Tuesday, December 30, 2008

[ဆုံဆည်းရာ] 4 New Entries: ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၈

အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ဧရာဝတီ-အေးလဲ့၊ ဒီဇင်ဘာလ ၂၆ ရက် ၁၀၀၈

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ ကြည့်ရှု၍ လေ့လာ ဆွေးနွေးမည် ဖြစ်ကြောင်း နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ တဦးက ပြောသည်။

ရုပ်ရှင်ခေတ်ဦးနှင့် ယနေ့ခေတ်ရုပ်ရှင် မည်သို့ ကွာခြားသည်ကို မျိုးဆက်သစ်ရုပ်ရှင်သမားများ လေ့လာနိုင် ရန် ၁၉၂၂ခုနှစ် က ရိုက်ကူးခဲ့သည့် ကမ္ဘာ့ပထမဆုံး မှတ်တမ်းရုပ်ရှင် Nanook of The North ဇာတ်ကား ကို ပြသမည်ဖြစ်သည်ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

ဦးကြည်စိုးထွန်းက "စက်မှုတွေ ကလည်း ဆန်းသစ် လာပြီလေ၊ ဒီနေ့ အနုပညာ မျိုးဆက်သစ်တွေ အနေနဲ့က ကွန်ပျူတာ နည်းပညာအရ ကောင်းကောင်း နာလည်ရမယ်၊ ပြသပုံ ပြသနည်း ကလည်း ဦးတို့ ငယ်တုန်းက ခေတ်နဲ့ ကွာခြားသွားပြီလေ၊ ရှေ့က ဟာလည်းကြည့် အခုခေတ် နည်းပညာလည်း လိုက်ရမှာ ပေါ့နော်၊ အဟောင်းရော အသစ်ရော လေ့လာရပါမယ်" ဟုပြောသည်။

ယင်း Nanook of The North ဇာတ်ကားသည် အဖြူအမည်း အသံတိတ် ရူပ်ရှင်ဇာတ်ကားဖြစ်ပြီး
Robert J . Flaherty ဆိုသူက ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဓာတ်ပုံသမားအဖြစ် ကနေဒါ မြောက်ပိုင်းရှိ အက်စ်ကီးမိုး လူမျိုးများ၏ နေထိုင်မှု သဘာဝကို ကိုယ်တိုင်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။ Nanook ဆိုသည်မှာ ဇာတ်ကားတွင်ပါဝင်သည့် အက်စ်ကီးမိုး လူမျိုးနာမည်ဖြစ်သည်။

၁၈၉၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြင်သစ်လူမျိုး လူမီးယားညီအစ်ကိုနှစ်ဦးက ပဲရစ်မြို့ရှိ Grand ကော်ဖီဆိုင်တွင် ပရိသတ် ၃၃ယောက် နှင့် စတင်၍ တမိနစ်စာ ရုပ်ရှင်အပိုင်းအစများ ပြသခဲ့သည့်နေ့ကို ကမ္ဘာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ယခု မှတ်တမ်းရုပ်ရှင်ကားကို ပြသရခြင်းဖြစ်သည်ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်း က ပြောသည်။

ထိုကမ္ဘာ့ရုပ်ရှင်နေ့တွင် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားများ၊ ရုပ်ရှင်ပညာလေ့လာနေသော ကျောင်း သားများ၊ အနုပညာသည် တချို့နှင့် စာနယ်ဇင်းသမားများတက်ရောက်ရန်ဖိတ်ကြားထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးကြည်စိုးထွန်းကဆက်လက်ပြီး"ကမ္ဘာကိုလည်း ဗမာအကြောင်းသိစေချင်တယ်၊ ဗမာကိုလည်း ကမ္ဘာ့ အကြောင်း သိစေချင်တယ်၊ အဲဒါပါပဲ၊ တခြားနိုင်ငံတွေက တအားကို ဖွံ့ဖြိုး တိုးတက်ပြီးတော့မှ ကျနော်တို့ နိုင်ငံမှာတော့ အများကြီးကျန်ရစ် နေတာပေါ့နော်၊ စက်မှုပညာဆိုတာ ကတော့ နိုင်ငံတော်ကပံ့ပိုးမှ ရမယ့် ကိစ္စပါ" ဟုပြောသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများအနနှင့် နိုင်ငံတကာ ထိုးဖောက်နိုင်ရန် နည်းပညာပိုင်း၊ စိတ်ကူးစိတ်သန်း၊ တင်ဆက်ပုံများနှင့်ပတ်သက်ပြီး များစွာကြိုစားရမည်ဟုလည်း ၎င်းကပြောသည်။

ဦးကြည်စိုးထွန်းက "ဥပမာပေးရရင်တော့ တိုင်တန်းနစ်(Titanic) ရုပ်ရှင်ကားဆိုပါတော့၊ ဒီကားက ပိုက်ဆံ သောက်သောက်လဲ ရတဲ့ကားဖြစ်တယ်၊ ကွန်ပျူတာနည်းစနစ် တွေပါတယ်၊ ဒီကားဇာတ်လမ်းလိုပဲ ရှေးခေတ် အဖြူအမည်းခေတ်က ရိုက်ကူးခဲ့တဲ့ A night to remember ဆိုတဲ့ ဇာတ်ကားနှစ်ကား ယှဉ်ကြည့်ရင် အရ သာ က တမျိုးစီပေါ့နော်၊ ဒီခေတ်မှာပြန်ကြည့်ရင်တော့ ရိုးသလိုလိုနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ တချို့ပြပုံ လေးတွေ က သိပ်ကောင်းတာပဲ၊ ဒီကားနှစ်ကားရဲ့ ကွာခြားပုံအရ ရှေးကကား တွေကိုလည်း လက်လွတ် လို့မရဘူးဆိုတဲ့သဘောပေါ့" ဟုပြောသည်။

ပထမဦးဆုံး မြန်မာ့ရုပ်ရှင် "မေတ္တာနဲ့သူရာ" အမည်ရှိအသံတိတ် ဇာတ်ကားကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖခင်ကြီး ဒါရိုက်တာ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး ၁၉၂၀ အောက်တိုဘာလ ၁၃ရက်နေ့က ရုံတင်ပြသခဲ့ သည်။

မြန်မာ့ရုပ်ရှင်သမိုင်းသည် ၁၉၂၀ ခုနှစ် ကစပြီး လာမည့်၂၀၂၀ ခုနှစ်တွင် ရာပြည့်နှစ်ဖြစ်မည်။

HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၁၀၀၈

ပြည်တွင်းရှိ HIV/ AIDS ဝေဒနာ ရှင်များကို စောင့်ရှောက် ပေးနေသော အန်ဂျီအိုများက လူနာသစ်များ လက်မခံတော့ သဖြင့် ၎င်း ဝေဒနာ သည်များကို စောင့်ရှောက် ပေးနေသော မဖြူဖြူသင်းတို့ထံသို့ ဝေဒနာရှင်များစွာ ရောက်ရှိလာရာ ဆေးဝါးနှင့် စရိတ်စက အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ပေးနေသော မဖြူဖြူသင်း၏ အဆိုအရ ၎င်းတို့ထံသို့ လူနာသစ်များ နေ့စဉ် ၄ ဦးမှ ၅ ဦးထိ ဝင်လာလျှက်ရှိကြောင်း သိရသည်။

"လာသမျှလူနာတိုင်းကို မလုပ်ပေးနိုင်ဘူးလို့ ငြင်းဖို့ကလည်း မလုပ်ချင်ဘူး။ တချို့ဆို ညဘက်ကြီး ရောက်လာ တာ။ နေဖို့၊ စားဖို့ကအစ ကျမတို့ အစစတာဝန်ယူပေးရတာ" ဟု ၎င်းက ပြောပြသည်။

လုပ်ရိုးလုပ်စဉ်အရ မဖြူဖြူသင်းဦးဆောင်သော HIV/ AIDS ဝေဒနာသည်များ စောင့်ရှောက်သည့် အဖွဲ့သည် ယခင်က ဝေဒနာသည် တဦးရောက်လာလျှင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ နယ်မှ ဝေဒနာရှင်များ နေစရာ မရှိလျှင် နေစရာ စီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးသည်။ ၎င်းလူနာများ ဆေးစစ်ရန်လိုအပ်ပါက ပီအက်စ် အိုင် နှင့် ချိတ်ဆက်ပေးပြီး ဆေးသောက် ရန်လိုအပ်လာပါက အေဇက်ဂျီ ဆေးခန်းများသို့ ညွှန်ပြခြင်းတို့သာ ဆောင်ရွက် ပေး ခဲ့သော်လည်း ယခုအခါ လူနာများလာပြီး အစစအရာရာ တာဝန်ယူနေရသဖြင့် အခက်အခဲရှိနေသည်ဟု သိရသည်။

"လူနာတွေက ဆေးခန်းတွေမှာ တယောက်နဲ့ တယောက် တွေ့ရင် သတင်းဖလှယ်ပြီး ကျမတို့ဆီသွားလို့ရတယ် လို့ အချင်းချင်း လမ်းညွှန်ကြရာက တဆင့်စကားနဲ့သိပြီး ရောက်လာတာ နေ့တိုင်း လူနာအဝင်အထွက်ရှိပေမယ့် အမြဲတမ်း လူနာက အယောက် ၄၀ လောက်က မလျော့ဘူး" ဟု မဖြူဖြူသင်းက ပြောပြသည်။

မဖြူဖြူသင်းနှင့် အဖွဲ့က တာမွေမြို့နယ်ရှိနေအိမ်တလုံးနှင့် တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိသားစုပိုင် နေအိမ်တို့တွင် လူနာများကို စောင့်ရှောက်ပေးလျှက်ရှိရာ ရေရှည်တွင် လူနာများနေရေးစားရေးနှင့် ဆေးရရှိရေးအတွက် အခက်အခဲရှိကြောင်း မဖြူဖြူသင်းနှင့်အတူ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်နေသော ကိုရာဇာကလည်း ပြောပြသည်။

"အစိုးရက ဒီဝေဒနာသည်တွေအတွက် ဖွင့်ပေးထားတဲ့ ဆေးရုံတွေမှာလည်း အေအာဗီမပြောနဲ့ သာမန် ဘာမီတွန်လို သာမန်အခွင့်အရေးယူရောဂါတွေအတွက် ဆေးတွေတောင် အလကား မပေးနိုင်ဘူး" ဟု ကိုရာဇာကဆက်ပြောသည်။

သာမန်အခွင့်အရေးယူရောဂါဆိုသည်မှာ ခုခံအားကျဆင်းချိန်တွင် ဝင်လာတတ်သော ဖျားနာ၊ မှဲ့ခရု၊ ရေယုန် အစရှိသည့် ရောဂါဝေဒနာများဖြစ်သည်။ အစိုးရက HIV/ AIDS ဝေဒနာသည်များအတွက် ဝေဘာဂီဆေးရုံနှင့် မင်္ဂလာဒုံဆေးရုံ ၂ ရုံဖွင့်လှစ်ပေးထားသည်။

အေဇက်ဂျီက ၂၀၀၆ ခုနှစ်ကတည်းက အေအာဗီဆေးပေးခြင်းကို ရပ်နားထားလိုက်သော်လည်း လူနာသစ်များ လက်ခံပေးနေသေးသည်။ ယခုအခါ လူနာသစ် လက်ခံခြင်းကိုပါ လုံးဝ ရပ်နားထားလိုက်ပြီဖြစ်သည်။ မဖြူဖြူသင်း ဦးဆောင်သော အဖွဲ့က လက်ရှိ အေအာဗီဆေးတိုက်ကျွေးနေသော လူနာအရေအတွက်မှာ ၈၀ မှ ၁၀၀ အတွင်းရှိနေရာ ရေရှည် ဆေးတိုက်ကျွေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

"ခုဆေးပုံမှန်စားနေတော့ အရင်လိုလူကောင်းအတိုင်းပဲ နေလို့ စားလို့ တော်တော်ကောင်းတယ်။ ကျန်းမာနေ ပါတယ်" ဟု မဖြူဖြူသင်းတို့ထံတွင် နေထိုင်ကာ အေအာဗီဆေး စားခွင့်ရနေသော ဝေဒနာရှင် ကိုမျိုးက ပြောပြသည်။ ၎င်းသည် ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ရန်ကုန်ရောက်၍ မဖြူဖြူသင်းတို့၏ အစောင့်အရှောက် ခံနေသည်မှာ ၃ လခန့်ရှိပြီဖြစ်သည်။

ယခုလက်ရှိတွင် မဖြူဖြူသင်းနှင့်အဖွဲ့သည် HIV/ AIDS ပညာပေးအစီအစဉ်အဖြစ် လက်ကမ်းစာစောင် ထုတ်ဝေရန် စီစဉ်လျှက်ရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် မထုတ်နိုင်သေးကြောင်း ကြားသိရသည်။

"တချို့ဆို ဒီရောဂါကို လုံးဝမသိဘူး။ နယ်ကလူတွေ ဒီရောဂါအကြောင်း မသိဘဲ သေသွားတဲ့သူတွေ ရှိတယ်။ တချို့က သိတာနဲ့ ပိုက်ဆံလည်း ရှိတော့ အေအာဗီဆေးသောက်ပြီး ကျန်းမာလာကြတာရှိတယ်" ဟု မဖြူဖြူသင်းက ရှင်းပြသည်။

လက်ကမ်းစာစောင်များကို ယခင်က အန်ဂျီအိုများထံမှရရှိသော်လည်း ယခုနောက်ပိုင်း မရနိုင်တော့ရာ လျှောက်လွှာစာရွက်ပေါ်တွင် လက်ရေးနှင့် နိုင်သလောက်ရေး၍ ဝေဒနာသည်များကို ဖတ်ခိုင်းသည့် အစီအစဉ်သာ ပြုလုပ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအာဗီဆေး စားခွင့် ရရှိသူမှာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ကြေညာထားသည်။

မဖြူဖြူသင်းနှင့်အဖွဲ့သည် ၎င်းဝေဒနာရှင်များကို ၂၀၀၂ ခုနှစ်မှ စတင်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး စတင်ချိန်မှ ရေတွက်လျှင် ယခုထိ လူနာပေါင်း ၂၅၀၀ ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြောင်း ကိုရာဇာကပြောသည်။

"အေအာဗီဆေးက ပျောက်တဲ့ဆေး မပေါ်မချင်း မသေမချင်းသောက်နေရမှာ။ ရေရှည်မှာ လူနာတွေအတွက် ကျနော်စိုးရိမ်တယ်" ဟု ကိုရာဇာက ပြောသည်။

ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ မပျယ်သေး

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၀၈

အိန္ဒိယ သမုဒ္ဒယာထဲမှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ ငလျင်လှိုင်းတွေကြောင့် ပြီးခဲ့တဲ့ လေးနှစ်က အာရှနိုင်ငံတွေမှာ လူတွေ သိန်းချီသေဆုံးခဲ့တာ ဒီနေ့ လေးနှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ဆူနာမီလှိုင်းတွေကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ထောင်နဲ့ချီ သေဆုံးခဲ့ပေမယ့် ဒီအလုပ်သမားတွေရဲ့ မိသားစုတွေကို ကူညီ စောင့်ရှောက်ရေးတွေမှာ အားနည်းချက်တွေ ရှိနေဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ လှိုင်းကြောင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းက နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ လူ ၂၃၀,၀၀၀ ကျော်လောက် သေဆုံးခဲ့ရပြီး ၄၅,၀၀၀ လောက် ပျောက်ဆုံးခဲ့ရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဆူနာမီလှိုင်း ရိုက်ခတ်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာ လာရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ က သတင်းထုတ်ပြန်ခဲ့ပါတယ်။


မိသားစုဝင်တွေ သေဆုံးခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အခုချိန်ထိ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်တာ မရှိသေးဘူးလို့ ဆူနာမီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူ ဦးထူးချစ် က ပြောပါတယ်။

"အဓိက ကတော့ဗျာ ကျနော်တို့ အနေနဲ့ လုပ်ဖို့ကျန်ခဲ့တာတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတဲ့ ဒီ trauma ဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ကျနော်တို့တွေလည်း မလုပ်လိုက်နိုင်ဘူးပေါ့နော်။ သူတို့ရဲ့ မိသားစုဝင်တွေ ဥပမာ သူတို့ရဲ့ သားမယားတွေ၊ သားသမီးတွေ ဆုံးရှုံးသွားတဲ့ သူတွေပေါ့ဗျာ။ အဓိက ကျနော်တို့ အနေနဲ့ သိပ်ပြီးတော့ မသိသာပေမယ့် ကျနော်တို့ တွေ့ဖူးတဲ့ စိတ်ပညာရှင်တွေက သူတို့ဟာ တခုခု ချို့ယွင်းနေတယ် ဆိုတဲ့ဟာမျိုးပေါ့။ တချို့ဆိုရင် အရက် အလွန်အကျွံ သောက်နေတာတို့ လက်ရှိ သာမန်လူတွေထက် ထူးခြားနေတာမျိုးတွေ ကျနော်တို့ တွေရတာရှိတယ်ဗျ။ အမျိုးသမီးတွေ ကျတော့လည်း စိုးရိမ်ကြောက်လန့်မှု လွန်ကဲတာဗျ။ တချို့တွေက အဲဒီ ခါးသီးတဲ့ဟာတွေ တွေ့ခဲ့ရတော့ တခုခု လေမုန်တိုင်း ဖြစ်တယ်။ မိုးကြီးတယ်ဆိုလို့ရှိရင် ပြေးဖို့ ရှောင်ဖို့တွေကိုပဲ အမြဲတမ်း စဉ်းစားတယ်။ ဘယ်လိုမှ သူတို့ကို နှစ်သိမ့်လို့ မရဘူး။ အဲလိုပုံစံမျိုးတွေ ကျနော်တို့ တွေ့ရတယ်။"

ထိုင်းအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တခြား ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် ဆူနာမီ ဒုက္ခသည်တွေနဲ့ နှိုင်းစာရင် ကယ်ဆယ်ရေး အဖွဲ့တွေ က အင်အားနည်းလွန်းနေတယ်၊ အထူးသဖြင့် မြန်မာ အလုပ်သမား တွေအတွက် အလုပ်အကိုင် ရှာဖွေရေးနဲ့ အိမ်ယာပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်တာမရှိခဲ့ဘူးလို့ ကိုထူးချစ် က ထောက်ပြပါတယ်။

ဆူနာမီလှိုင်း အတွင်းမှာ ဇနီးနဲ့အတူ ပိုင်ဆိုင်တာတွေ အားလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးနှစ်ယောက် ဖခင် ကိုလှစိုးကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်။

"ကျနော်လိုက်ရှာတဲ့အခါ ရှာမတွေ့ဘူးဗျာ။ ကျနော့် သားကြီးဆိုရင် အော်ငိုတာ အမေ အမေနဲ့ ငယ်သံပါသွားတာပေါ့။ အမေ အမေ သားတို့ကို ထားခဲ့ပြီလား အော်တာ။ ကျနော်လည်း အဲဒီမှာ မျက်ရည်တွေ တအားကျတာပေါ့၊ တို့မိသားစုဘ၀ဆုံးပြီ။ ဘ၀ကွဲပြီပေါ့။ ကျနော့်သမီး ၁၂ နှစ်က သူ့အမေဆုံးပြီး ၁ နှစ်အကြာမှာ သူ့အမေလွမ်းတဲ့ စိတ်နဲ့ပဲ ရောဂါရပြီး ဆုံးသွားတာပဲ။ အခုလည်း ကျနော် အခုထက်ထိ ဆူနာမီ ဖြစ်ပြီးနောက်ပိုင်းမှာ ပင်လယ်ကမ်း ဆင်းတာလည်း မရှိ။ ပင်လယ်ကမ်းသွားပြီး စိတ်ကူးယဉ်တာလည်း မရှိ။ ကြောက်လန့်သွားတာပေါ့။ အခုလည်း ကျနော် အလုပ်လုပ်ရင် ကမ်းနားပေါ်မှာ အကာအကွယ်ရှိတဲ့ နေရာတွေမှာ လိုက်လုပ်တယ်။ ပင်လယ်ကမ်းဆိုတာ ကြောက်ကို ကြောက်သွားတာ မျက်စိထဲ မြင်ကို မမြင်ချင်တာ။"

ကိုလှစိုးဟာ သူ့ရဲ့ ဇနီး အလောင်းကိုလည်း ပြန်မရခဲ့ပါဘူး။ အခုအချိန်ထိ အမည်မသိ အလောင်းပေါင်း ၄၀၀ နီးပါး ကျန်ရှိနေပြီး ပျောက်ဆုံးစာရင်း အနေနဲ့ ၄၄၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပျောက်ဆုံး စာရင်းထဲမှာ ၉၅ ယောက်ဟာ မြန်မာအလုပ်သမားတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆူနာမီ ဖြစ်ပွားချိန်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး အခုလည်း ဆူနာမီလှိုင်းဒဏ်သင့်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဖန်င ဒေသမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ ကိုထူးချစ် က မြန်မာပြည်မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ ဆူနာမီလှိုင်းနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

"ကျနော်တို့ နာဂစ် မြန်မာပြည်မှာ ဖြစ်တာနဲ့ ဆူနာမီ ထိုင်းမှာဖြစ်တာနဲ့ဆို နှိုင်းယှဉ်လို့မရတဲ့ ကွာဟမှုတွေ ဖြစ်လိမ့်မယ်လို့ မြင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆူနာမီ ဖြစ်ပြီးတော့ ရက်ပိုင်းအတွင်း တပတ်လောက်ပဲ ကြာတယ်။ တတ်နိုင်သလောက် ကျနော်တို့ အဲန်ဂျီအို တွေရော ဒီ ထိုင်းအစိုးရရဲ့ ဌာနဆိုင်ရာတွေရော ထိုင်းလူမျိုးတွေကရော တကယ့်ကို တတပ်တအားနဲ့ နိုင်တဲ့ဘက်ကနေ အရေးပေါ်လုပ်ငန်းတွေ လုပ်ပေးကြတော့ ဘာပဲပြောပြော သူတို့အနေနဲ့ လုပ်ပေးထားနိုင်တယ်ပေါ့။ နာဂစ်မှာကျတော့ နိုင်ငံတကာရော နိုင်ငံတကာက တသီးပုဂ္ဂလ အလှူရှင်တွေပါ လွတ်လွတ်လပ်လပ် လှူခွင့်မပေးတာမျိုးတွေ ဘာတွေ ရှိတာဆိုတော့လေ အင်မတန်မှ ကွာဟနေတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။"

ထိုင်းအာဏာပိုင်တွေက ဆူနာမီ လှိုင်းအတွင်း ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်း ၅,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး နာဂစ်မုန်တိုင်းအတွင်းမှာတော့ ကွယ်လွန်သူနဲ့ ပျောက်ဆုံးသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိမယ်လို့ မြန်မာစစ်အစိုးရ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၄) နှစ်မြောက် ဆူနာမီ နှစ်ပတ်လည်အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င မြို့နယ် ဘန်နယန်း မှာ ဆူနာမီ ပြခန်းဖွင့်ပွဲ ကျင်းပခဲ့သလို ညနေဖက်မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.