ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်
ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်။ ကျွန်တော့်ကို အခွံပါးပါးလေးနဲ့ပဲ ကာကွယ်ထားတယ်။
အထက်တန်းတက်နေတဲ့ မောင်ဝေယံမှာ မိဘနှစ်ပါး မရှိတော့ပါဘူး။ အကြောကျုံ့စပြုနေတဲ့ ဘယ်လက်တစ်ဖက်နဲ့ ညာလက်မရှိတော့တဲ့ မောင်ဝေယံမှာ ညီငယ်တစ်ယောက် ရှိပါသေးတယ်။ မောင်ဝေယံဟာ မသန်မစွမ်း ခန္ဓာကိုယ်နဲ့ အနေဆင်းရဲပေမယ့် ဘယ်တော့မှ မငြီးငြူခဲ့ဘူး။ ရပ်ကွက်၊ လူမှုရေး အဖွဲ့အစည်းတွေမှာလည်း တတ်အားသရွေ့ သူဝင်ကူလေ့ရှိတယ်။ ကျောင်းက သူ့အတွက် ပညာသင်စရိတ် ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် "ကျွန်တော် လှုပ်ရှားနိုင်သေးတယ်။ ကျွန်တော်ထက် ပိုလိုအပ်တဲ့ သူတွေကို ပေးလိုက်ပါ" လို့ သူငြင်းဆန်ခဲ့တယ်။
တစ်ခါက ကျောင်းမှာလုပ်တဲ့ မသန်မစွမ်း ဟောပြောပွဲမှာ မောင်ဝေယံလည်း ပါခဲ့တယ်။ သူ့ရဲ့ ဟောပြောချက်ကြောင့် ၁၈နှစ်သာရှိသေးတဲ့ မောင်ဝေယံရဲ့ နောက်ကွက်က ရင်နင့်စရာ ဇာတ်လမ်းကို လူတွေ သိခွင့်ခဲ့ရတယ်။ မောင်ဝေယံရဲ့ ညာလက်က သူငါးနှစ်သား အရွယ်မှာ မတော်တဆ ထိခိုက်မှုကြောင့် ကျိုးခဲ့ရတယ်။ အဲဒီအချိန်တုန်းက လျှပ်စစ်တံခါးမှာ ဆော့ကစားနေတဲ့သူ ရီမုကွန်ထရိုကို မှားပြီး နှိပ်မိရာက ညာဖက်လက်တစ်ခုလုံး ကျိုးသွားခဲ့ရခြင်းဖြစ်တယ်။ မြင့်မားတဲ့ ဆေးကုသစရိတ်က နဂိုဆင်းရဲတဲ့ သူတို့မိသားစုကို ဝန်ပိုစေခဲ့တယ်။ ကံကြမ္မာဆိုးက ဆင်းရဲသားတွေရဲ့နောက် ထပ်ကြပ်မခွာ လိုက်နေသလိုပဲ သူတို့မိသားစုရဲ့ တစ်ခုတည်းသော ငွေဝင်ပေါက်အဖေက ရုတ်တရက်ဖျားနာပြီး အိပ်ရာပေါ်မှာ လဲခဲ့တယ်။ အဲဒီအချိန်ကစလို့ အမေတစ်ယောက်တည်း နေ့နဲ့ည အလုပ်နှစ်ခုလုပ်ပြီး မိသားစုတာဝန်ကို ပုခုံးလွဲ ပြောင်းယူခဲ့ရတယ်။
နှစ်မကူးခင်မှာပဲ အဖေဆုံးသွားခဲ့ပါတယ်။ မကြာပါဘူး.. အမေလည်း ရောဂါရပြန်တယ်။ ရတဲ့ရောဂါက အူမကြီး ကင်ဆာဖြစ်တယ်။ ကံကြမ္မာက ခေါင်းတောင်မထောင်နိုင်တော့တဲ့ မောင်ဝေယံတို့ မိသားစုကို ထပ်သဖန် ထိုးနှက်ပြန်တယ်။ အမေရောဂါက နားနားနေနေနဲ့ အချိန်ယူကုသရမယ်လို့ ဆရာဝန်ကမှာခဲ့ပေမယ့် အမေနားမထောင်ခဲ့ဘူး။
အမေ့အစား အလုပ်ထွက်လုပ်ဖို့ မောင်ဝေယံ တောင်းဆိုခဲ့ပေမယ့် စာပဲကြိုးစားဖို့၊ ပညာတတ်ကြီးဖြစ်မှ အမေ့လို့ ကာယနဲ့ ပင်ပင်ပန်းပန်း ငွေမရှာဘဲ ဥာဏနဲ့ အသုံးပြုပြီး ငွေရှာဖို့ အမေက မှာတယ်။ ဘယ်လောက်ခက်ခဲတဲ့ ဘဝမျိုးကို ရင်ဆိုင်ရပါစေ ညီငယ်နဲ့အတူ ဖြတ်သန်းရှင်သန်ဖို့ ကြိုးစားရမယ်လို့လည်း အမေက မှာခဲ့တယ်။ အမေရဲ့ အမှာစကားတွေကြောင့် ဒီလောကမှာ အမေကြာကြာ နေရတော့မှာ မဟုတ်မှန်း သူနားလည်လိုက်တယ်။ တကယ်လည်း မကြာပါဘူး.. ဆေးရုံက အရေးတကြီး အကြောင်းကြားစာတစ်စောင်ကို သူရလိုက်တယ်။
ဆေးရုံကို ညီအစ်ကိုနှစ်ယောက်စလုံး ရောက်သွားချိန်မှာ အမေဘာကိုမှ မသိတော့ပါဘူး။ ဆရာဝန်က သူတို့ကို "အမေ" လို့ နောက်ဆုံးအကြိမ်ခေါ်ဖို့ ပြောခဲ့ပေမယ့် မောင်ဝေယံ မခေါ်ခဲ့ဘူး။ အမေ ဒီလောကဒုက္ခကနေ လွတ်မြောက်ပြီး ထာဝရ အနားယူနိုင်ပါစေလို့ပဲ သူဆုတောင်းခဲ့တယ်။
အမေဆုံးပြီးနောက် အမေနဲ့အတူ သမလွန်ခရီးကို လိုက်သွားဖို့ မောင်ဝေယံ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ဟာ ဘယ်လောက်သေးငယ်ပြီး အသုံးမဝင်တဲ့ သဲတစ်ပွင့်ဖြစ်ပါစေ... သတ္တိရှိရှိနဲ့ လောကကြီးမှာ အသက်ရှင်နေထိုင်သွားမှ ကိုယ်မျှော်လင့်တာတွေ ဖြစ်လာနိုင်မယ်လို့ သူတွေးမိပြန်တယ်။ အဲဒီနောက် အားငယ်သိမ်ငယ်မှုတွေ ဖုံးနေတဲ့ စိတ်ဓာတ်ကို သူအရင်ပြုပြင်တယ်။ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီခဲ့တယ်။
အရင်တုန်းက သူ့ဘဝကိုသူ မုန်းခဲ့တဲ့ မောင်ဝေယံဟာ အခုတော့ အဖက်ဖက်က ထိုးနှက်လာတဲ့ ကံကြမ္မာဆိုးကို ကျေးဇူးတင်နေမိတယ်။ ထိုးနှက်ခံရတိုင်း ထရပ်နိုင်ဖို့ ခံနိုင်ရည်အားတွေ သူရခဲ့လို့ပါပဲ။ လူတိုင်းမှာ ကြီးပြင်း၊ ရှင်သန်လာခဲ့ရတဲ့ ပတ်ဝန်းကျင်တွေ မတူခဲ့ကြပါဘူး။ ဒါကြောင့် ကိုယ့်ရူထောင့်ကနေ သူတစ်ပါးကို မဝေဖန်၊ မဆုံးဖြတ်ဖို့ကို သူ သင်ယူခဲ့တယ်။
ဖတ်မိတဲ့ အဖြစ်မှန်တစ်ခုကို နာမည်ပြောင်းပြီး ရေးသားထားပါတယ်။
နိုင်းနိုင်းစနေ

အဲဒီနောက် သူငယ်ချင်းဆိုတဲ့ ခင်မင်မှု၊ ကူညီမှုတွေက အသွားအပြန်ရှိကြောင်း သူနားလည်ခဲ့တယ်။ ကိုယ့်ရဲ့စိတ်ပြတင်းပေါက်ကို အရင်ဖွင့်မှ၊ သူတပါးကို အရင် ဂရုစိုက်မှ ကိုယ်လည်း ကောင်းတဲ့တုန့်ပြန့်မှုတွေ ပြန်ရမယ်ဆိုတာကို သူသိခဲ့တယ်။
မောင်ဝေယံက သူ့ဘဝမှာ ကျေးဇူးတင်ထိုက်၊ တင်သင့်တဲ့လူ အရမ်းများတဲ့အကြောင်း အထူးသဖြင့် ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဖြစ်ကြောင်း ပြောခဲ့တယ်။
တစ်ခါက ဆရာမက ကျောင်းသားတွေကို ကိုယ့်ကိုယ်ကို တစ်ခုခုနဲ့နှိုင်းပြီး စာစီစာကုံး ရေးခိုင်းခဲ့တယ်။ မောင်ဝေယံက "ကျွန်တော်ဟာ စပျစ်သီးတစ်လုံးနဲ့ တူတယ်။ ကျွန်တော့်ကို အခွံပါးပါးလေးနဲ့ပဲ ကာကွယ်ထားတယ်" လို့ ရေးခဲ့တယ်။
မောင်ဝေယံက သူ့ကိုယ်သူ "အသိဥာဏ် ရင့်ကျက်ပြီး စိတ်ရိုးသားတဲ့လူ ဖြစ်ချင်ကြောင်း၊ တက္ကသိုလ်တစ်ခု တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်ချင်ကြောင်း၊ ကျောင်းသားတွေအတွက် ဆရာကောင်းတစ်ဦး ဖြစ်ချင်ကြောင်း ပြောသွားခဲ့တယ်။
ဆင်းရဲတွင်းထဲမှာ ကျင့်သားရနေတဲ့ မောင်ဝေယံဟာ အရာရာကို ရောင့်ရဲတတ်ခဲ့တယ်။ သူစိတ်မချဆုံးက သူ့ညီငယ်ဖြစ်တယ်။ "ညီလေးက ကျွန်တော်ထက် စာပိုတော်ပြီး သန်မာတယ်။ ဒါပေမယ့် ကျွန်တော့်ကြောင့် သူကျောင်းဆက် မတက်ခဲ့ဘူး"
ကျောင်းက ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီး မောင်ဝေယံအတွက် အသုံးအဆောင်နဲ့ စာအုပ်ဖိုးတွေ ရအောင် လစဉ်ငွေ စုဆောင်းခဲ့တယ်။ မောင်ဝေယံရဲ့ ဇာတ်လမ်းကို ကြားသိခဲ့ကြတဲ့ ကျောင်းသားတွေလည်း သူ့အတွက် ငွေလှူဒါန်းကြတယ်။ ဒီ့အတွက် မောင်ဝေယံက ဆရာကောင်းတစ်ဦးဖြစ်အောင် ကျွန်တော်စာတွေ ပိုကြိုးစားပြီး ကျေးဇူးဆပ်မယ်လို့ ပြောခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.