အကြိုက်ဆုံး ကဗျာများ
ဘယ်ကဗျာဆရာမဆို သူ ရေးတဲ့ ကဗျာတွေဟာ ပုဂ္ဂလိကဘဝ နဲ့ အစပြုရတာ ချည်းပါပဲ။ ဒါပေမဲ့ ကြီးမြတ်တဲ့ ကဗျာဖြစ်ဖို့ ၊ ကြီးမြတ်တဲ့ ကဗျာဆရာ ဖြစ်ဖို့ဆိုရင်တော့ ပုဂ္ဂလိက ဘောင်ကိုကျော်ပြီး လောကဆိုတဲ့ ဘောင်ဆီ ကူးပြောင်း ရပါလိမ့်မယ်။ လောကကို ခြုံကြည့်ငုံကြည့် ရမယ်။ ကိုယ့်ရင်ကို သူများနှလုံးသား နဲ့ ခုန်ကြည့်ရမယ်။ ကိုယ့်ရဲ့ ပင်ကိုမူလကလည်း ထိလွယ်ရှလွယ် ခံစားလွယ်ရမယ်၊ ကြက်မွေးလေးနဲ့ သပ်တာကိုလဲ နာကျင်တတ်ရမယ်။ ဒဏ်ရာတွေကို လှိုက်လှိုက်လှဲလှဲ၊ ပျူပျူငှာငှာ ရင်ဖွင့် ကြိုဆိုနေရမယ်။ ဒါကတော့ ကဗျာနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ယုံကြည်ယူဆချက်တွေပါပဲ။
တကယ်တော့ ကျွန်တော်အခုထိ ဖတ်ဖူးသမျှထဲ အကြိုက်ဆုံးကဗျာတွေကို ရွေးရမယ်ဆိုရင် အပုဒ် အစိတ်သုံးဆယ် လောက် ထွက်လာမယ်ထင်ပါတယ်။ ကတောင်ကပါ့မလား မသိပါ။ ဒီအထဲကပဲ အခု ကဗျာသုံးပုဒ် ကို ထုတ်နုတ် တင်ပြလိုက်ပါတယ်။
ကလူ၏သို့ မြှူ၏သို့
ညို့ညို့ပြာပြာ၊ ဆင်းပြင်လျာမူ
ပြစ်မှာမစက်၊ ဆယ်နှစ်သက်က
ချောညက်ညွှတ်သွယ်၊ နတ်နှင့်ဆွယ်၍
ရွယ်လဲရွယ်ပျို၊ ညိုလဲညိုဝင်း
ဖြူရွှင်းရောရု၊ နောင့်သက်စုကို
နှိုင်းရှုချေမူ၊ ထွားပြာဖြူသည်
မတူ၏သို့၊ တူ၏သို့ ။
မို့မို့အာကာ၊ မိုးဒေဝါလျှင်
ဘယ်ညာတောင်မြောက်၊ လေပြည်လှောက်၍
ဖြိုးဖြောက်ရိုးရဲ၊ လျှပ်ပန်းကြဲလျက်
မစဲညင်းညင်း၊ ကျူးတည့်လျှင်း၍
ပဝင်းလှည့်လို၊ လွမ်းစိမ့်ဆိုသို့
မယ့်ဆီတူရူ၊ သည်မိုးဖြူသည်
ကလူ၏သို့၊ မြှူ၏သို့ ။ ။
နဝဒေး
ဒီကဗျာလေးကတော့ ကျွန်တော်တို့ သတ္တမတန်းမှာ ပြဌာန်းခဲ့တဲ့ ကဗျာလေးလို့ ထင်ပါတယ်။ မိုးကောင်းကင် တစ်ခုလုံး ပြိုမလို အုံ့လာတာ မြင်ရတိုင်း ဒီကဗျာကလေးကို ကျွန်တော် အထူးပဲ သတိရမိပါတယ်။ ပုဂ္ဂလိက ဝေဒနာကိုပဲ အများခံစားနိုင်တဲ့အထိ၊ ရင်ဘတ်ထဲ ဒုတ်ဒုတ်ထိ ရောက်သွားရတဲ့အထိ ပြောင်မြောက်လှတဲ့ ကဗျာလေးလို့ ခံစားမိပါတယ်။ အထူးသဖြင့် "ကလူ၏သို့ မြှူ၏သို့" ဆိုတဲ့ စကားလုံး အတွဲအစပ်ကလေး ဟာဖြင့် လှလှလွန်းလှချည့် လို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။
တူတူပုန်း
သံသရာဝဋ်ထဲ
မကျွတ်ဘဲနေနေ
ဇွတ်ဆွဲလို့ တပေပေငယ်
သေပစေခင်ရဲ့
နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို
မလိုက်ချင် ရုန်းကန်လို့ဖဲ့ ။
နှစ်ယောက်ထဲ စံပါ့မယ်
ကံနှစ်ဖြာ နယ်လှည့်
သံသရာ အကျယ်ချဲ့ပါလို့
တလယ်လယ့် မောင်မယ်
ဂင်္ဂါဝါ ဆူဆူဆုံး စေတော့
တူတူပုန်း ပုန်းဖို့သာရွယ် ။
တေဘုမ္မ ဝဋ်နန်းလယ်မှာ
ကျွတ်တမ်းကွယ် စာမလိတ်ချင်ဘု
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ
ရိုင်းခေါင့်ဖြစ်စေ
နောက်ချန်၍ အပိုနေမယ်
နှစ်ကိုယ်ရေ ပျော်စမ်းချင်လို့လေး ။ ။
ဦးပုည
ဦးပုည ရဲ့ ငေါငေါကြီး ထွက်နေတဲ့ အရည်အချင်းကတော့ စကားလုံး ပြောင်ခြင်း ပဲဖြစ်ပါတယ်။ ဒီကဗျာမှာလဲ ပြောင်မြောက်တဲ့ စကားလုံး တွေကို အလဲအလှယ် သုံးစွဲပြီး ဖွဲ့ဆိုထားတာကို အထင်အရှား မြင်နိုင်ပါတယ်။ ဘုရားအဆူဆူ ကိုတောင် တူတူပုန်း ဦးမယ်ဆိုတဲ့ စိတ်ကူးကလေး ဟာဖြင့် ဒီကဗျာရဲ့ အသက်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ သုံးစွဲထားတဲ့ စကားလုံးတွေ စေ့စပ်လွန်းလို့ အပ်နဲ့ထိုးဖို့တောင် အကြားအလပ် မရှိတဲ့ ကဗျာလေးအနေနဲ့ နှစ်သက်မိပါတယ်။
ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်း ကလေးကနေ ငါ အစာရှာ ထွက်တိုင်း
သစ်ပင် မြက်ပင်လေး တွေကို ကိုက်ကိုက်ပြီး
ငါ ထွက်လာခဲ့မြဲ
ခု…
လူ နဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။ ။
မောင်ချောနွယ်
ဆရာမောင်ချောနွယ် ဟာ လောကကြီးရဲ့ ခေါ်သံကို ကဗျာနဲ့ ပြန်ထူးနိုင်ခဲ့တဲ့ ကြီးမြတ်တဲ့ ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ ကဗျာကို ရွေးခဲ့လို့ ကြီးကြီးမားမား ပေးခဲ့ဆပ်ခဲ့ ရတဲ့ကြားထဲက "တစ်ဘဝ ကဗျာဆရာ မဟုတ်ခဲ့တာ သေချာပြီ" လို့ သူရသတ္တိ ကုံကုံလုံလုံ နဲ့ ကြွေးကြော်စူးရဲ နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒဏ်ရာတွေကပဲ ကဗျာတွေကို ပေးခဲ့လေသလား၊ ကဗျာတွေကပဲ ဒဏ်ရာတွေကို ပေးခဲ့လေသလား၊ ဝေခွဲရခက်နေတဲ့ ကြားကကိုပဲ စိမ့်အန်ထွက်ကျ လာတဲ့ ဆရာ့ရဲ့ ကဗျာတွေက နာနာကျင်ကျင် တောက်ပနေခဲ့ပါတော့တယ်။
ဒီစာကို ရေးဖို့ တိုက်တွန်းခဲ့တဲ့ သူငယ်ချင်းကိုမျိုး (khunmgmyo.blogspot.com) ကို ကျေးဇူးတင်ပါတယ်။
ညိုထက်ညို
Protected: အမုန်းမြို့ရဲ့ အဝေးဆုံး တနေရာ
You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.