Sunday, December 7, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

ခင်ဗျားရေးတဲ့ ဘလော့ကိုဖတ်ရတာ အသက်၄၀ ကျော် လူကြီးရေးနေတဲ့ စာတွေဖတ်နေရတဲ့
အတိုင်းပဲလို့ ပြောထားတဲ့ ဆရာလန်းရေ။ ခင်ဗျားရေးခိုင်းထားတဲ့ အမျိုးသားစာပေဆုရစာအုပ်တွေ
အကြောင်းမလာခင် စာအုပ်တစ်အုပ်အကြောင်း အရင်မိတ်ဆက်ထားပါရစေလားဗျာ။

ဆရာ စံ- ဇာဏီဘို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ သူ့ဆီကိုလာတဲ့ လူတွေထဲက
နှစ်မျိုးနှစ်စားသော လူတွေကို ဒီလိုတုံ့ပြန်ပါသတဲ့။

“ကျွန်တော့်ဆီကိုဗျာ၊ ဆိုးလိုက်တာဆရာရယ်၊ ဘ၀ကဆင်းရဲအင်မတန်ပင်ပန်းလိုက်တာလို့ပြောပြီး
လာတဲ့သူတွေကို ဟာ- ဒါဆို ခင်ဗျားတော့ ပါရမီတွေသိပ်များနေပြီ၊ ပြတ်တော့မှာပေါ့၊ ကျွတ်ခါနီးပြီပေါ့။
ပြီးတော့မှာပေါ့။ ဘာပြီးမလဲတော့ ကျွန်တော်လည်းမသိဘူး။ ဆိုပြီးတော့ ပြောလိုက်တယ်။ နောက်တစ်မျိုး။
နောက်တစ်မျိုးကတော့ သိပ်ချမ်းသာတာပဲဆရာရယ်။ အရမ်းကောင်းတာပဲလို့ ပြောပြီးလာတဲ့သူ။
သူတို့တွေကိုကျတော့ ဟာ- ဒါဆိုရင်တော့ ခင်ဗျားလိုသေးတယ်။ ပါရမီတွေ ဖြည့်ဆည်းဦး။
ပါရမီနည်းသေးတယ်လို့ ပြောလိုက်တယ်ဗျာ”

ဆိုတော့။ သူပြောသွားတဲ့အထဲမှာ တစ်ခုပါနေတယ်။ အဲဒါ ပါရမီပဲ။ ပါရမီ အကြောင်းရှင်းရင် မိုးလင်းသွားမှာမို့
မသိသေးရင် ရှာဖတ်ပေတော့။ ဟုတ်တယ်။ လူတွေဟာ ဘ၀ ဘ၀ဆက်ပြီး ပါရမီဖြည့်နေရတယ်။
ကျွန်တော် ထေရ၀ါဒဗုဒ္ဓဘာသာဖက်တိမ်းညွှတ်စဉ်ကာလကနေ ဒီနေ့အထိပြောဖြစ်နေတဲ့ စကားတစ်ခွန်းရှိတယ်။
သေချင်လည်း သေသွားပါစေ။ ဒီတစ်ဘ၀တည်းတော့ မဟုတ်ဘူးလို့။ ဘာလို့ ဒီစကားပြောရသလဲဆိုရင်၊
သေရင်ပြီးပြီ ဆိုတဲ့ လူတန်းစားတွေထဲ ကျွန်တော်မပါဝင်တဲ့ အတွက်ကြောင့်ပဲ။ မပြီးဘူး။
သေရင် ဘယ်တော့မှမပြီးဘူး။

တစ်ဖက်က စဉ်းစားကြည့်ပြန်တော့ သေရင်မပြီးတာတော့ ဟုတ်ပါပြီ။ ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန်ဆိုတာရှိတယ်။
အဆုံးသတ်ကနိဗ္ဗာန်ပဲ။ အတိုပြောရင် အသစ်တဖန်ပြန်၍မဖြစ်တော့တဲ့အရာ။ ဖြစ်ခြင်း၊ပျက်ခြင်း မရှိတော့တဲ့နေရာ။
ဒီကိုရောက်ဖို့အတွက် ဘ၀တွေ၊ ဘ၀တွေ ဖြည့်ဆည်းကြရတာ။ အဲဒီမှာ ပါရမီက လိုလာပြန်ရော။

နိဗ္ဗာန်ရောက်ဖို့ ကြိုးစားလိုက်ကြတာ။ မရောက်သေးလို့ လူဖြစ်နေတာပေါ့။ ပါရမီသိပ်ကောင်းလွန်း၊
ကျင့်ကြံတာတွေ သိပ်ခရီးရောက်ရင်တော့ ဒီဘ၀ဟာ နောက်ဆုံးဘ၀ဖြစ်နိုင်တာပေါ့လေ။ ပြတ်သွားမှာပေါ့။
ဒါပေမယ့်၊ သေချာတယ်။ ကျွန်တော်တို့လို သာမန်လူတွေ အတွက်ကတော့ ဒီဘ၀နဲ့ ဘယ်လိုနည်းနဲ့မှ
နိဗ္ဗာန်မရောက်နိုင်တော့ဘူး။ အဲတာက သေချာတယ်။

ဒီဘ၀နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး။ သေချာနေတဲ့အခါ ကျွန်တော်တို့ဦးလှည့်ဖြစ်တာက စိတ်ငြိမ်းချမ်းမှု။
စိတ်ငြိမ်းချမ်းမှုဆိုတာလူတိုင်း လိုချင်တဲ့အရာပဲ။ နိဗ္ဗာန်မရောက်သေးတာတော့ထားပါလေ။
ဒါပေမယ့် စိတ်ငြိမ်းချမ်းမှုလေးတော့ ရချင်ပါတယ်။ ၁၁ မီးလောက်တော့ ငြိမ်းချင်ပါတယ်။ တွေးဖြစ်ကြမှာပဲ။
အဲဒီမှာတော့ Meditation ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။

အမြဲတန်းတော့ မဟုတ်ပါဘူး။ ခဏကလေးပါ။ လုပ်ကြည့်တယ်။ မဆိုးဘူးဟဆိုပြီး ထပ်လုပ်ကြည့်တယ်။
လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဆက်လုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်ဖြစ်သည် ဖြစ်စေ။
လုပ်နေစဉ်ခဏကလေးမှာတော့ ငြိမ်းချမ်းသွားတာပဲ။ ငြိမ်းအေးသွားတာပါပဲ။

နောက်တစ်ခု။ ရဟန်းဝတ်နဲ့ တောထဲသွားနေမှ တရားရတာ မဟုတ်ဘူးဆိုတာကို Meditation လုပ်ရာမှာ
တွေ့ရလိမ့်မယ်။ လုပ်ဖို့ဆိုတာမှာလည်း လူမျိုးမရွေးဘူး။ ဘာသာမရွေးဘူး။ အချိန်မရွေးဘူး။
လုပ်ကြည့်လိုက်ဖို့ပဲ လိုအပ်တာ။ လုပ်ရင်တော့ ရနေတာပဲ။ နည်းမှန်ဖို့တော့ လိုအပ်တာပေါ့လေ။

ဒီလိုစကားတွေပြောနေလို့ ကျွန်တော်ဟာ ဘာသာရေးသမားလို့ ထင်ရင်တော့ မှားပါလိမ့်မဗျာ။
ကျွန်တော်ဟာ အခုချိန်ထိ ဘာသာရေးရဲ့ လွှမ်းမိုးမှုအောက်မရောက်နိုင်သေးတဲ့ လူတစ်ယောက်ဖြစ်တယ်။
လွှမ်းမိုးမှုလည်း ခံချင်တဲ့လူမဟုတ်ဘူး။ ဘာသာမဲ့ တစ်ယောက်ရဲ့ အတွေးအမြင်တွေဟာ
ကျွန်တော့်ဆီမှာ အပြည့်အ၀ရှိနေတုန်းပဲ။ ရံဖန်ရံခါမှာတော့ ထေရ၀ါဒဗုဒ္ဓဘာသာဖက်တိမ်းညွှတ်တဲ့
အတွေးအခေါ်တွေနဲ့ နေထိုင်လေ့ရှိတယ်။ ကျွန်တော် သဘောကျလို့။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာကို
လက်ခံလို့။ စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ဆန်လွန်း အားကြီးလို့။ ထားပါတော့။

အဲဒီမှာ Meditation ကိုရှာတွေ့ခဲ့တာပဲ။ ခဏတဖြုတ်လုပ်ခဲ့တယ်။ လုပ်ခဲ့လို့လည်း ရခဲ့တယ်။
သူကတော့ ရှင်းနေတာပဲလေ။ မလုပ်ရင် မရဘူး။ ဒါပဲ။ မေ၀၀ါးဘူး။ ပြတ်သားတယ်။
သိပ်စိတ်ညစ်စရာတွေကြုံတဲ့အခါတွေ၊ စိတ်ကျခြင်းတွေ အားသားလာတဲ့အချိန်တွေမှာ Meditation ကို
သတိရမိလိုက်ပြီဆိုရင် ကျွန်တော့်အဖျားတွေ ပျောက်သွားတာပါပဲ။ လူဆိုတာကလည်း ခက်တယ်။
ခလုတ်ထိမှ အမိတတ်သကိုး ဆိုသလိုပေါ့လေ။ ဆိုးတဲ့အခါ ခေါင်းထဲဝင်လာရင် လုပ်တာပဲ။
ကျန်တဲ့အချိန်တွေကျပြန်တော့ ပိုနေမြဲ၊ ကျားနေမြဲ အတိုင်းပဲ။ ဒီတော့ အဆိုးသံသရာ လည်တယ်။ ဖြစ်စဉ်က
အဲဒီအတိုင်းပဲ။ ဒါလေးလုပ်လို့ အလုပ်လည်းပျက်တာမဟုတ်။ တောထဲသွားနေစရာလည်း မလို။
ရဟန်းဝတ်ရတာလည်းမဟုတ်၊ အဆုံးသတ် နေ့စဉ်လူနေမှုဘ၀တောင် ထိခိုက်တာမဟုတ်ပဲ၊ အမြဲတစေ၊
မလုပ်ဖြစ်တာကတော့ ဆိုစကားအတိုင်းပေါ့လေ။ ကာမဘုံသား ဆုံလည်နွားသို့နှယ် ဆိုသလိုမျိုးလား။

အခု ကျွန်တော်ကြားနေရတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းမိတ်ဆွေတွေဆီကနေ
စိတ်ဆင်းရဲစရာတွေ၊ စိတ်ပျက်စရာတွေ။ တရားပဲ ဟောရတော့မလို၊ ကိုယ်လည်း လိုက်ငိုပေးရမလို၊
ခက်တာက ကိုယ့်မှာကလည်း အပူ၊အပုပ်တွေနဲ့။ ကိုယ်တိုင်က အပူ၊ အပုပ် ကင်းစင်သူမဟုတ်တော့
ပြောရခက်တယ်။ တော်ကြာ ဘာသာရေးမလုပ်ချင်ပါဘူး ဆိုတဲ့လူတွေကရှိနေပြန်သေး။ ငါတို့က ဘာသာသာ၊
ညာဘာသာဆိုတာတွေက တစ်မျိုး၊ ဒီတော့ မခက်ပေဘူးလား။

ကျွန်တော်ဘာကောင်မှ မဟုတ်ပေမယ့်ပြောကြည့်ချင်တယ်။ ဘယ်ဘာသာဖြစ်ဖြစ်၊ ဘာအလုပ်လုပ်သည်ဖြစ်ဖြစ်၊
Meditation ဆိုတာလေး စမ်းလုပ်ကြည့်ကြပါလား။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီ စသဖြင့်၊
တကယ်ပါ။ လုပ်နေစဉ်ကာလကတော့ ငြိမ်းချမ်းပါတယ်။ ၂၄ နာရီပူလောင်နေမယ့်အစား လုပ်သလောက်
အချိန်ကလေး ငြိမ်းချမ်းတာ မကောင်းဘူးလား။ ကျွန်တော်ဖြင့် ဒီလိုတွေးတယ်။ ကျန်တာက ခင်ဗျားတို့သဘော။

မသိသေးတဲ့လူတွေအတွက်တော့ စာအုပ်တစ်အုပ်မိတ်ဆက်ပေးမယ်။ ဘာသာပြန်သူကို သိပ်မကြိုက်ပေမယ့်
စာအုပ်ကိုတော့ ညွှန်းဆိုလိုတယ်။ ဟိန်းလတ်ဘာသာပြန်တဲ့ စိတ်ငြိမ်းချမ်းမှုရှာပုံတော်။
John E.Coleman ရဲ့The Quiet Mind။ ကိုးလ်မင်းဟာ ကိုယ်တိုင်ရှာတွေ့ခဲ့တာကို ပြောခဲ့ခြင်းဖြစ်တယ်။
သူကိုယ်တိုင် စိတ်ငြိမ်းချမ်းမှုကို ကမ္ဘာပတ်ရှာခဲ့တယ်။ ဘာသာတရားမျိုးစုံကို ထိတွေ့ခဲ့တယ်။
ဘီတဲလ်တို့ကို လမ်းပြခဲ့ဖူးတဲ့ မဟာရီရှီ ကလွဲပြီး ဦးဘခင်၊ ဆူဇူကီး၊ ကရစ်ရှာနာမူရတီး၊ စတဲ့ ဒိတ်ဒိတ်ကြဲ
လူတွေနဲ့ တွေ့ခဲ့ပြီးမှ သူရခဲ့တဲ့ စစ်မှန်တဲ့စိတ်ငြိမ်းချမ်းမှုကို လက်တွေ့ခံစားပြီးမှ ပြန်ပြောခဲ့တာဖြစ်တယ်။

စာအုပ်ရှာဖို့ ခက်တဲ့သူတွေ၊ စိတ်ဝင်းစားမယ့်သူတွေအဆင်ပြေစေဖို့ စာအုပ်ကို အပိုင်း(၁၇)ပိုင်းခွဲပြီး
ဘလော့မှာပြန်တင်ပေးသွားမယ်။ ကျွန်တော်တစ်ယောက်ထဲကပဲ စာပြန်ရိုက်ပြီးတင်ပေးရ မှာဖြစ်တဲ့အတွက်
တစ်ပတ်ကို အပိုင်းတစ်ပိုင်းသာလျှင် တင်ပေးနိုင်ပါမယ်။ အပိုင်းတစ်ပိုင်းဟာအခန်းတစ်ခန်းလည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တိုင်း တင်ပေးပါမယ်။ လာမယ့် တနင်္ဂနွေက စပြီးတင်ပါမယ်။ ဒီစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့်
စိတ်ငြိမ်းချမ်းမှု၊ Meditation စတာတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ သိနိုင်ပါမယ်။
လေ့လာလိုသူများ လေ့လာနိုင်မယ့် အချက်အလက်တွေ အစုံပါနေပါမယ်။

ဒီစာအုပ်ကို ပြန်တင်ပေးတဲ့နေရာမှာ ကျွန်တော့်ဖက်ကတော့ အဝေးမှာရောက်နေတဲ့ ကျွန်တော်သူငယ်ချင်း
တစ်ဦးအတွက်ရည်ညွှန်းပါတယ်။ စာအုပ်ကို အွန်လိုင်းပေါ်မှာ အပိုင်းလိုက်ပြန်တင်ဖို့ ခွင့်ပြုခဲ့တဲ့ စာအုပ်တိုက်ကို
အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ဘာသာပြန်ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ဒီနေ့မှာတော့ စာအုပ်မှာ ပါတဲ့အမှာစာကို စတင်မိတ်ဆက်ပေးပါမယ်။

စိတ်ငြိမ်းချမ်းမှုရှာပုံတော်

အမှာစာ
(ကိုးလ်မင်းနဲ့ စိတ်ငြိမ်းချမ်းမှု)

ဂျွန်အီးကိုးလ်မင်းဟာ ၁၉၃၀ ခုနှစ်ဖွား အမေရိကန်တစ်ယောက်ဖြစ်ပြီးတော့ အခုချိန်မှာတော့
ဝိပဿနာတရားပြဆရာကြီးအဖြစ် အင်္ဂလန်မှာ ငြိမ်းချမ်းစွာနေထိုင်လျက် ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေး အရာရှိတစ်ဦးအဖြစ် ထိုင်းနိုင်ငံမှာ အမှုထမ်းရင်း ခွင့်နဲ့
အမေရိကန်ကိုအပြန် ၁၉၅၈ မတ်လကုန်လောက်မှာ ရန်ကုန် ကမန်းနားဟိုတယ်မှာ ခရီးတစ်ထောက်
နားနေတုန်း ၀ိပဿနာကမ္မဌာန်းကို ခရီးသွားဟန်လွှဲအဖြစ် လေ့လာစူးစမ်းဖို့ ရုတ်တရက်
ဆန္ဒဖြစ်ပေါ်လာခဲ့ပါတယ်။ အဆင်သင့်ညွှန်ပြသူတစ်ယောက်ရဲ့ ကျေးဇူးပြုမှုကြောင့် ရန်ကုန်မြို့
အင်လျားမြိုင်ရှိ ‘ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာန’ International Meditation Centre(IMC)
ကို ရောက်သွားပြီး ဆရာကြီးဦးဘခင်နဲ့ တွေ့လိုက်ရတဲ့အခါ ခရီးစဉ်ကိုဖျက်ပြီး ချက်ချင်းပဲ
၁၀ ရက်တရားပတ် လက်တွေ့ကျင့်ကြံရင်း တရားအရသာကို ခံစားသွားခဲ့သူဖြစ်ပါတယ်။

အဲဒီ ပထမအကြိမ် တရားပတ်အတွင်း အာနာပါနကမ္မဌာန်းစတဲ့ နာရီပိုင်းအတွင်း ကမ္မဌာန်းအခန်းထဲက
အထိတ်တလန့်ပြေးထွက်လာတဲ့ ကိုးလ်မင်းအကြောင်း အဲဒီကာလက IMC ယောဂီဟောင်းကြီးတွေ
အမှတ်တရ ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်တာလဲ မေးတော့ အာနာပနရှု့နေတုန်း ရုတ်တရက်
ချက်ချင်း ၀င်းကနဲအလင်းရောင်ကြီး ထွက်လာပြီး သူ့တစ်ကိုယ်လုံး ထွန်းလင်းတောက်ပသွားတဲ့အတွက်
သူ့ကိုယ်မှာ မီးတွေလောင်နေပြီထင်လို့ ထွက်ပြေးလာခဲ့ကြောင်းပြောပြပါတယ်။ ဒုတိယနေ့မှာလည်း
ရောင်ခြည်ခြောက်သွယ်ထွက်နေတဲ့ နိမိတ်တစ်ခု အချိန်ကြာကြာ ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့လို့
အဲဒီနေ့မှာပဲ ဆရာကြီးက သူ့ကို ၀ိပဿနာကူးပြောင်းရှု့မှတ်စေခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ကိုးလ်မင်းဟာ အမေရိကန်အစိုးရက ထွက်လိုက်ရတော့ မြန်မာပြည်တစ်ခေါက်ပြန်လာပြီး
တရားအားထုတ်ဖို့ ဆန္ဒပြင်းပြလွန်းလှတဲ့အတွက် ၁၉၆၃ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် IMC ကို
ရောက်လာခဲ့ပြန်ပါတယ်။ အဲဒီအခေါက်မှာ သူဟာ တရားရှုမှတ်မှုမှာ ထူးထူးခြားခြားအဆင့်တစ်ခုအထိ
ရောက်ရှိသွားပုံရတာကို သူ့ရဲ့ဒိုင်ယာရီမှာ အခုလိုတွေ့နိုင်ပါတယ်။

“အကြောင်းချင်းရာများမှ သဘောကောက်ယူဆင်ခြင်တွေးတောသော နည်းမျိုးဖြင့်မဟုတ်ပဲ
အလိုအလျောက် ရှင်းလင်းသိမြင်လာမှုသည် ထိုးထွင်းနားလည်မှုဖြစ်သည်။ ထိုနားလည်မှု ရရှိလာပေပြီ။
၎င်းနားလည်မှုကို အကျိုးအကြောင်းဆင်ခြင်ခြင်း တက္ကဗေဒပညာ အသုံးပြုခြင်း ဉာဏ်ပညာအမြော်အမြင်များ
အသုံးချ၍ ယုတ္တိရှိမရှိ ဆင်ခြင်ဉာဏ်ကစားခြင်း စသည်တို့ဖြင့် မရနိုင်ပါ။ စိတ်ကိုတည်ငြိမ်စွာထား၍
တည်ငြိမ်စွာသတိရှိနေခြင်းဖြင့် အလိုအလျောက် သိမြင်နားလည်လာခြင်းဖြစ်သည်….” (၁၉၊၂၊၁၉၆၃)

၁၉၆၃ မတ်လ ၃ ရက်နေ့ IMC မှ ထွက်ခွာမသွားခင်”…’သင့်ကိုယ်သင် သိလော့’ ဆိုတဲ့ သြ၀ါဒမိန့်ခွန်းသံကို
နှစ်ပေါင်းများစွာ ကြားနာခဲ့ရပြီးတဲ့နောက် အမှန်တရားကိုသိလိုသူကို သူ့ရဲ့ရှာပုံတော်ခရီး အဆုံးသတ်စေဖို့
အရိပ်အာဝါသ အကာအကွယ်နဲ့ ကူညီစောင့်ရှောက် လမ်းညွှန်ပြသူတွေကို ပေးကမ်းနေမယ့် နေရာဒေသ
တစ်ခုဟာ ရန်ကုန်မြို့တစ်နေရာမှာ ထွန်းကားပေါ်ပေါက်လာချေပြီတကား”လို့ ဧည့်မှတ်တမ်း
စာအုပ်မှာ လှိုက်လှိုက်လှဲလှဲ မှတ်ချက်ချရေးသားထားခဲ့ပါတယ်။

IMC ကို ၁၉၆၃ ခု အောက်တိုဘာလမှာ တတိယအကြိမ်ရောက်လာပြီး တရားထပ်အားထုတ်သွားခဲ့ ပြန်ပါ
သေးတယ်။ တရားရဲ့ အမြိုက်အရသာကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်သုံးဆောင်နေပြီဖြစ်တဲ့
ကိုးလ်မင်းဟာ ဒီအခေါက်မှာတော့ သူတွေ့ရှိထားတဲ့ ဓမ္မရသကို တခြားသောဝေနေယျတွေကို မျှဝေ
ခံစားနိုင်အောင် ဖြန့်ဖြူးဖို့ အာသီသပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့ပုံရပါတယ်။ အမှန်တရားကို စမ်းတ၀ါးဝါး
ရှာဖွေနေကြတဲ့ အနောက်တိုင်းက စိတ်ကောင်းရှိသူတွေအပေါ်မှာ ကရုဏာဖြစ်နေတဲ့အတွက် သူခံစား
ရရှိတဲ့ ဓမ္မရသနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ် ပြုစုချင်ကြောင်း ဆရာကြီးဦးဘခင်ကို ခွင့်တောင်းခဲ့ပါသေးတယ်။
ဒါပေမယ့် ဆရာကြီးက ခွင့်မပြုခဲ့သေးပါဘူး။ အချိန်နည်းနည်းလိုသေးတယ်၊ ကိုယ့်တရားကိုယ် ပိုပြီး
ပြည့်စုံအောင် ဆက်ပြီးကြိုးစားအားထုတ်ပါဦးလို့ပဲ မှာကြားလိုက်ပါတယ်။

၁၉၆၈ ဧပြီလ (မြန်မာ နှစ်သစ်ကူး သင်္ကြန်အခါတွင်း) မှာ လက်ထပ်ပြီးစ အင်္ဂလန်သူဇနီးသည်နဲ့အတူ
စတုတ္ထအကြိမ် IMC ကို လာပြီး တရားအားထုတ်ခဲ့ပြန်ပါတယ်။ “…စိတ်အလုပ်ရပ်သွားသည်၊
ဒုက္ခဖြစ်ပေါ်မှုလည်း ရပ်သွားသည်၊ ဝေဒနာမှ လွတ်မြောက်လိုသော ဆန္ဒလည်း ရပ်သွားသည်။ လျှပ်စီး
ဝင်းလက်သလို ဖြစ်သွားသည်။ ဖော်ပြခြင်းငှာမစွမ်းသာသော တည်ငြိမ်မှုကိုရပြီ။… အရာရာသည်ရှိ၏။
အရာရာသည်မရှိ။ သာမန်နားလည်မှုထက် ကျော်လွန်သော ငြိမ်းချမ်းမှုကိုရသည်။ စိတ်နှင့်ခန္ဓာသည်
သာလွန်မြင့်မြတ်ကုန်သည်။ စကားလုံးဖြင့် နားလည်နေကြသော သုခမျိုးမဟုတ်။ နာမ်အသစ်ရရှိသော
အခိုက်အတန့်ကလေး… ကျွန်တော့်မျှော်မှန်းချက်အားလုံး ပြည့်ဝမှုပင်… တစ်စုံတစ်ရာသော
အတိုင်းအတာအထိ ဉာဏ်အလင်းရခဲ့သည်… အသိပညာအားဖြင့် အတော်ရှားပါးသော အမျိုးအစား….”

အဲဒီအခေါက်က သူ့ရဲ့တရားထူးအတွေ့အကြုံကို အဲဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီအတွေ့အကြုံရဲ့ အဓိပ္ပာယ်ဟာ ဘာဆိုတာကိုတော့ ရိပ်မိနိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့
ဆရာကြီး ဦးဘခင်ခွင့်ပြုလိုက်တဲ့အတွက် The Quiet Mind စာအုပ်ကို ရေးဖြစ်သွားပါတော့တယ်။

၁၉၇၂ ဇန်န၀ါရီလ ၂၅ ရက်နေ့က ဆရာကြီးဆီပို့ခဲ့တဲ့စာထဲမှာ သူ့စာအုပ်ထွက်ရင် ဆရာကြီးနဲ့
ဆရာကြီးပို့ပေးစေလိုသူတွေဆီကို တိုက်ရိုက်ပေးပို့ဖို့ စာအုပ်တိုက်တွေကို မှာထားပြီးပါပြီလို့ ရေးခဲ့
ပါတယ်။

The Quiet Mind စာအုပ်ကို အင်္ဂလန်မှာ Rider & Company, London က ၁၉၇၁ ဖော်ဖော်ဝါရီလ
၁၅ ရက်နေ့နဲ့ အမေရိကမှာ harper and Row, New York က ၁၉၇၁ မေလမှာ ထွက်လာခဲ့ပါတယ်။

“….အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဓမ္မကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဖြူးရာမှာ အကူအညီဖြစ်စေဖို့ ဒီစာအုပ်ကိုရေးသား
ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…” လို့ ဆရာကြီးဆီကို ရေးခဲ့တဲ့ သူ့ရဲ့စာထဲမှာ ဖော်ပြထားတာ
တွေ့ရပါတယ်။

ဒါပေမယ့် ၁၉၇၁ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးဦးဘခင်ဟာ ဒီစာအုပ်ကို
တွေ့မသွားရတော့ပါဘူး။

***
၁၉၆၃ ဧပြီလ ၂၃ရက်နေ့ ရက်စွဲပါ ဆရာကြီးဦးဘခင်ရဲ့ ပဋိပတ္တိလုပ်ငန်းသမိုင်းမှာ မော်ကွန်းတင်ရမယ့်
စာတစ်စောင်ကို ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ ကမ္မဌာန်းတရားတပည့်များစွာထဲက တရားပါရမီရှင်လို့
ဆရာကြီးကိုယ်တိုင် မှတ်ချက်ပေးခြင်း ခံရသူ ခြောက်ဦးဆီကို ရေးသားပေးပို့ခဲ့ပါတယ်။
“….မြန်မာပြည်၏ ပြင်ပတွင်ရှိနေကြသော တပည့်များအား ‘အဝေးမှ ထိန်းကွပ်စနစ်’ဖြင့် တရားပြသပေးခြင်း
နည်းလမ်းကို မကြာသေးမီက ကျွန်ုပ်စမ်းသပ်ကြည့်ရာ ကျေနပ်ဖွယ်ရာ အောင်မြင်သဖြင့် စိတ်အားတက်
စရာ ဖြစ်ပေသည်။ ဗုဒ္ဓတရားပြသပေးရန်အတွက် နိုင်ငံခြားသို့ ကျွန်ုပ်ကိုယ်တိုင် ထွက်ခွာလာနိုင်ရန်
အလားအလာမှာ မကောင်းလှသေးပေ။ ( “နိုင်ငံကူးလက်မှတ်ပေးရေး စည်းကမ်းများ လျော့ပေါ့ပြီး
နိုင်ငံခြားသွားနိုင်ပြီဟု အစိုးရက မီးစိမ်းပြသည်နှင်တပြိုင်နက် အနောက်တိုင်းများသို့ ခရီးထွက်ခဲ့ရန်
ကြိုးပမ်းစီစဉ်ထားသည်…”လို့ ဆရာကြီးဟယ နောက်တစ်နေ့ ၂၄-၄-၁၉၆၉ မှာ စာတစ်စောင်
ထပ်ရေးခဲ့ပေမယ့် အသက်၇၁နှစ်အရွယ်ရှိပြီး ကျန်းမာရေးဆိုးဝါးလာပြီဖြစ်တဲ့ ဆရာကြီးဟာ
၁၉၇၂မှာသာ ဆုံးပါးခဲ့ရတယ်။ ဘယ်နိုင်ငံကိုမှ ထွက်ခွင့်မရခဲ့တော့ပါဘူး။) ထို့ကြောင့် ရန်ကုန်တွင်
ကျွန်ုပ်ထံ၌ တရားအားထုတ်ခဲ့ဖူးပြီး မွမ်းမံသင်တန်းတက်ထားသူ(ပါရမီရှင်) တပည့်များအား
‘အဝေးမှထိန်းကွပ်စနစ်ဖြင့်’ တရားပြရန် ယခုဆုံးဖြတ်ချက်ချလိုက်ပေပြီ။(မိမိနေအိမ်အသီးသီးမှာ
ကြိုတင်သီးသန့်ပြင်ဆင်ရန် ပုဗ္ဗကိစ္စအ၀၀ကို အတိအကျညွှန်ကြားထားပြီး…)… နေ့စဉ်မှန်မှန်
မြန်မာစံတော်ချိန်နံနက် ၇း၃၀ မှ ၈း၃၀ ထိတစ်ကြိမ်၊ ည ၈ နာရီမှ ၉ နာရီထိတစ်ကြိမ် နိဗ္ဗနဓာတ်
ဖြည့်တင်းထားသော ကျွန်ုပ်၏စိတ်ဓာတ်လှိုင်းများကို လွှင့်ထုတ်ပေးနေမည်ဖြစ်သည်။ အသင်သည်
မြန်မာပြည် IMC သို့ အာရုံညွှတ်ကာ ယင်းလှိုင်းများကို အလွယ်တကူဖမ်းယူနိုင်ပေသည်။
အဂါင်္၊ ကြာသာပတေးနှင့် တနင်္ဂနွေနေ့များတွင် ည ၇နာရီခွဲမှ ၈နာရီအတွင်း အထူးလွှင့်ထုတ်ပေးမှုများ
ရှိမည်ဖြစ်ရာ အသင်၏ အနိစ္စသဘောတရား သက်ဝင်ထင်မြင်မှုမြင့်မားသလောက် အကျိုးကျေးဇူးများကို
တွေ့ထိခံစားနိုင်ပေလိမ့်မည်။…”

အဲဒီကာလက ဆရာကြီးအဝေးမှ ထိန်းကွပ်စနစ်ဖြင့် တရားပြပေးဖို့ ရွေးချယ်ခြင်းခံရတဲ့ တပည့်ခြောက်ဦးမှာ
အမေရိကန်မှာသုံးယောက်၊ ကနေဒါမှာ တစ်ယောက် ၊ ဟော်လန်မှာ တစ်ယောက်နဲ့ အင်္ဂလန်မှာ
နေထိုင်ပြီးဖြစ်တဲ့ ကိုးလ်မင်းလည်းတစ်ယောက် အပါအ၀င်ဖြစ်ခဲ့တာကလည်း အထူးသတိပြုရမယ့် အချက်
တစ်ချက်ပါပဲ။ အဲဒီအချိန်မှာ ဦးဂိုအင်ကာဟာ ဆရာကြီးဦးဘခင်အနီးမှာပဲ ရှိသေးပြီး ၂၂-၆-၁၉၆၉ မှာ
အိန္ဒိယနိုင်ငံ ဘုံဘေမှာ ရောက်နေတဲ့ နာမကျန်းတဲ့ မိဘနှစ်ပါးဆီ ရုတ်တရက်ထွက်ခွာသွားခဲ့ရပါတယ်။
၃-၇-၁၉၆၉ နေ့ည ၈း၃၀ ဘုံဘေမှာ မိဘနှစ်ပါးအပါအ၀င် တရားတစ်ပတ်စပြီး အာနာပါန တရားစပေးချိန်မှာ
ဆရာကြီးဦးဘခင်ဟာ ကျန်းမာရေးအခြေအနေမကောင်းတဲ့ကြားက ဘုံဘေတရားစခန်းကို ‘အဝေးမှ
ထိန်းကွပ်စနစ်’နဲ့ လှမ်းပြီး ကုညီထောက်ပံ့ တရားပြခဲ့ပါသေးတယ်။ ဇူလိုင်လ ၈ရက်နေ့မှာ
ဦးဂိုအင်ကာဆီက ကြေးနန်းစာတစ်စောင် IMC ကိုဝင်လာခဲ့ပါတယ်။”…ဖခင်ကြီး အပါအ၀င် တရားသမား
အားလုံး ၀ိပဿနာတရား အောင်မြင်စွာရကြပါသည်။…”

ဆရာကြီးဦးဘခင် ‘အဝေးမှထိန်းကွပ်သော တရားပြစနစ်’နဲ့ တစ်ကမ္ဘာလုံးကို အောင်မြင်စွာ လက်တွေ့
ကျင့်သုံးနိုင်ခဲ့ကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။

ဒီနည်းနဲ့ပဲ တပည့်ခုနှစ်ဦးကတစ်ဆင့် ၀ိပဿနာနည်းစနစ်ဟာ ကမ္ဘာပေါ်မှာ ဘယ်လောက်ထိ
အောင်မြင်စွာဖြန့်ကျက်ကျယ်ပြန့်သွားခဲ့ပြီလဲဆိုတာကတော့ အခုချိန်မှာ တစ်ကမ္ဘာလုံးအသိ ဖြစ်နေကြပါပြီ။

၁၉၇၀ခုနှစ် ဖော်ဖော်ဝါရီ ၂၂ရက် ရန်ကုန် IMC နှစ်ပတ်လည်အစည်းအဝေး မိန့်ခွန်းထဲမှာ အိန္ဒိယရောက်
ဦးဂိုအင်ကာရော အင်္ဂလန်ရောက် ကိုးလ်မင်းပါ တရားအရာမှာ ထူးခြားတဲ့ပါရမီရှင်များလို့ ဆရာကြီး
ဦးဘခင်ကိုယ်တိုင် လူသိထင်ရှား ထုတ်ဖော်ချီးကျူးခဲ့တာ တွေ့ရပါတယ်။ ဆရာကြီးဦးဘခင်
ကွယ်လွန်ပြီး လအနည်းငယ်အကြာ ၁၉၇၁ ခုနှစ်ထဲမှာပဲ ကိုးလ်မင်းဟာ ရန်ကုန် IMC မှာ ဘိက္ခုရာဟုလာဘွဲ့
နဲ့ ဒုလ္လဘရဟန်းဝတ်ပြီး တရားအားထုတ်သွားခဲ့ပါသေးတယ်။

၁၉၇၃-၇၄ ကစပြီး အင်္ဂလန်နဲ့ ဥရောပမှာ ကိုးလ်မင်းဟာ ယာယီတရားစခန်း ဖန်တီးပြီး ၀ိဿနာတရား
ပြနေခဲ့ပါပြီ။ အိန္ဒိယနဲ့ အရှေ့တိုင်းနိုင်ငံတွေမှာ ဆရာကြီး ဦးဂိုအင်ကာလိုပဲ ကမ္ဘာ့အနောက်ပိုင်းတစ်လွှားမှာ
ကိုးလ်မင်းဟာ ဓမ္မဒူတတာဝန်ကို ကျယ်ကျယ်ပြန့်ပြန့် ထမ်းဆောင်နေခဲ့ပါတယ်။

၁၉၈၇ခုနှစ်လောက်ကစပြီး ဆရာမကြီးဒေါ်မြသွင်နဲ့ ဆရာဦးချစ်တင်တို့ အင်္ဂလန်ရောက်ပြီး
အနောက်နိုင်ငံတွေမှာ တရားပြတဲ့အခါ ကိုးလ်မင်းဟာ အထောက်အကူများစွာပေးခဲ့ရာက ၁၉၈၉ခုနှစ်မှာ
ဆရာမကြီးတို့ အင်္ဂလန်၊ ဟိုက်ဒင်တန်တရားစခန်းတစ်ခု (IMC) အမြဲတန်းဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို
ဓမ္မကွန်ရက် ဖြန့်ကြက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

***
အခု ဆရာဟိန်းလတ် ဘာသာပြန်ထားတဲ့ ‘စိတ်ငြိမ်းချမ်းမှုရှာတော်ပုံ’ဟာ ကိုးလ်မင်းရဲ့ The Quiet Mind ကို
အနည်းငယ်တည်းဖြတ် ဘာသာပြန်ထားတာဖြစ်ပါတယ်။ ၁၉၉၁ လောက်က ဒဂုန်မဂ္ဂဇင်းမှာ
လစဉ်အခန်းဆက် ဘာသာပြန်ခဲ့ပေမယ့် ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ၁၉၉၅ မှာ ပထမအကြိမ်နဲ့ နောက်နှစ်
အနည်းငယ်မှာ ဒုတိယအကြိမ် လုံးချင်းထွက်ခဲ့ဖူးပါတယ်။ အဲဒီမူက The Quiet Mind ၁၉၇၁ ကထွက်ခဲ့တဲ့
ပထမအကြိမ်ထုတ်ဝေခဲ့တဲ့မူ ဖြစ်ပါတယ်။

အခုအချိန်မှာ အဲဒီ မြန်မာပြန်စာအုပ်တွေ ရှားပါးသွားတာကတစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှာ
Pariyatti Press, Seattle USA ကနေ ဒုတိယအကြိမ်ထုတ်တဲ့ ဒီစာအုပ်မှာ နောက်ဆုံးအခန်းတစ်ခန်း အသစ်
ဖြည့်စွက်ထားတာတွေ့ရတာက တစ်ကြောင်း၊ ဆရာဟိန်းလတ်ကို အသစ်ဖြည့်စွက်ဘာသာပြန်ဖို့
တောင်းပန်တာကို ၀မ်းသာအာရလိုက်လျောခဲ့တာကတစ်ကြောင်း၊ စတဲ့အကြောင်းကြောင်းတွေကြောင့်
အခု အသစ်ဖြည့်စွက်တည်းဖြတ်ခြင်းမူကို မြန်မာဘာသာနဲ့ တတိယအကြိမ်အဖြစ် တင်ဆက်လိုက်တာ
ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက ဆရာဟိန်းလတ်ဘာသာပြန်ဖို့ ခွင့်ပြုပြီး ကိုးလ်မင်းကိုယ်တိုင်လက်မှတ်နဲ့
သူ့ကိုပေးထားတဲ့ ပထမအကြိမ်ထုတ်မူရင်းစာအုပ်ကိုပါ ငှားရမ်းခဲ့တဲ့ IMC ရဲ့ ဒုတ်ယမြောက်ဥက္ကဌဖြစ်တဲ့
ဆရာကြီးဦးတင့်ရီနဲ့ အခုဒုတိယကြိမ်ထုတ် မူရင်းစာအုပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ကံကော်ဝတ်ရည်
စာပေက မ၀ိုင်းနဲ့ နိုင်ငံတကာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က မြန်မာစာပါမောက္ခ ဒေါ်ချိုချိုအောင်
တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။

ကိုယ်တိုင်လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့်
စိတ်ငြိမ်းချမ်းမှုကို ကိုယ်တွေ့ခံစားနိုင်ကြပါစေ။

ဝင်းမင်းထွေး
ဓမ္မစကြာစာအုပ်

ကျမ်းညွှန်း- (၁) မြန်မာ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ထူး ဆရာကြီးဦးဘခင် [ဦးကိုလေး(ဇေယျာမောင်)]
(၂) The Quiet Mind: John E.Coleman(2nd Edition)

ဆက်လက်ဖော်ပြပါမည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.