တယောက်မကောင်း အများ...
`ကဲ...၊ မကျေနပ်ရင် တစ်ကစ တဲ့။ တပ်စု (၁) ကကောင်တွေ ထိပ်ဆုံးကနေ ထွက်စမ်း´
တပ်စု(၁) တပ်သားသစ် တပ်စုမှူး၏ `တပ်စု၊ သတိ၊ ဘယ်လှည့်´ ဟူသော အမိန့်သံများ ထွက်လာသလို တပ်သားသစ်အားလုံး၏ စစ်ဖိနပ်သံများ တဖြောင်းဖြောင်း ထွက်လာသည်။ အားလုံးသော တပ်သားသစ်သင်တန်းသားများ၏ မျက်နှာတွေကတော့ ကြောက်ရွံ့ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ရောယှက်နေလေ၏။
ယင်းနောက်တွင်တော့ တပ်စု(၁)မှ တပ်သားသစ်များ အတန်းလိုက်ဖြင့် အိမ်သာ ရှိရာဘက်သို့ တယောက်ခြင်း... ... ...။
`တယောက်ကို နည်းနည်းစီပဲနော်၊ နောက်လူတွေအတွက် ချန်ထား´ ဟူသော သင်တန်းအရာခံဗိုလ် ရဲ့ ခပ်မာမာအသံက သူတို့နောက်ကျောမှ ကပ်လိုက်လာသေးသည်။
***
တေဇ တပ်သားသစ် တပ်ခွဲမှာ တပ်စုက လေးစု၊ တပ်သားသစ်ပေါင်း ၂၅၀ စာအတွက် အိမ်သာက စုစုပေါင်းမှ ၈ လုံးသာ ရှိ၏။ နေဇာတို့ ရောက်ခါစမှာတုန်းက အဲဒီအိမ်သာတွေ အားလုံး တလုံးမှ သန့်သန့်ရှင်းရှင်း မရှိ...။ နောက်ပိုင်း ဖက်ထိပ်တာဝန်တွေ ခွဲကြပြီး အိမ်သာသန့်ရှင်းရေးတွေ လုပ်လိုက်တော့မှ သေသေသပ်သပ် သပ်သပ်ရပ်ရပ် ဖြစ်ရသည်။
ဒါပေမယ့် လူ အယောက် ၂၅၀ စာအတွက် အိမ်သာ ၈ လုံးဆိုတာက လောက်ငသော အရေအတွက် မဟုတ်။ ရောက်ခါစမှာတုန်းက ဒါကို သတိမထားမိတော့ နေဇာ အတော်ဒုက္ခရောက်ရသည်။ မနက်မိုးလင်းချိန်ဆိုရင် အိမ်သာရှေ့မှာ သွားရပ်စောင့်ရတဲ့ ဒုက္ခက မသေးလှ။ တန်းစီချိန်ကလဲ နီး၊ ဝေဒနာကလဲ မလွယ်နိုင် ဖြစ်တဲ့အခါမျိုးဆို အတော်ဆိုးလှသည်။ နောက်တော့ ညအိပ်ခါနီး အလေးသွားထားသည့် အကျင့်ကို မွေးယူရ၏။ ဒါတောင် မနက်စောစောမှာ အပေါ့အလွန်သွားချင်တဲ့အခါမျိုးဆို ဒုက္ခရောက်ရသေးသည်။
မနေ့ကတော့ သင်တန်း တပ်ခွဲ အရာခံဗိုလ် ဆရာကြီး သောင်းအေးက သင်တန်းသား အားလုံးကို စကားပြောရင်း အိမ်သာ ကိစ္စကို ထည့်ပြော၏။
`မင်းတို့ ကောင်တွေနော်၊ အိမ်သာတွေသုံးတာ စည်းနဲ့ကမ်းနဲ့သုံး၊ အီးပါသေးပေါက်ကို အိမ်သာမှာပဲ လုပ်ကြ၊ အိမ်သာဘေးမှာ အပေါ့အလေး သွားတဲ့ကောင်တော့ နာမယ်သာမှတ်၊ အေး...၊ တယောက်ယောက် အပေါ့အလေး သွားထားတာကို တွေ့လို့ ဘယ်သူမှန်း မသိရင်တော့ တပ်ခွဲတခွဲလုံး အဲဒီ အီးပုံကို လက်ညှိုးနဲ့ ကလော်ရမယ်´
***
တိုက်ဆိုင်တာပဲလား၊ ဒါမှမဟုတ် တပ်သားသစ်တွေထဲက တယောက်ယောက်ကများ တကယ်ပဲ စည်းကမ်းမဲ့တာလား၊ ဒါမှမဟုတ်... ... ....။ ဘာကြောင့်မှန်း မသိပေမယ့် ဒီနေ့မနက် စောစောမှာတော့ နေဇာတို့ တပ်သားသစ် သင်တန်းသားအားလုံးအတွက် သတင်းဆိုးက စောင့်နေလေပြီ။
သင်တန်းအရာခံဗိုလ်ရဲ့ မျက်နှာ ခပ်ထန်ထန်က တပ်ခွဲ တခုလုံးကို ဖြန့်ကျက်စီးမိုးလို့... ... ...။
`ငါညက ပြောတယ်၊ အခု အိမ်သာ နှစ်လုံးကြားမှာ စည်းမရှိကမ်းမရှိ အီးပါထားတယ်၊ ကဲ...၊ မင်းတို့က ငါ့ကို စမ်းတာဆိုတော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့ကွာ၊ ညက ပြောထားတဲ့အတိုင်းပေါ့´
***
`ဝေါ့၊ အေ့´
လက်ညှိုးတွေကို မြေကြီးပေါ်မှာ ပွတ်သပ်ပစ်ရင်း မျက်နှာရှုံ့မဲ့စွာ ထွက်လာသူက ထွက်လာ၊ ပျို့အန်သော အသံတွေထွက်သူက ထွက်နဲ့...။ နောက်မှာ တန်းစီစောင့်နေသော သူတွေကလဲ မျက်နှာတွေက မသာမယာ။ စိုးရွံ့ဟန်တွေကလဲ သူတို့မျက်နှာတွေပေါ်မှာ အထင်းသား...။
`နည်းနည်းပဲ ကလော်နော်၊ အနောက်က ယောက်ဖအတွက် ချန်ထား´ ဆိုတဲ့ သင်တန်းဆရာတွေရဲ့ အသံကလဲ အဆက်မပြတ်။
တပ်စု(၁) မှ လူကုန်လို့ တပ်စု(၂) အလှည့်ကို ရောက်နေလေပြီ။
ဆယ်ယောက် သာသာလောက် အရောက်မှာတော့... ... ...။
`ဟာ...၊ ဟေ့ကောင်၊ ဘာလုပ်တာလဲ၊ ဟေ့ကောင်´ ဆိုသော အသံနှင့် အတူ အိမ်သာနားမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားသည်။ `မင်းက သူရဲကောင်းလားကွ´ ဆိုတဲ့ အသံနှင့်အတူ ထိုးကြိတ်သံတချို့၊ `အားးး၊ အီးး´ ဟူသော ညည်းညူသံတွေပါ ထွက်ပေါ်လာ၏။
`သတိဆွဲစမ်း၊ ဟေ့ကောင်´
သင်တန်းအရာခံဗိုလ်ရဲ့ စကားသံအဆုံးမှာ စောစောက အထိုးအကြိတ်ခံခဲ့ရဟန် တူတဲ့ တပ်သားသစ်က တုန်ချိချိန်ဖြင့် သတိအနေအထားကို ကြိုးစားပြီး ဆွဲနေစဉ်မှာပင်...
`မင်းက လက်ခုပ်အပြည့်နဲ့ အားလုံးကြုံးပစ်ရအောင်၊ လူစွမ်းကောင်းလားကွ´
`ဖြောင်း´
`ဒါစစ်တပ်ကွ၊ တယောက်မကောင်း အများဆိုတာ မင်းနားလည်လား´
`ဖြောင်း´
ဘာပဲဖြစ်လာဖြစ်လာ၊ ခံတော့မည်ဟု ဆုံးဖြတ်ထားဟန် ထို တပ်သားသစ်က ပထမတော့ ပေတေပြီး ခံနေသေးသော်လည်း နောက်တော့ မြေပေါ်ကို ပုံခနဲ လဲကျသွားသည်။ ဒါတောင် သင်တန်း အရာခံဗိုလ်က ဒေါသမပြေသေးဟန်ဖြင့် နှစ်ချက်လောက် ဆင့်ကန်လိုက်သေးသည်။ ပြီးမှ...
`အဲဒီကောင် ဒီနေ့ နေ့လည်စာ မစားစေနဲ့´
***
သင်တန်းနားချိန် ညဘက်ရောက်တော့ တပ်သားသစ်တွေ အချင်းချင်း တီးတိုးပြောဖြစ်ခဲ့ကြသည်က တပ်စု(၂)က တပ်သားသစ် ရဲနိုင် အကြောင်းပင် ဖြစ်၏။
သူ့နောက်က လူတွေ မစင်ပုံကို လက်ညှိုးနဲ့ ထပ်ပြီး နည်းနည်းခြင်းစီ ကလော်ရလေအောင် သူ့လက်ခုပ်နဲ့ အတင်းကြုံးပြီး အထုခံအရိုက်ခံကာ အနားက သဲမှုန့်တွေကိုပါ အတင်းဖြန်းပစ်ခဲ့တဲ့ ရဲနိုင်ရဲ့ လုပ်ရပ်ဟာ မှန်သလား မှားသလား ဆိုတာတော့ နေဇာ မဝေခွဲနိုင်ပေမယ့် ဒီအပြစ်ပေးနည်းဟာလဲ မှန်သလား မှားသလားဆိုတာ မဆုံးဖြတ်တတ်ခဲ့ပါ။
ဒီနည်းလမ်းနဲ့ အပြစ်ပေးတဲ့လူက မှန်သလား၊ ရဲဘော်ရဲဘက်စိတ်ဖြင့် ကိုယ့်သူငယ်ချင်းတွေ အစား အသားအနာခံသွားသည့် ရဲနိုင်က မှန်သလားဆိုတာ တွေးရင်း တည ကုန်လွန်ခဲ့ပြန်လေပြီ။
***
ကလိုစေးထူး

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.