စေရာ...
"လ"လေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက်ပြေးဆော့လို့... ဒီညကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေတာ သေချာ ရေကြည့်မယ်ဆိုရင် အားလုံးကိုးလုံးတိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ်တုတ်တုတ်... ဆောင်းရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်းခနဲ... စိတ်တွေက လေးလံလွန်းနေဆဲ...။
တစ်စုံတစ်ရာပေါ်မှာ စီးမျောနေတဲ့ တစ်စုံတစ်ရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်းဟာ ဘာအရောင်ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည်တတ်ရလောက်အောင်အထိ ကျွန်မဟာ စိတ်ရှည်သူမဟုတ်...။ လနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ်တစ်ပွင့်ကို ငေးမောဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်းဖြစ်လိမ့်မယ်...။
ကျွန်မဘေးမှာ သီချင်းတစ်ပိုဒ်ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာနှစ်ကြောင်းလောက်လည်း ရှိနေနိုင်တယ်.... ဒါမှမဟုတ်.... ရနံ့လေးတစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာသေချာတယ်... ခါးသက်သက် အနံ့ဟုတ်မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မအတွေးတွေ ခါးနေတာတော့ အမှန်ဘဲ...။ အာခေါင်တွေက ခြောက်ကပ်လို့.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်...။ လေနဲ့အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးကြည့်နေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်းက စူးစူးလို့လာနေပေါ့...။
စိတ်တွေကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ်ရနေဖို့ လုံလောက်တဲ့ ဦးနှောက်တွေနဲ့ အမှတ်တရ ရှိနေကြပြန်ရော... တမ်းတလွမ်းဆွတ်ခြင်းကို ခူးဆွတ်ဖို့ ရူးနေတဲ့အရာဟာ အထစ်ထစ်အငေါ့ငေါ့ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ်တဲ့ ညနဲ့ လကွေးကွေးဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ်ကိုတလို့ ရသတစ်ပိုဒ် ဖြစ်နိုင်ချေမရှိတာလည်း အမှန်တရား..။ ဒါဟာ... အသက်မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ အဓိပ္ပါယ်ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ...။
အဲ့ဒီကြယ်ပေါ့.... ကျွန်မကိုငေးစေခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ခုတော့ စူးရှရှ အလင်းတွေနဲ့ ရသတစ်မျိုးဖြစ်အောင် သိမ်းသွင်းနေပြန်ပြီ...။ ဘယ်လိုဘဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေမိဆဲ... တွေးနေမိဆဲ... မျောလွင့်နေမြဲ...။ အမုန်းတရားတွေနဲ့ နာကြည်းပိုင်နိုင်စွာ မျက်လုံးတွေပိတ်ပစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! သွေးတောင့်လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!
ကောင်းကင်ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း "ဝုန်း"ကနဲ ကြယ်ကကြွေကျ... မိန်းမတစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်းခါတဲ့ခေါင်းနဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်းတစ်ခုက ပါးပြင်ပေါ်မှာနွေးခနဲ...!! လက်သွားတဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။
(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.