Wednesday, December 24, 2008

[ဆုံဆည်းရာ] 7 New Entries: ၂၀၀၈ ခု ဒီမိုကရေစီရေးညွှန်းကိန်း ဆန်းစစ်ချက် မြန်မာနောက်ဆုံးနီးပါးရ

၂၀၀၈ ခု ဒီမိုကရေစီရေးညွှန်းကိန်း ဆန်းစစ်ချက် မြန်မာနောက်ဆုံးနီးပါးရ

ခေတ်ပြိုင်၊ ဒီဇင်ဘာ ၂၂ ရက် ၂၀၀၈

ကမ္ဘာတလွှားရှိ (၁၆၇) နိုင်ငံကို ဒီမိုကရေစီရေးပီပြင်မှုရှိမရှိ လန်ဒန်အခြေစိုက် အီးအိုင်ယူအဖွဲ့က စစ်တမ်းကောက်ပြီး ညွန်းကိန်းတည်ဆောက်ကြည့်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် (၁၆၃) မှာသာရှိသည်။

ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်ခန့်ကို ဒီမိုကရေစီနိုင်ငံများဟု တွက်ဆနိုင်သော်လည်း ဒီမိုကရေစီ အပြည့်အ၀ရှိသည့် နိုင်ငံအရေအတွက်မှာ (၃၀) ရာခိုင်နှုန်းခန့်သာရှိပြီး (၅၀) ရာခိုင်နှုန်းမှာ ဒီမိုကရေစီရေး ပြဿနာရှိသည့် နိုင်ငံများဟု သတ်မှတ်ထားသည်။ ကျန်ရှိနေသော နိုင်ငံ (၈၇) နိုင်ငံအနက် (၅၁) နိုင်ငံတွင် အာဏာရှင် နိုင်ငံများဖြစ်ပြီး (၃၆) နိုင်ငံမှာမူ တ၀က်တပျက်ဒီမိုကရေစီနိုင်ငံများဖြစ်သည်။ ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံများအဆင့်တွင် OECD အဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံ အများစု ပါဝင်ပြီး အာရှမှ ဂျပန်နှင့် တောင်ကိုရီးယား (၂) နိုင်ငံသာပါဝင်သည်။

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

မဇ္ဈိမ-မြင့်မောင်၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင် အာဏာပိုင်များက ဖိနှိပ်နေသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်။

မွန်ပြည်နယ် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်းခတ်ထားသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၄ ရက်ရှိနေပြီဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြနေသည့် အခြေအနေ အသေးစိတ်ကို ပိုမိုသိရှိနိုင်ရန် ဖခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

မဇ္ဈိမ-နန်းဒေ၀ီ၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်းဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။

မြန်မာ့အလုပ်သမားအရေး ပြဿနာများနှင့်ကြုံ

မဇ္ဈိမ-မိုးသူနှင့် ထက်ဝင်း၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

ရန်ကုန် (မဇ္ဈိမ)။ ။ ဥပဒေကို မလိုက်နာခြင်း၊ တိကျသေချာသော အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံမှ အလုပ်သမား အားလုံးနီးပါးသည် အလုပ်ရှင်များခိုင်းသမျှ လုပ်နေရသည့်ဘဝသို့ ရောက်နေသည်။

ပျက်စီးယိုယွင်းနေသော စီးပွားရေး၊ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာခဲ့သော စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အလုပ်သမားအခွင့်အရေး ကိစ္စများကို သိရှိနားလည်မှု မရှိခြင်းကြောင့် မြန်မာအလုပ်သမားများမှာ ရွေးချယ်စရာဟူ၍ မရှိဘဲ အလုပ်ရှင်များ ခိုင်းသမျှ လက်ခံလုပ်ကိုင်ရသည့် အနေအထားသို့ ဆိုက်ရောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အဓိက စီးပွားရေးအချက်အခြာနှင့် မြို့ပြအဆန်ဆုံး ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများ၊ စက်မှု လုပ်ငန်းများ တည်ရှိရာ စက်မှုဇုံများဖြစ်သည့် လှိုင်သာယာနှင့် ရွှေပြည်သာရှိ မြန်မာအလုပ်သမားများလည်း သူတို့၏ လုပ်ငန်းခွင် သာယာရေးနှင့် အခြေခံ အလုပ်သမားအခွင့်အရေးများ ဆိတ်သုဉ်းမှု ပြဿဿနာတို့နှင့် ပတ်သက်၍ သူတို့၏ အလုပ်ရှင်များနှင့် ပြဿဿနာများ ဖြစ်နေသည်ဟု သိရသည်။

ဤသို့ အခွင့်အရေးချိုးဖောက် စော်ကားခံရခြင်းများအတွက် စက်မှုဇုံများရှိ စက်ရုံအများအပြားတွင် မကြာခဏ ပြဿဿနာများ ဖြစ်ပွားနေရသည်ဟု ဆိုသည်။ အဆိုပါ စက်မှုဇုံများတွင် အနည်းဆုံးစက်မှုလုပ်ငန်း ၁၉ ခုရှိသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလကလည်း လှိုင်သာယာစက်မှုဇုံရှိ အိုပါးလ် (Opal) အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခမှန်မှန် မရခြင်း၊ အလုပ်သမားအခွင့်အရေး ရုပ်သိမ်းခံရခြင်းကြောင့် အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။ ယင်းသည် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပေါ်နေသော ကြုံနေကျ ပြဿဿနာ၏ နမူနာတခုဖြစ်သည်။

နောက်တပတ်အကြာတွင် ကုမ္ပဏီက အလုပ်သမားများအား မူရင်းလစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ကျပ်ငွေ ၅ဝဝဝ စီ တိုးပေးလိုက်မှ အလုပ်သမားများက အလုပ်ပြန်ဆင်းရန် သဘောတူခဲ့ကြသည်။

လက်လှုပ်မှ ပါးစပ်လှုပ်ရသူ လုပ်ခစား မြန်မာအလုပ်သမားများအတွက် အကြုံရဆုံး ပြဿဿနာမှာ သူတို့၏ လစာစနစ်ဖြစ်သည်။ သူတို့မှာ တပတ်လျှင် ၆ ရက် လုပ်ကြရပြီး၊ အခြေခံလစာအဖြစ် တရက်လျှင် ကျပ် ၂ဝဝ (အမေရိကန်ဒေါ်လာ ၁၆ ဆင့်) သာ ရကြသည်။ ကျန်ငွေမှာ အလုပ်ပျက်ရက် မရှိခြင်း၊ ခွင့်မယူခြင်းအတွက် ဘောနပ်စ် အဖြစ် ရရှိခြင်းဖြစ်သည်။

အမှန်စင်စစ် ဘောနပ်စ်ဆုငွေ (Bonus) မှာ သူတို့လုပ်ခ၏ အဓိကအစိတ်အပိုင်း ဖြစ်နေသည်။ ယင်းဆုငွေမှာ တလလျှင် ကျပ် ၂ သောင်းကျော် ရလေ့ရှိသည်။ သို့သော် ဤဆုကြေးစနစ်သည် တရက်ပျက်လျှင်ပင် အဖြတ်ခံရသည်။ တရက်ပျက်၍ အဖြတ်ခံရသော ဆုကြေးငွေသည် သူတို့ရသော နေ့စားလုပ်ခထက် များသည်။ ထို့ကြောင့် အလုပ်သမားများမှာ ဆုကြေးရရန် အလုပ်ကို အပြင်းအထန် ပင်ပန်းဆင်းရဲစွာ ကြိုးစားလုပ်ကြရသည်။

တရက်ခွင့်ယူလျှင် ဆုကြေးမရသောကြောင့် မူရင်းလစာ မလုံမလောက်နှင့် အလုပ်သမားများမှာ အလွန်ကျပ်တည်းသော အခြေအနေနှင့် ရင်ဆိုင်ကြရသည်။

အသဲအသန် ရုန်းကန်ရပ်တည်နေရသော စီးပွားရေးလုပ်ငန်းများ၏ တူညီသော အသံကို ရောင်ပြန်ဟပ်သည့် အနေဖြင့် သူတို့စက်ရုံပိုင်ရှင် ထုတ်လုပ်သူများအနေဖြင့် လစာတိုးပေးရန် မတတ်နိုင်ကြောင်းဖြင့် အိုပါးလ်စက်ရုံမှ အကြီးတန်း စီမံခန့်ခွဲ့ရေး ဝန်ထမ်းတဦးက ပြောသည်။

အခြား စီးပွားရေးသမားများ၊ စက်ရုံပိုင်ရှင်များ၊ စက်ရုံမန်နေဂျာများကလည်း သူတို့ စီးပွားရေးလုပ်ငန်းများကို အမြဲတစေ ခြိမ်းခြောက်နေသည့် အခက်အခဲ အကျပ်အတည်းများ ဖြစ်ကြသော ငွေလဲလှယ်နှုံး မတည်ငြိမ်ခြင်း၊ ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာနေခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ လောင်စာဆီဈေးနှုံးများ မြင့်တက်ခြင်းနှင့် မကြာမီက ကြုံခဲ့ရသော မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ စသည်တို့ကို ပြောပြကြသည်။

ယခုလို အခြေအနေပေါင်းစုံ ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းများအနေဖြင့် အလုပ်သမားများ၏ လစာများ တိုးမြှင့်ပေးခြင်း၊ အလုပ်သမားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေးခြင်း ဆိုသည်တို့မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင်တဦးကမူ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ခမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထက်ပင် နည်းသေးကြောင်း ပြောသည်။

ဤလုပ်ခလစာကိစ္စအပြင် မြန်မာအလုပ်သမားများအတွက် အခြား အဓိက စိုးရိမ်ပူပန်ဖွယ်ရာများမှာ လုပ်ငန်းခွင် အခြေအနေ အလွန်အမင်း ဆိုးဝါးအောက်တန်းကျခြင်းဖြစ်သည်။ အလုပ်ရှင်များက ခေတ်မီနည်းပညာသစ်များ အသုံးပြု၍ ပိုလျှံအလုပ်သမားဟူ၍ မရှိအောင်၊ အလုပ်သမားများ၏ လုပ်အားကို အစွမ်းကုန်နှိုက်ထုတ် အသုံးချရန် ကြိုးစားကြသည်။ ဤတွင် အလုပ်သမားများအတွက် လုပ်ငန်းခွင်အခြေအနေမှာ အလွန်ဆိုးရွား နိမ့်ကျသော အဖြစ်နှင့် ရင်ဆိုင်ကြရသည်။

အချို့စက်ရုံများဆိုလျှင် အိမ်သာသွားရန်ပင် ကဒ်ပြားစနစ် တီထွင်ပြုလုပ်ထားသည်။ ဤနည်းဖြင့် အိမ်သာသွားနေသည့် အလုပ်သမားဦးရေ မည်သည့်အချိန်တွင်ပင်မဆို အနည်းဆုံး ရှိနေစေရန် လုပ်ဆောင်ထားသည်။ အိမ်သာထဲတွင် စကားဖောင်ဖွဲ့ အချိန်ဖြုန်းမနေရန် လုပ်ဆောင်ထားသော စနစ်ကြောင့် အလုပ်သမားများအတွက် အလွန် အဆင်မပြေ ဖြစ်ရသည့်အပြင် သိက္ခာလည်း အလွန်ကျသည့် အခြေအနေကို ရင်ဆိုင်ရသည်။ အိမ်သာတက်ခွင့်ကဒ်ပြား အရေအတွက်ကို ကန့်သတ်ထားပုံမှာလည်း အလွန်ရယ်စရာ ကောင်းလှသည်။ အလုပ်သမား ၇ဝ ခန့်ရှိသော စက်ရုံတရုံတွင် ထိုကဒ်ပြားမျိုး ၃ ခုသာ ရှိသည်။

နောက်ထပ် အထည်ချုပ်စက်ရုံ အလုပ်သမားများ တိုင်တန်းပြောဆိုကြသည့် သူတို့အတွက် အဆင်မပြေသည့် ကိစ္စမှာ စက်ရုံထဲတွင် ဖိနပ်စီးခွင့် မပေးခြင်းဖြစ်သည်။ တနေကုန် မတ်တပ်ရပ်၍ လုပ်ရသော သူတို့အလုပ်အတွက် ဤသို့ စီးခွင့်မပေးခြင်းကြောင့် ခြေထောက်များ နာကျင်ရကြောင်း ပြောဆိုသည်။ သို့သော် အလုပ်ရှင်များကလည်း ဖိနပ်စီးပါက သူတို့စက်ရုံမှ ထုတ်လုပ်နေသော အထည်များကို ပျက်စီးမှုများ ဖြစ်စေသည်ဟု ပြန်ပြောကြသည်။

နောက်ထပ် အဓိက အခက်အခဲတရပ်မှာ အပိုဝင်ငွေရှာရန်အတွက် အခြားအလုပ်အကိုင်များ လုပ်ရန် အချိန်ပိုဟူ၍ မရှိခြင်းဖြစ်သည်။ သူတို့ပေးသော အချိန်ပိုကြေးမှာလည်း သူတို့ရသော တနေ့တွက်လုပ်ခ၏ နှစ်ဆသာ ဖြစ်သဖြင့် အလွန်နည်းသည်ဟု သူတို့က ဆိုသည်။

မြန်မာနိုင်ငံ၏ တည်ဆဲအလုပ်သမား ဥပဒေများအရ အချိန်ပြည့် စက်ရုံလုပ်သားတယောက်သည် တပတ်လျှင် ၄၄ နာရီ လုပ်ခွင့်ရှိပြီး၊ အချို့စက်ရုံများကို ခြွင်းချက်ဖြင့် ၂၄ နာရီ လည်ပတ်ခွင့် ပေးထားသည့် စက်ရုံများတွင် တပတ် ၄၈ နာရီ လုပ်ခွင့်ရှိသည်။ အချိန်ပိုလုပ်ခွင့်မှာ တနှစ်လျှင် နာရီ ၆ဝ ထက် မပိုစေရဘဲ ပုံမှန်လစာနှုံး၏ ၂ ဆပေးရသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတွင် ထိုကဲ့သို့သော လုပ်ငန်းခွင် အခြေအနေမျိုးများ မရှိပါ။

မြန်မာနိုင်ငံမှ အလုပ်သမားများနှင့် စီမံခန့်ခွဲရေးအပိုင်းတို့က မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများသည် ယခုထက်ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိသင့်ကြောင်း သဘောရကြသော်လည်း သူတို့အနေဖြင့် လောလောဆယ်တွင် ဤအလုပ်သမား ဥပဒေများကို ခေတ်နှင့်အမီ ပြင်ဆင်ရန်သော်၎င်း၊ ပြန်လည်ထိန်းညှိရန်သော်၎င်း အစီအစဉ် မရှိပါကြောင်းဖြင့် အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးရုံးတရုံး မြန်မာနိုင်ငံတွင်း ဖွင့်လှစ်ခွင့်ကို ၂ဝဝ၂ ခုနှစ် ကတည်းက ခွင့်ပြုထားခဲ့သော်လည်း သူတို့၏ လုပ်ပိုင်ခွင့်မှာ အဓ္ဓမလုပ်အားပေး ကိစ္စရပ်များ၊ ကလေးစစ်သား ကိစ္စများနှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အခွင့်အရေးများ စသည်တို့ကိုသာ လုပ်ကိုင်ရန် သူတို့၏ လုပ်ပိုင်ခွင့်ဘောင်ကို ကန့်သတ်ထားခြင်း ခံရသည်။ မည်သို့ပင်ဖြစ်စေ အခြား အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင်မူ ဤအဖွဲ့၏ လုပ်ပိုင်ခွင့်မှာ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စများကိုပါ လုပ်ကိုင်ခွင့်ရသော်လည်း မြန်မာနိုင်ငံတွင်မူ ထိုသို့ ရရှိခြင်း မရှိပါ။

မြန်မာနိုင်ငံတွင်မူ ဤသို့ စက်မှုလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ ကိုင်တွယ်ခွင့်မှာ သူတို့၏ လုပ်ပိုင်ခွင့်ဘောင် အပြင်ဘက်သို့ ရောက်ရှိနေသည်။ ယင်းသည် ကုလသမဂ္ဂ အေဂျင်စီတခုအတွက် စံနှစ်ခု ကျင့်သုံးရာရောက်နေပြီး၊ စစ်အစိုးရအနေဖြင့် အခြား ကုလသမဂ္ဂ အေဂျင်စီများကို ဘာကြောင့် ဂရုမစိုက် ဘေးချိတ်ထားနိုင်သည့် အကြောင်းတရပ်လည်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် တည်ဆဲဥပဒေများကို ဆက်လက် အာဏာတည်စေရန် လုပ်ဆောင်လေ့ရှိသည်။ အလုပ်သမားများအတွက်မူ သူတို့အခွင့်အရေးများအတွက် အကာအကွယ်မှာ အလွန်ပင် မလုံမခြုံ ရှိနေသည်။ သူတို့ ရပိုင်ခွင့်ရှိသော ဥပဒေအရ ရပိုင်ခွင့်များအကြောင်းလည်း သူတို့ မသိကြပါ။

"အလုပ်သမားတွေက အလုပ်သမား အခွင့်အရေးလည်း မသိဘူး။ တခြား ဒါမျိုးလည်း ဘာမှမသိဘူး။ ဒီတော့ စက်ရုံပိုင်ရှင်တွေက အလုပ်သမား ဥပဒေတွေကို မသိကျိုးကျွံလုပ်ပြီး၊ သူတို့လိုချင်တဲ့ ထောင်ချောက်ထဲ အလုပ်သမားတွေကို အတင်းမောင်းသွင်းတော့တာ" ဟု ရန်ကုန်အခြေစိုက် အကြီးတန်း သတင်းစာဆရာတဦးက ပြောသည်။

အလုပ်သမားများက အလုပ်သမားရေးရာ အာဏာပိုင်များထံ တိုင်တန်းသမျှသည်လည်း ရေရေရာရာ တုံ့ပြန်မှုဟူ၍ မရကြောင်း အဆိုပါ သတင်းစာဆရာက ပြောသည်။ ဥပမာပြရလျှင် တိုင်တန်းပြောကြားကြသော်လည်း အလုပ်သမား အများစုမှာ လုပ်သက်ခွင့် ခံစားခွင့်မရကြကြောင်း သူက ပြောသည်။

မည်သို့ပင်ဖြစ်စေ၊ အလုပ်သမားတယောက် ဒဏ်ရာရရှိလျှင်ဖြစ်စေ၊ အလုပ်မှ ထွက်ခိုင်းလျှင်ဖြစ်စေ၊ အချို့သော ကုမ္ပဏီများသည် အလုပ်သမား လျော်ကြေးနှင့် စပ်လျဉ်းသည့် အလုပ်သမား ဥပဒေများကိုမူ လိုက်နာလေ့ရှိတတ်ကြောင်း သူက ဆက်ပြောသည်။

"အလုပ်သမားတယောက်ကို အလုပ်က အတင်းအကျပ် နုတ်ထွက်ခိုင်းတာမျိုးဆိုရင်တော့ တချို့ကုမ္ပဏီတွေက လစာရဲ့ ၃ လစာကနေ ၆ လစာအထိ လျော်ကြေးအနေနဲ့ ပေးတာမျိုး ရှိပါတယ်" ဟု သူက ဆိုသည်။

တည်ဆဲ အလုပ်သမား ဥပဒေများအရ တနေ့လျှင် အလုပ်ချိန် ၈ နာရီ၊ တပတ်လျှင် ၄၄ နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ ၂ ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းကာ အကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အဆိုပါဥပဒေများနှင့် တကယ် လုပ်ကိုင်နေသော အလုပ်ရုံစက်ရုံများသည် ဘာမျှမဆိုင်သလို မပတ်သက်သလို ဖြစ်နေသည်။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ် ရှိနေသည်ဟု အချို့သော အကဲခတ်များက ထင်မြင်ယူဆကြသည်။

'၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမား အက်ဥပဒေ' ပြင်ဆင်ချက်အရ၊ တဆက်တည်း လုပ်သက် ၁၂ လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် ၁ဝ ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

"ဥပဒေမှာ ဒီလိုပြဋ္ဌာန်းထားပေမယ့် ဆက်တိုက် ၁၂ လ အလုပ်လုပ်ခဲ့ပေမယ့်လည်း တချို့စက်ရုံတွေမှာ လုပ်သက်ခွင့် မခံစားကြရတာရှိပါတယ်" ဟု လှိုင်သာယာ စက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။

စက်မှု ၁ ဝန်ကြီးဌာန၏ စာရင်းအင်းများအရ ၂ဝဝ၅ ခုနှစ်ကုန်တွင် စက်မှုဇုံများ၌ လုပ်ကိုင်နေသော အလုပ်သမားပေါင်း သုံးသိန်းလေးသောင်း ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံပေါင်း ၄၂ဝဝဝ ကျော်ရှိရာ၊ အများစုမှာ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စက်ရုံများဖြစ်ကြသည်။

နာဂစ်ကူညီရေး ပြုလုပ်သူ အမျိုးသမီး ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေ

ဧရာဝတီ၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

စစ်အစိုးရက ဖမ်းဆီး ထားသည့် နာဂစ် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်ခဲ့သူ မယာဉ်ယာဉ်ဝိုင်းသည် အကျဉ်းထောင် အတွင်း၌ ကျန်းမာရေး ဆိုးဝါးနေပြီး ဆေးဝါးကုသမှုလုံလောက်စွာ ခံယူခွင့် မရကြောင်း အင်းစိန်ထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

အသက် ၃၆ နှစ်ရှိ အဆိုပါ မယာဉ်ယာဉ်ဝိုင်းသည် ထောင်တွင်း၌ သွေးအံခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း စသည့် ဝေဒနာများ ခံစားနေရပြီး ဆန်ပြုတ်သောက်နေရသည်မှာ ၂ လခန့်ရှိပြီဖြစ်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦး ကပြောသည်။

"ဒီနေ့ သူ့အစ်မ လာတော့ ပြောတယ်၊ ထောင်ထဲမှာ ဆန်ပြုတ်ပဲ သောက်နေရတာ ၂ လလောက်ရှိပြီ၊ အဲဒါ ကျန်ခဲ့တဲ့ တပတ်က အံတာ သွေးပါတယ်၊ သူ့ကျန်းမာရေး အခြေအနေက အမျိုးသမီး ရောဂါလည်း ရှိတော့ ၊ သူ့ကို အပြင်ဆေးရုံပြရမှာကို ထောင်ဆေးရုံမှာပဲ ပြနေရတယ်၊ လောလောဆယ် ထောင်က လမ်းကြောင်း တောင်းထားလို့တဲ့၊ နောက်မှပဲ ပြပေးမယ်တဲ့၊ အင်းစိန်ထောင်မှာပဲ"ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မယာဉ်ယာဉ်ဝိုင်းသည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လအတွင်းက ထင်ရှားသည့် လူရွှင်တော် ဇာဂနာ အပါအ၀င် တခြားသော မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး လုပ်နေသူများနှင့်အတူ အာဏာပိုင်များ ၏ ဖမ်းဆီးအရေးယူမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း"သူက သူနိုင်သလောက် နာဂစ် ဒုက္ခသည်တွေကို ကူညီခဲ့တဲ့ အမျိုးသမီး တယောက်ပါ"ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆရာဝန်လုံလောက်စွာမရှိကြောင်း၊ အကျဉ်းသားများအနေ နှင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် အခက်အခဲများရှိကြောင်းလည်း ဦးတိတ်နိုင်ငံက ဆိုသည်။

"ဒီနေ့ ထောင်တွေရဲ့ လက်ငင်း အခြေအနေတွေမှာတော့၊ ထောင်တိုင်း လိုလိုမှာပဲ ကျန်းမာရေး ချို့တဲ့မှုတွေ ရှိတယ်၊ ပထမ ဦးဆုံးအချက်ကတော့ အိုင်စီအာစီ ၀င်ရောက် ကူညီခွင့် မရတာလည်း ပါမှာပေါ့၊ နောက်တခုက ထောင်တွေမှာ ဆရာဝန်မရှိတဲ့ ထောင်က အများစုဖြစ်နေတယ်၊ ဆရာဝန် ရှိရင်တောင်မှ နိုင်ငံရေး အကျဉ်းသား တယောက် ကျန်းမာရေး မကောင်းလို့ ဆရာဝန်ပြခွင့် က အာဏာပိုင်အဆင့်ဆင့်ကို တင်ရတဲ့ ကိစ္စမျိုးတွေရှိတယ်၊ အဲဒါ ကြောင့် မလိုအပ်ဘဲနဲ့ ရောဂါတွေက ပိုပြီးတော့ ပြင်းထန်လာတဲ့ကိစ္စ မျိုးတွေ၊ အသက်ပါ ဆုံးရှုံးသွားရတဲ့ ကိစ္စမျိုးတွေဟာ အခုနောက်ပိုင်းမှာ တကယ်ကို စိုးရိမ်စရာ အခြေအနေတွေဖြစ်ပါတယ်"ဟု ဦးတိတ်နိုင်က ပြောပြ သည်။

မြန်မာ့အလင်း သန်းညွန့် ကွယ်လွန်

ဧရာဝတီ-ဇာနည်ဝင်း၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈
သတင်းစာ ဆရာကြီး မြန်မာ့အလင်း သန်းညွန့်၏ ဈာပနကို ယမန်နေ့က ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ရာ စာနယ်ဇင်းနှင့် နိုင်ငံရေး လောကမှ မိတ်ဆွေများ၊ ချစ်ခင် လေးစားသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဦးသန်းညွန့် (အသက် ၈၃ နှစ်) သည် ယခုလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့အလင်း သန်းညွန့်သည် ဗြိတိသျှကိုလိုနီခေတ်တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှစ၍ မြန်မာ့အလင်း သတင်းစာတိုက်တွင် လခစားအလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ့အလင်းတွင် အယ်ဒီတာအဖွဲ့ဝင် လခစားသတင်းထောက် ဖြစ်လာသည်။

သတင်းထောက်အဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်ခဲ့စဉ် နိုင်ငံရေး၊ လူမှုရေး၊ ပါလီမန်လွှတ်တော်၊ အားကစား၊ စစ်မြေပြင်သတင်းများကို တာဝန်ယူ ရေးသားခဲ့သည်။ ၁၉၅၃ တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းထောက်များ ဌာနချုပ် ABRA (H.Q.) ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

ထို့နောက် မြန်မာ့အလင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ၂၈ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ မြန်မာ့အလင်းသတင်းစာမှ ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက်ပိုင်းတွင် အတွေ့အကြုံနှင့် အတွေးအမြင် ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

ကွယ်လွန်ချိန်တွင် သားသမီး ၅ ဦး၊ မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်ရစ်ခဲ့သည်။

လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေး အရေးပေါ် စောင့်ရှောက်မှု အညံ့ဖျင်းဆုံး နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး စောင့်ရှောက်မှု ညံ့ဖျင်းသည်ဟု ဆိုရာတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများဖြစ်ကြသော ကွန်ဂို၊ ဆိုမာလီ၊ အီရတ်၊ ဆူဒန်၊ ပါကစ္စတန်နိုင်ငံများနှင့် တန်းတူ မြန်မာနိုင်ငံက လိုက်ပါနေသည်ဟု အမ်အက်စ်အက်ဖ် က ဆိုသည်။

အမ်အက်စ်အက်ဖ်အနေနှင့် ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုအနည်းပါးဆုံး၊ လုံခြုံမှုအကင်းမဲ့ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံကို ၁၉၉၈ ခုနှစ်မှစတင် ကြေညာလာခဲ့ရာ ယခုအခါ ၁၁ ကြိမ်မြောက်ကြေညာခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် တနှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက် အခံရဆုံး ၁၀ နိုင်ငံကို အမ်အက်စ်အက်ဖ်က တနင်္ဂနွေနေ့က ထုတ်ဖော်ကြေညာခဲ့ရာတွင် "မြန်မာနိုင်ငံနဲ့ ဇင်ဘာဘွေလို နိုင်ငံတွေမှာ အစိုးရက ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်ဖို့ ပျက်ကွက်ရုံမကဘူး ကြားဝင်ဆောင်ရွက်ပေးမယ့် အန်ဂျီအိုတွေကိုလည်း မသင်္ကာဘူး။ လူ့အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေမှာလည်း ကန့်သတ်ချက်တွေကြားက လုပ်ဆောင် နေရတာ တွေ့ရတယ်" ဟု ဖော်ပြပါရှိသည်။

မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော ခုခံအားကျဆင်းသည့် ဝေဒနာ ခံစားနေရသူတို့မှာ ဆေးကုသခွင့် ကင်းမဲ့လျှက် သေဆုံးနေရသော်လည်း စစ်အစိုးရအနေနှင့် ၎င်းဝေဒနာသည်တို့ကို ပါဝင်ကူညီမှု အလွန်ပင် နည်းပါးလျှက်ရှိကြောင်း အမ်အက်စ်အက်ဖ်က ဖြည့်စွက်ပြောကြားသည်။

"ပဋိပက္ခကြောင့်၊ စစ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရတဲ့၊ လျစ်လျှူရှုခံနေရတဲ့၊ တကယ့်ကို အရေးပေါ်လိုအပ်နေတဲ့ သန်းပေါင်းများစွာ သော လူတွေကို ဦးစားပေးကူညီနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာရင်း ထုတ်ပြန်တာပါ" ဟု အပြည်ပြည်ဆိုင်ရာ အမ်အက်စ်အက်ဖ် ဥက္ကဌ ဒေါက်တာ ခရစ္စတိုဖီ ဖိုနီးယားက ပြောသည်။

၎င်းအဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု ကပ်ဘေး ကြီး ၂ ခုကို ခံစားခဲ့ရသည်ဟုဆိုသည်။ ယင်းကပ်ဘေးကြီး ၂ ခုမှာ လူပေါင်း ၁၃၀၀၀၀ ကျော် ပျောက်ပျက် သေဆုံးရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးနှင့် ဆေးကုသမှု ကင်းမဲ့ကာ သေဆုံးနေရသည့် HIV/ AIDS ဝေဒနာ ကပ်ဘေးတို့ ဖြစ်သည်။

"စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စပြီး မြန်မာနိုင်ငံက ပဋိပက္ခပေါင်းများစွာ ကြုံတွေ့ခံစား ခဲ့ရပါတယ်။ အဲဒီထဲကမှ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကတော့ ပြင်ပကမ္ဘာက မေ့လျော့ခံထားရတဲ့ မြန်မာ ပြည်သူ တွေအတွက် နောက်ဆုံးခံရတဲ့ ကပ်ဘေးတခုပါ။ ဝမ်းနည်းစရာကောင်းတာက ဒီဒဏ်တွေကို အားအနည်းဆုံး ဆိုတဲ့ မြန်မာပြည်သူတွေက ခံစားနေရတာပါပဲ" ဟု အမ်အက်စ်အက်ဖ်က ဆိုသည်။

အမ်အက်စ်အက်ဖ်၏ အဆိုအရ မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေး အရေးပေါ်လိုအပ်နေသည့် HIV/AIDS ဝေဒနာရှင် ၇ သောင်းခွဲကျော် ရှိနေပြီး ၎င်းတို့ထဲမှာ ၂၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူခွင့်ရသည်ဟု သိရသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.