Tuesday, December 30, 2008

[We Fight We Win. -- " More than Media "] 1 New Entry: ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစ




ဤ အပိုင်းသည် ၁၉၃၈ ခုနှစ် ကျောင်းသားဘ၀ က ဖြစ်ပါသည်။ တက္ကသိုလ်၌ ဦးနု၊ မစ္စတာ ရာရှစ် တို့မရှိကြတော့ပါ။ ဗိုလ်ချုပ် သည် ၀ိဇ္ဇာတန်း အောင်ပြီး ဥပဒေ တန်းတက်ရင်း သမဂ္ဂ အလုပ်များကို ဇောက်ချ၍ လုပ်လေရာ ထိုနှစ် ၌ စာမေးပွဲ ရှုံးလေသည်။ နွေကျောင်းပိတ်ရက် အိမ်မပြန်ဘဲ တက္ကသိုလ်သမဂ္ဂ သို့ ပြောင်းရွှေ့နေထိုင်ရင်း တို့ဗမာ အစည်းအရုံး မှ သခင်များ နှင့် ပေါင်း၍ သခင်စိတ်ပေါက်ကာစ အချိန်ဖြစ်ပါသည်။ မူရင်းအတိုင်းပြန်လည်ဖော်ပြပါသည်။)

-မောင်လူအေး-

ထောင်ဆိုသည်ကား

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌကြီး ကိုအောင်ဆန်းသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၊ တက္ကသိုလ် သမဂ္ဂ အဆောက်အဦး တွင် ပြောင်းရွှေ့နေထိုင် ခဲ့ရာ၊ သူသည် ရိုးရိုးတန်းတန်း ကျောင်းသား အများကဲ့သို့ အိပ်ရာခြင်ထောင် စသည်တို့ဖြင့် သက်သာရာ သက်သာကြောင်း ရှာကြံ၍ နေထိုင်သည်မဟုတ်။ သူသည် သူများထက် ထူးဆန်းစွာ ဆန်းဆန်းပြားပြား ကျင့်ကြံနေထိုင် သည် ကို တွေ့ကြရလေသည်။

တက္ကသိုလ် သမဂ္ဂကြီး တွင် အစည်းအဝေးပွဲ၊ တရားပွဲ စသည် တို့ ကျင်းပရာ ခန်းမကြီးကာ ကြိန်ခင်း ခုံတန်းလျားများနှင့် ပြည့်နှက်လျက် ရှိ၏။ ခုံတန်းလျားတို့မှာ ဂျပိုး အလွန့်အလွန် ထူထပ်သောင်းကျန်းသော နေရာများ ဖြစ်ကြ၏။

ကြိန်ခင်းဖြစ်သဖြင့် ဂျပိုးတို့ခိုအောင်းလျက် ပြောက်ကြားကိုက်ဘို့ရာ အလွန်သင့်တင့် လျောက်ပတ်သော ခုံများဖြစ်ရကား၊ အကြောင်းမဲ့သက်သက် မည်သူတဦး တယောက်မှ စည်းစိမ်ခံ၍ ထိုင်မနေနိုင်ချေ။ ထိုမျှ နာမည်ကြီးစွာ ဂျပိုးသောင်းကျန်းလှသော ခုံတန်းလျားမှာ၊ ကိုအောင်ဆန်း အဘို့ မှာမူကား စည်းစိမ်ရှင်တို့ မွေ့လျော်ရာ ကုတင်ကြီးသဘွယ်ဖြစ်၏။ မင်္ဂလာဆောင်သတို့သား ကြေးကုတင်ကြီး ပေါ်တွင် တတောင်ခန့် ထူထပ်အောင် ခင်းထားသော ပိုး-ဖဲ-ကတ္တီပါ မွေ့ရာ နှင့် ကိုအောင်ဆန်းသည် မလဲနိုင်ပေ။ ကြိန်တန်းလျားသာလျှင် သူ၏မွန်မြတ်သော မြတ်နိုးသော အိပ်ရာနေရာဖြစ်၏။ အခင်းကားကြိန်၊ ခေါင်းအုံး ကား လက်တန်း၊ ခြုံစောင်မှာ ခါးဝတ်လုံချီ၊ ခြင်ထောင် ဟူ၍ ဗလာ နတ္တိအပြင် ဂျပိုးတို့ မှုံဆန် ပုန်ကန်ထကြွရာ ဖြစ်သော ခုံတန်းလျားသည် သာလျှင် ကိုအောင်ဆန်း ၏ မွေ့ရာ နေရာဖြစ်၏။ သူအဘို့ အကြောင်းမရှိသော်လည်း မြင်ရသူအဘို့ တွေးမရအောင် အံ့သြစရာ ဖြစ်၏။

တနေ့သော် သမဂ္ဂ လဘက်ရည် ဆိုင်ရှင် အဒေါ်ကြီးသည် ကိုအောင်ဆန်း၏ဖြစ်နေပုံကို တွေ့ရှိတော့၏။ မိမိရင်မှ ဖွားသော သား ကဲ့သို့ အမြဲတစေ ဂရုစိုက်နေသော အမိသဘွယ် အဒေါ်ကြီး၏ မျက်စိထဲ၌ ကိုအောင်ဆန်း ၏ အဖြစ်ကို ကြည့်ရမြင်ရသည်မှာ ရင်ထုမနာ ဖြစ်မိတော့၏။ သို့နှင့် ကိုအောင်ဆန်းအား - အဒေါ်ကြီး က " မောင်အောင်ဆန်း၊ မင်းဘယ့်နှယ်ကြောင့် ခုံတန်းလျားပေါ် အိပ်ရသလဲကွယ်၊ စောင်မရှိ၊ ခေါင်းအုံးမရှိ နဲ့ ဂျပိုးကကိုက်၊ ခြင်ကကိုက်သနဲ့ ဘာပြုလို့ ဒါလောက် အဆင်းရဲ ခံနေရသလဲ၊ကြီးကြီးတို့ပြောရောပေါ့၊ မင်းမြင်ရတာ စိတ်မကောင်းလိုက်တာကွယ်"။

ကိုအောင်ဆန်း " ကျနော့မှာ စောင်တို့ ခေါင်းအုံးတို့ ရှိပါတယ် ကြီးကြီးရ။ ကျနော်တမင်သက်သက် ခုလိုနေတာပါ။ ဂျပိုး တို့ ခြင်တို့ ကိုက်တာလဲသိပါတယ်။ ဒါပေမဲ့ စောင်၊ ခြင်ထောင် မဆောင်တာက မဆောင်ခြင်လို့ပါ။ ဒါမှ ကျနော်တို့ နိုင်ငံရေး လုပ်တဲ့အခါ ထောင်ကျလို့ ရှိရင် ထောင်ထဲမှာ အဆင်းရဲ ခံနိုင်မယ်။ ထောင်ထဲမှာ ဘယ်က စောင်တို့၊ ခြင်ထောင်တို့ လာပေးမလဲ။ ဂျပိုးတောမှာ သမံတလင်း ကြမ်းပြင် ပေါ်မှာ ခေါင်းအုံးမပါ၊ စောင်မပါ၊ ခြင်ထောင်မပါ အိပ်ရမှာ၊ ခုကနေ ကျင့်ထားမှ ကျင့်သားရမှာပေါ့ ကြီးကြီးရ၊ ဒါကြောင့်မို့ ခုကထဲက ကြိုတင်ပြီး ခံနိုင်ရည် ရှိအောင် ကျင့်နေတာ၊ ပွဲမ၀င်ခင် ကျင်းပဆိုသလိုပေါ့။ နိုင်ငံရေးလုပ်တယ်ဆို ဒါတွေ အရေထူနေမှ ထောင်ဆိုတာ က နိုင်ငံရေးသမားတို့ သွားရာလမ်း၊ အနားယူရာ ဗိမာန်ဆိုပါတော့" ဟု အရွှမ်းကလေးညှပ်ကာ ကျေးဇူးတင်ကြောင်းပြော၍ လွှတ်လိုက်လေသည်။

အဒေါ်ကြီးလည်း "ဖြစ်မှ ဖြစ်ရလေကွယ်" ဟုသာ ဂရုဏာသက်ရုံသာ သက်နိုင်၊ ဘာမျှ မတတ်နိုင်တော့ သဖြင့်၊ ရင်ထုမနာ လက်လျှော့လျက်သာ နေရရှာ၏။ (အံ့ဖွယ်ကောင်းအောင် ထူးဘဲ ထူးဆန်းတဲ့ အောင်ဆန်းပေတကား။)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မှ ကောက်နုတ်တင်ပြပါသည်။

ဗကသများ ဥက္ကဌ ကိုမင်းကိုနိုင်၊ ဒုဥက္ကဌ ကိုကိုကြီး၊ မကသများ ဥက္ကဌ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ် တို့ နှင့်တကွ ထောင်မကြောက်တမ်း ရဲရဲတောက် ခေတ်အဆက်ဆက် မတရားမှု မှန်သမျှ တိုက်ခဲ့သော သပိတ်မှောက်ကျောင်းသား အပေါင်းတို့ အား ဤ ဗိုလ်ချုပ်ဘ၀တပိုင်းတစ ပြန်လည်တင်ပြရင်း ဂါဝရပြု လိုက်ပါသည် ခင်ဗျား။

-မောင်လူအေး-



Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.