲ့ နေထိုင်ခဲ့ကြတဲ့အကြောင်း ပါပဲကွယ်၊ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်သလဲ။ Nikkor 50mm f/1.8 နဲ့ ရိုက်ထားတာဖြစ်ပြီး ကွန်ပြူတာမှာ အရောင်နည်းနည်း ပြန်ချိန်တာ၊ ဘောင်ကွပ်ပေးပြီး စာရိုက်ထည့်တာက လွဲလို့ ဘာမှ သိပ်မပြင်ထားပါဘူး။ (balance အစား harmony လို့ ပြင်ရေးမယ့်ဟာ psd ဖိုင် မသိမ်းမိလို့ ပြင်တော့ဘူး)

အဲဒါတွေ လျှောက်စီနေတာ အိပ်ငိုက်သွားတယ်၊ နောက်တော့ ဘာစိတ်ကူးရလဲမသိဘူး၊ တခြား lens တစ်လုံးနဲ့ ပေါက်တပ်ကရတွေ လျှောက်လုပ်လိုက်တော့ လူက လန်းသွားပြန်ရော။ အောက်ပုံတွေက လန်းဆန်းနေတဲ့ ဓာတ်ပုံဆရာ ပျော်တပြုံးပြုံးနဲ့ ရိုက်ယူထားတာပါ။ ပုံကို ထရန်စဖော်မာ လို့ နာမည်ပေးထားပါတယ်၊ ကားတွေက စက်ရုပ်ပြောင်းသွားတာ မဟုတ်ပဲ lens တွေကနေ ပြောင်းသွားတာ၊ မိုက်တယ်မှတ်လား။ စက်ရုပ်ရဲ့ ဘော်ဒီအပိုင်းက extra wide Sigma 10-20 ဖြစ်ပြီး အောက်ပိုင်းက Nikkor 18-135 ပါ။ ရိုက်တဲ့ lens ကတော့ အပေါ်ပုံအတိုင်းပါပဲ။ ပုံကြီးကို ဒီမှာ ကြည့်ပါ။

စက်ရုပ်ရဲ့ လက်ဝဲဖက်က ဒုံးကျည်လိုအလုံးကြီးကို ဘာမှန်းမသိသူများအတွက် ရှင်းပြပါရစေ၊ အဲဒါက လေမှုတ်ဘောလုံးပါ၊ မှန်ဘီလူးဖြစ်ဖြစ် ကင်မရာအတွင်းက ကိရိယာ အစိပ်အပိုင်းပဲဖြစ်ဖြစ် ဖုန်ဝင်နေတယ် ထင်ရင် အဲဒါနဲ့ ညှစ်ညှစ်ပြီး မှုတ်ထုတ်ပေးနိုင်တယ်။ ပါးစပ်နဲ့ မှုတ်တာက တံတွေးတွေ ပါသွားနိုင်တဲ့အတွက် များများမှုတ်ရင် ရေငတ်မှာပါ၊ အဲလေ၊ မှုတ်လေ ညစ်ပတ်လေ ဖြစ်မှာပါ၊ ဒါကြောင့် လေဒုံးကျည်ကို ဆောင်ထားရခြင်း ဖြစ်ပါတယ်။ အဲဒီလက်နက်ပုန်း ဟိုးတခါ ဘန်ကောက်မှာတုန်းက ရှော့ပင်းစင်တာတစ်ခုအဝင်ဝမှာ လုံခြုံရေးနှစ်ယောက် သင်္ကာမကင်းဖြစ်ပြီး အသေအချာ စစ်ဆေးခြင်းကို ခံခဲ့ရတယ်။ ရှင်းပြဖို့က ယိုးဒယားလိုလည်း မပြောတတ်တော့ သူတို့မျက်နှာနားမှာ ကပ်ကပ်ပြီး မှုတ်ပြရတယ်၊ အဲဒီတော့မှ နှစ်ယောက်သား ရီလိုက်ကြတာ ပြောမနေနဲ့တော့။

အပေါ်ပုံကတော့ အထူးတလှယ် ပြောနေစရာမလိုဘူးထင်တယ်၊ အဲဒီဝေါဟာရ မကြားချင်မှအဆုံးပဲ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.