Sunday, December 7, 2008

[Padauk Myay] 1 New Entry: ကိုဂျူးဘာတွေပြောနေတာလဲ

ကိုဂျူးဘာတွေပြောနေတာလဲ

ဒဂုံသား

ပိတောက်မြေကို စာမရေးဖြစ်တာ ကြာပြီ။ သို့သော် ကိုဂျူး၏ နွားခြေရာခွက်ထဲက ဖားသူငယ်များ ဆောင်းပါးကို ဖတ်ပြီး ရေးချင်စိတ်တွေ ပေါ်လာပြန်သည်။ ကိုဂျူး ဆိုတာက ခေသူမဟုတ်၊ ပိတောက်မြေ စာမျက်နှာတွေပေါ်မှာ NLD ဘက်က လက်သံ ပြောင်ပြောင်နဲ့ ခုခံ တိုက်ခိုက်နေသူ ဖြစ်သည်။ အခု ဆောင်းပါးမှာလည်း ကိုဂျူးက ထုံးစံအတိုင်း NLD ကို ကာကွယ်ရင်း သူ့အဆို နအဖ နောက်လိုက်များကို ဆော်ထား၊ နှက်ထား ပြန်သည်။ သူဘာတွေ ပြောသလဲ၊ ကြည့်လိုက်ပါ။

ပထမဆုံး NLD ကို ဒီမိုကရေစီ ရအောင် မလုပ်နိုင်ဘူး၊ နအဖ ပြုတ်ကျအောင် လုပ်နိုင်စွမ်း မရှိဘူးလို့ ပြောသူတွေကို ခပ်တုံးတုံး လူတွေပဲ ဆိုတဲ့သဘောနဲ့ နအဖ လူမဆန်လို့၊ နအဖ ကန့်လန့် တိုက်နေလို့ ဖြုတ်ချလို့ မရတာ၊ ဒါလေးတောင် မသိဘူးလား ဆိုသည့် သဘောခနဲ့သည်။ ဆိုလိုတာက ဇာတ်လိုက်ညံ့လို့ မဟုတ်၊ လူကြမ်းက ဆိုးလွန်းလို့ ဟု ဆိုခြင်းသာ ဖြစ်သည်။ ထိုကောက်ချက် မည်မျှ မှန်သလဲ။ နအဖသည် စစ်အစိုးရ ဖြစ်သည်။ အာဏာရှင် ဖြစ်သည်။ အာဏာရှင်သည် အာဏာရှင်တို့ ထုံးနှလုံးမူပြီး လုပ်မည်သာ ဖြစ်သည်။ ထိုမျှဆိုးဝါးသော အာဏာရှင် စနစ်ကို ဖြုတ်ချရန် အတွက် NLD ပေါ်လာခြင်း မဟုတ်ပေလော၊ NLD က အာဏာရှင် စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ်ကို တည်ဆောက်မည်ဟု ဆိုသည်။ ထိုအဆိုကို ကျွန်တော်တို့ အပါအ၀င် ပြည်သူများက သဘောကျသဖြင့် ပုံအပ်ခဲ့သည်။ ( ၁၉၉၀ တုံးက ဖြစ်သည်။ ယခု မဟုတ်ပါ။) ဒါကိုပင် NLD က မန်းဒိတ်ရသည်။ ဒီမိုကရေစီ လှုပ်ရှားမှု၏ တပ်ဦးပါတီကြီး ဖြစ်သည်ဟု ကြုံးဝါးသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဒီမိုကရေစီ ခေါင်းဆောင်၊ လူထု ခေါင်းဆောင်ဟု ၀င့်ကြွားသည်။ သို့သော် နှစ်နှစ်ဆယ် တိုင်တိုင် လုပ်ပြီး မအောင်မြင်တာ ဘာ့ကြောင့်လဲဟု ပြောသောအခါ ကိုဂျူးက စစ်တပ်က လူမဆန်တာကိုး၊ NLD မညံ့ပါ ဟု ဆင်ခြေပေးသည်။

လူဆိုးက ဆိုးလွန်းသဖြင့် ဇာတ်လိုက် မနိုင်ဆိုလျှင် လက်သဲခွံ ခွာ၊ ရေနွေးပူ လောင်းနေသော ဖက်ဆစ်ဂျပန်တို့ မြန်မာ့ မြေပေါ်မှ ထွက်ခွာရန် မရှိတော့ပေ။ ဒီလိုဆိုလျှင် ကိုဂျူးက ဂျပန်ပြေးတာ ဗမာ့ တပ်မတော် တိုက်လို့ မဟုတ်ဘူး ဆိုပြီး ပို့စ်တစ်စောင် ရေးဖူးတာလဲ သတိရမိသည်။ ဘာပဲဖြစ်ဖြစ် စစ်တပ်သည် လူတန်းစား လက္ခဏာ သတ်မှတ်ချက် အရ အာဏာရှင် စနစ်ကိုသာ သုံးမည် ဖြစ်သည်။ ဒါကို ပြောင်းလဲအောင် လုပ်ရန်မှာ တော်လှန်ရေး သမားတို့၏ တာဝန် ဖြစ်သည်။ အခု ကိုဂျူးဆင်ခြေက NLD ပြောနေကြ မိုးကြိုးပစ်ရာ ထန်းလက်ကာ ဆင်ခြေမျှသာ ဖြစ်သည်။ မိမိကိုယ် မိမိ ကြက်မွှေးဖြင့် သပ်ပြီး ဝေဖန်ရေး လုပ်ခြင်းသာ ဖြစ်သည်။ အဖြေမှန်မရှာလို မရှာရဲသဖြင့် ဆင်ဝှေ့ ရန်ရှောင် လုပ်နေခြင်းသာ ဖြစ်ပေသည်။

နောက်ထပ် ကိုဂျူးပြောတာက ဗိုလ်ချုပ်အောင်ဆန်း ဘုရင်ခံ အစိုးရအဖွဲ့ထဲ ၀င်ပါတယ် ဆိုတာ ဘုရင်ခံက လေးလေး စားစား ဖိတ်ခေါ်လို့ ဖြစ်သည် ဆိုသည့်အချက် ဖြစ်သည်။ ထို့ကြောင့် နအဖ ကလည်း NLD ကို ဖိတ်ခေါ် သင့်သည်ဟု ဆို၏။ အတော် ကောင်းသော ကောက်ချက် ဖြစ်သည်။ ဒီကောက်ချက်က ကိုဂျူး၏ သမိုင်းအသိ အတိမ်အနက်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ အင်္ဂလိပ်က ဗိုလ်ချုပ်ကို ဘုရင်ခံ အစိုးရအဖွဲ့ထဲ ဖိတ်ခေါ်ခဲ့တာ မှန်သည်။ သို့သော် ထိုကဲ့သို့ ဖိတ်ခေါ်အောင် ဗိုလ်ချုပ် ခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ကြီးက ဘယ်လို လှုပ်ရှားခဲ့သလဲ၊ အမှုထမ်း ပေါင်းစုံ သပိတ်တွေ၊ ဥပဒေပြု ရွေးကောက်ပွဲတွေနဲ့ ဘယ်လို နည်းဗျူဟာတွေ ချမှတ်ခဲ့သလဲ ဆိုတာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ပြန်ဖတ်ကြည့် စေချင်သည်။ အင်္ဂလိပ် မြန်မာပြည်ကို ပြန်သိမ်းတော့ ဆာဒေါ်မန် စမစ် ခေါင်းဆောင်သည့် ပြည်ပြေး အစိုးရက ရေးဆွဲထားသည့် ဆင်းမလား စီမံကိန်းခေါ် စက္ကူဖြူစာတမ်း ပါလာသည်။ ထိုစာတမ်းသည် မြန်မာပြည်ကို အင်္ဂလိပ်တို့ ဆက်လက် အုပ်ချုပ်မည့် စနစ်သစ် ဖြစ်သည်။ ပြောရလျှင် နအဖ၏ လမ်းပြ မြေပုံကဲ့သို့ ဖြစ်သည်။ ထိုစာတမ်း ပျက်အောင်၊ ဆာဒေါ်မန် စမစ်ကို ရာထူးမှာ ဖယ်ရှားအောင် ဗိုလ်ချုပ်နှင့် ဖဆပလ အဖွဲ့ကြီးက ဘယ်လို လှုပ်ရှားခဲ့သည်ကို ကိုဂျူး ပြန်ဖတ် ကြည့ှ်လျှင် မိမိ ပြောသော စကား၏ အတိမ်အနက်ကို သဘောပေါက် ပေလိမ့်မည်။

ကိုဂျူးရဲ့ နောက်ဆုံး ကောက်ချက် ကတော့ အတော်ကို ရဲတင်းပေသည်။ ပြောရဲလိုက်တာဟု ဆိုရမည်။ ကိုဂျူးက ဒေါ်စုကြောင့် ကမ္ဘာမှာ မြန်မာ ဖြစ်ရတာ သိပ်ဂုဏ်ရှိပါတယ်၊ နိုင်ငံခြား ရောက်ဘူးသူ မြန်မာတိုင်း ကြုံဘူးမှာပါ။ ဒါကို ကြည့်ရင် သာမန် ကမ္ဘာ့ပြည်သူတွေ မြန်မာ့အရေးမှာ ဘယ်လောက် စိတ်ဝင်စားတယ်၊ မြန်မာနိုင်ငံက ဒီမိုကရေစီ တောင်းဆိုသူတွေကို ဘယ်လောက် အားပေးတယ် ဆိုတာ ရှင်းပါတယ်ဟု ရဲရဲကြီး မိန့်ကြား သွားသည်။ တစ်သက်လုံး ရွှေတိဂုံ ဘုရားသည် မြန်မာပြည်၏ သင်္ကေတ ဖြစ်သည်ဟု သိထားသော ကျွန်တော်တို့ ပက်လက်လန် ရပါသည်။

တကယ်တော့ ဒေါ်အောင်ဆန်း စုကြည်ကို သိသူများသည် Activists များ ဖြစ်သည်။ အစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့များနှင့် အနောက် မီဒီယာများက ပုံရိပ်ဖော် Marketing လုပ်ထားသော ပုံရိပ်ဖြင့် မြန်မာ့အရေးကို လှုပ်ရှားနေသူများ ဖြစ်သည်။ အနောက် နိုင်ငံကို ရောက်ဖူးသူတိုင်း ကြုံဖူးသည် ဆိုလျှင် အတော် လွန်ကဲသော ပြောဆိုမှု ဖြစ်သည်။ ကွန်ဖရင့်တွေလို ပညာရှင်များ စုနေသော နေရာတွင် ဖြစ်နိုင်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက နိုင်ငံသားများ သိနေသည် ဆိုလျှင်တော့ မှားပါသည်။ တကယ်သာ ကိုဂျူးပြောသလို နိုင်ငံတကာ ပြည်သူများက ထောက်ခံသည် ဆိုလျှင် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အဓိကစဉ်းစားသည့် ပြဿနာမှာ မြန်မာ့အရေး ဖြစ်ရပေမည်။ အခု စစ်တမ်း ကောက်ချက်များ အရ အမေရိကန် ပြည်သူများသည် စီးပွားရေးနှင့် အီရတ်စစ် အပေါ် မူတည်ပြီး မဲပေး သွားသည်ဟု သိရသည်။ ကိုဂျူးအနေဖြင့် မြန်မာ့အရေးသည် အဓိက Issue အဖြစ် ပါခဲ့သော နိုင်ငံ တစ်နိုင်ငံ၏ ရွေးကောက်ပွဲ တစ်ခု လောက်များ ဥပမာ ပေးနိုင်လျှင် ကောင်းမည် ထင်သည်။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ရွေးကောက်ပွဲမှာ ရှိရင်လဲ ပြောစေချင်ပါသည်။ ကိုဂျူး အနေဖြင့် အနောက် ဒီမိုကရေစီ စနစ်တွင် Activist၊ Lobbyist များ မည်ကဲ့သို့ လုပ်ဆောင်သည်၊ PR ကို မည်ကဲ့သို့ လုပ်သည်ကို မသိပဲ ရေးနေသည်မှာ ထင်ရှားလှသည်။ဒ်ါအောင်ဆန်း စုကြည်တွင် အရည်အချင်း မရှိဟု ပြောလိုခြင်း မဟုတ်၊ မြန်မာဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်ကိုပဲ လူတွေသိသည် ဆိုသည့် ဘုန်းတော်ဘွဲ့ကိုသာ ထောက်ပြလိုခြင်း ဖြစ်သည်။ ကိုဂျူးကိုပင် ပြန်မေးလိုပါသည်။ ကိုဂျူးသည် ၈၈ အရေးအခင်းက အရွယ် ရောက်နေသူ ဖြစ်သည်ဟု ယူဆမိပါသည်။ ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အမည်ကို ကိုဂျူး ဘယ်တုံးက စကြားဖူးသလဲ၊ မဆလ ခေတ်တွင် ၂၆ နှစ်ခန့်နေရသော မြန်မာပြည်တွင် ဒီမိုကရေစီ ထွန်းကားရေး အတွက် ၈၈ ခုနှစ် မတိုင်မီက ဒေါ်စု၏ လှုပ်ရှားမှုများ ဘာတွေ ရှိသည်ကို သိခဲ့သလား၊ ပြောနိုင်သလားဟု မေးလိုပါသည်။ ထိုမေးခွန်းကို ဖြေလိုက်ပါက ဒေါ်အောင်ဆန်း စုကြည် မြန်မာ့ နိုင်ငံရေး စင်မြင့်ပေါ်သို့ ဘယ်လို ရောက်လာသည်ကို အဖြေ ထုတ်နိုင်ပါမည်။

ကျွန်တော်တို့ ဒီမိုကရေစီကို လိုချင်သည်။ သို့သော် နောက်ထပ် အာဏာရှင် တစ်ဦး၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု တစ်ခုကို ပြန်မတွေ့လိုပါ။ မြန်မာ့ နိုင်ငံရေးတွင် NLD သည် လည်းကောင်း၊ ဒေါ်အောင်ဆန်း စုကြည်သည် လည်းကောင်း၊ စစ်တပ်သည် လည်းကောင်း များလှစွာသော Stake Holders များထဲက တစ်ဦးသာ ဖြစ်သည်။ မရှိမဖြစ် မဟုတ်ပါ။ ဝေဖန်မှု မလုပ်ဘဲ ဘေးမဲ့ ပေးထားရမည့် Untouchable များ မဟုတ်ပါ။ ဒီသဘောကို လက်မခံဘဲ ရေးနေလျှင်တော့ မြန်မာ့ အလင်းမှ ပေါက်စ နောက်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။ ဒါကို ကိုဂျူး နားလည်စေချင်သည်။

ဘေးမှာ ကျွန်တော့် သားလေး စာအော်ဖတ်နေသည်-

ပါပီကလေး ပုတုတု

သူ့စကားက ၀ုဝု၀ု

သူ့စကား လူမသိ၊ လူ့စကား သူမသိ

သနားပါဘိ။ တဲ့----

မိတ်ဆွေကြီး ကိုဂျူးကို သနားစရာ လူမဖြစ်စေချင်ပါ။

ဒဂုံသား

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.