Thursday, December 11, 2008

[ချစ်တဲ့ မနောမြေ] 1 New Entry: မဟားဒယား လွဲသည့် အမုန်း ၁၀ပါး

မဟားဒယား လွဲသည့် အမုန်း ၁၀ပါး


လုပ်ရက်လေခြင်းလို့ပဲ ပြောချင်ပါတော့တယ် ကိုဆောင်းယွန်းလ .. ရယ် ….. ဘလော့ခ် ဓလေ့ တက်ဂ်ခြင်း ဆိုတာကြီးကို တခါသားမှ ရေးလေ့ ရေးထ မရှိလို့ .. ရှိန်းတိန်း ဖိန်းတိန်းကြီးကို ဖြစ်လို့။

ဒီအကြောင်း တက်ဂ်ထားတော့ ကြောက်ရမဲ့ သူကလဲ ရှိနေပြန်သေး ဟိုးးးးး ခြင်္သေ့တပိုင်း ငခုံးမ အမြီးပြတ်တပိုင်း ကျွန်းနိုင်ငံ က ပန်ဒိုရာစံ ကိုပါ။ သူတို့လဲ အယင် အပါတ်လောက်က ဒီလိုပဲ အမုန်းအကြောင်း ရေးတုန်းက " စိတ်နဲ့ ပိုက်ဆံအိတ် ဖွင့်ပြကြေး လုပ်နေ ကြသလားလို့ .. ဗျာ " လို့ ဆရာကြီး ဆန်ဆန် ရေးခဲ့မိတာ ပန်ဒိုရာစံ က အခုဆို သူ့အလှည့် ဆိုပြီး လာကြိတ်မှာကို ကြောက်လွန်းလို့ပါဗျာ…..!

လူဆိုတာ တူတာရှိစမြဲမို့ ဆရာကြီး လုပ်တတ်တာခြင်း တူတာနဲ့ပဲ စ ပါ့မယ်။
တခါသားမှာပေါ့ သူငယ်ချင်းတယောက် အိမ်ကို သွားလည်တုန်း ကျောက်စိမ်းအောင်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးက ဟွန်ဒါ ဆိုင်ကယ်ကြီးစီးလာပြီး ဒူကဘာတို့ ကလေးတွေ ကစားနေတဲ့ အနားက စားပွဲပေါ် Honda တံဆိပ်ပါတဲ့ ဦးထုပ်ကြီး ချွတ်ပြီး တင်ထား လိုက်ပါလေရော။

ဒူကဘာတို့ ခေတ်က အင်္ဂလိပ်စာကို ၅တန်းရောက်မှ သင်ရတာ ဆိုတော့ ဒူကဘာလဲ ဒီအချိန် မဲမဲမြင်ရာ ((((( အမေရိကန် သမတ အဲလေ ….)))) အင်္ဂလိပ်စာ ကြုံးရုန်း စာလုံးပေါင်း ဖတ်နေသူမို့ အဲဒီ Honda ဦးထုပ်ကြီးနဲ့ သွားတိုးတော့ အနားမှာရှိတဲ့ လူကြီးတွေကို ဒူကဘာ အင်္ဂလိပ်စာတတ်တယ်လို့ ဆိုတာလဲ သိသွားအောင် လေသံမြင့်မြင့်နဲ့ HO = ဟို၊ N = န၊ DA = ဒ ဆိုပြီး "ဟို..န..ဒ" လို့ အပီ ဖတ်လိုက်တော့ သူငယ်ချင်း အကိုတွေ ဦးလေးတွေ ဝိုင်းရီကြပါတယ်… ဒါ မှားလောက်ပြီဆိုတာလဲ သိလိုက်တော့ ဒူကဘာ့ သူငယ်ချင်းဖက်လှည့်ပြီး " ဒါ… ဦးထုတ်မှာ မို့လို့ ပေါ့ကွာ" "ဆိုင်ကယ်မှာ ဆို ငါဖတ်တတ်ပါတယ်" ဒီလိုလာတာ အင်း…အဲဒီကတည်းက မဟုတ်ယင်လဲ ရအောင် ဆရာကြီး လုပ်မယ် စိတ် ဝင်သွားပုံ ရတယ် … ထင်တာပဲ။

မတရားဖူးထင်ယင် ခေါင်းငုံ့ မခံတတ်ခြင်း…. တခါကလည်း မြစ်ကြီးနားဈေးမှာ လူတွေအုံနေလို့ သွားကြည့်မိတော့ ရွယ်တူ ကောင်လေးတယောက်ကို လူလတ်ပိုင်း ၂ယောက်က မေးလိုက်၊ ထိုးလိုက်၊ ရိုက်လိုက် လုပ်နေတာ မတရားဖူးထင်လို့ ဘေးကကြည့်နေတဲ့ အဘိုးကြီးတယောက်ရဲ့ တုတ်ကောက်ဆွဲလုပြီး ဟိုလူလတ်ပိုင်း ၂ယောက်ကို ဝင်ရိုက်တာ အုတ်အော်သောင်းတင်း ဖြစ်သွားပြီး နောက်မှသိလို့ ရှင်းတော့ ကောင်လေးက အလစ်သုတ်သမား ဖြစ်နေပြီး အရပ်ဝတ်နဲ့ ၂ယောက်က ရဲဖြစ်နေလို့ ပြီးမှ တောင်းပန်လိုက်ရတာ ကမ္ဘာဆုံးတိုင်ပဲ။ ဒါကြောင့် လူကြီးတွေပြောတာ မှန်တိုင်းလဲ မကောင်းဖူး … ဆိုလားပဲ ! ။

တလွဲ ဆံပင်ကောင်း အားနာတတ်ခြင်း … မြစ်ကြီးနား- မန္တလေး ရထားစီးတုန်းကပေါ့ … ရထားပေါ်မှာ ငပိသိပ် ငချဉ်သိပ် လူတွေ .. လူတွေ ရထားလက်မှတ် မရလို့ နေရာ မရကာ အိမ်သာထဲ ဝင်စီးတဲ့ ခရီးသွားတွေကို အားနာလို့ နာရီ ၃၀ကျော်လောက် ခရီးကို အောင့်ထားမိတာ ခရီးဆုံးလဲရောက်ရော ဆေးခန်းပြရတဲ့ အဖြစ်မျိုးကို ရောက်ရောလား...ဗျာ၊ နောက်ဆို အားနာယင် အောင့်တတ်တယ်လို့ ပုံသေ မှတ်ရမလိုပါ့၊ မြစ်ကြီးနား ရထားစီးခြင်း တောလားကို ညီလင်းဆက် ဘလော့ခ်မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။

ခံစားမှု နုနယ်ခြင်း … တခါတလေမှာ သိုးကလေး တကောင်လို ခံစားမှုက နုနယ်သလားတော့ မမေးနဲ့ သူများ ခံစားမှုကိုပါ ထပ်တူပြု ခံစားနိုင်လွန်းသေးလို့ သွေး တောင် အနီမဟုတ်ပဲ ပန်းရောင်လေး ဖြစ်နေမလားပဲ? ဒီတခါ သွေးစစ်ယင် ဆရာဝန်ကို အရောင်ပါ စစ်ခိုင်းဦးမှ။

အလွန်အကျွံ ဇွဲနပဲကြီးခြင်း…. လုပ်စရာရှိတဲ့ အလုပ်တွေကို ဘာဖြစ်ဖြစ် ပတ်ဝန်းကျင်ကို အာရုံမထားတော့ပဲ ၂ရက် ၃ရက် မအိပ်ပဲ ဆုံးခန်းတိုင်အောင် လုပ်နေတတ်တာ ရံဖန်ရံခါ ပါတ်ဝန်းကျင်အတွက် ကသိကအောင့် ဖြစ်ရတယ်၊ ဒါကြောင့် လမ်းထိပ် ခဏဆို ထွက်လာခဲ့ရာ ကနေ သတိရတော့ အမေရိကားကို ရောက်နေရော ……ပဲ။

တလွဲ သေခြာခြင်း …. အခု လုပ်တဲ့ အလုပ်မှာ ၁ ဆို ၁ပဲ၊ ၂မလာနဲ့ မပြင်ဖူး၊ အဲဒီ သေခြာခြင်းနဲ့ ခေါင်းမာခြင်းကြောင့် ဘယ်နေ့ ခေါင်းကွဲမလား? ချောင်းရိုက်ခံ ထိမလား ? မသိ၊ အပြင်မှာ ဖေါ်ရွေသလောက် အလုပ်ထဲမှာ တိကျသေခြာလို့ တနေ့တခြား လူမုန်းများလာတာ ( သူများပြောတာ မဟုတ် ) ကိုယ့်ကိုကိုယ် အသိဆုံးပဲလေ…. လုပ်တဲ့ အလုပ်က QC Incharge ဒါကြောင့် Production ကသူတွေဆို သူတို့ ထုတ်လုပ်တဲ့ ပစ္စည်း return ပြန်လာလွန်းလို့ ကုမ္မဏီမှာ သူတို့တွေ မျက်နှာ မရလို့ … မကြည် ဖူးတဲ့လေ၊ ဒါပေမဲ့ ကုမ္မဏီရဲ့ ထုတ်ကုန်ပစ္စည်း ကွာလတီ အရင်ကထက် တက်လာတာတော့ အမှန်ပဲ။ တခါတလေ သေခြာခြင်းက သူများ သောက်ညင်ကပ် စရာများ ဖြစ်နေသလားလို့ စဉ်းစား နေမိသေးရဲ့။

နမော်နမဲ့ နိုင်ခြင်း….. တခါကလဲ ရှော့ပ်ပင်းမောလ် က ကားပါ့တ်ခ် မှာ ကားရပ်ပြီး ကားသော့ခတ်ကာ လေ လေးတချွန်ချွန်နဲ့ ရှော့ပင်လုပ်ဖို့ ထွက်လာခဲ့တယ် ပြန်လာတော့ အဖေါ်လိုက်လာတဲ့ မိတ်ဆွေက အူတက်မတတ် ခွက်ထိုးခွက်လန် ရယ်လို့ပေါ့… " ဘာလဲ? " လို့ မေးတော့ ခင်ဗျားနှယ် ကားသော့တော့ ခတ်ပါရဲ့ ကားမှန်တွေက အားလုံးချ ရက်သားဆိုတော့ သူ ရီချင်လဲ ရယ်စရာပဲလေ …။ နောက်တခုက ဒါလင်ဒူကဘာ ဈေးဝယ်လိုက်ပို့ယင်း သူငယ်ချင်း တယောက်က အရေးတကြီး ဖုန်းဆက်လာလို့ အဲဒီဖက် စိတ်ရောက်ပြီး သွားလိုက်တာ တနေကို … ကုန်ပါလေရော၊ ညနေ အိမ်ပြန်ရောက်လို့ ကားပါကင်မှာ ကားပါ့တ်ခ်တော့မှ ဈေးဝယ်ကျန်ခဲ့တဲ့ ဒါလင်ဒူကဘာကို သတိရမိတာ၊ တယ်လဲ … တောက်တီးတောက်တဲ့ နိုင်တဲ့ နမော်နမဲ့…..။ အိမ်ပြန်ရောက်နေတဲ့ ဒါလင်ဒူကဘာကို နောက်မှ ချော့တော်မူလိုက်ရတာ ဖတ်ဖတ်ကို မောရော… အင်း … နမော်နမဲ့ နိုင်တဲ့ ဒူကဘာများ ပြောပါတယ်။

အနောက်သန်ခြင်း …. အထက်တန်းကျောင်းသား ဘဝက ဘတ်(စ)ကက်ဘော နည်းပြဖြစ်တဲ့ ပုဂ္ဂိုလ်က ဒူကဘာဆို ချစ်မွှေးပါပုံရတယ် ထင်တယ်၊ ထရိန်နင် ဆင်းယင် သူများထက်ပိုပြီး လေ့ကျင့်ခဏ်း ပိုလုပ်ခိုင်းလေ့ ရှိတယ်၊ ဒါကို ဘာမှလဲ ပြန်လုပ်လို့ မရတော့ တနေ့ မင်းသိမယ်လို့ စိတ်ထဲ မှတ်ထားယုံရလွဲလို့ တတ်နိုင်ခဲ့ဖူးလေ၊ ၃နှစ်လောက်ကြာပြီး တနေ့သားမှာ ဒူကဘာက တောင်ငူဘူတာမှာ ရန်ကုန်ဖက်ဆင်းမလို့ ရထားစောင့်နေတုန်း ရန်ကုန်ဖက်ကနေ ဆန်လာတဲ့ ရထားမှာ အနှီး ငနဲသား ပေါက်ခွေ ဆိုတဲ့ တရုတ် … ဘတ်(စ)ကက်ဘောနည်းပြ ရထားပေါ်ကနေ ဒူကဘာ့ကို တွေ့ပါလေရော…..ဗျာ! ဒူကဘာလဲ မတွေ့ပဲနေမလား? တွေ့တာပေါ့၊ ဒူကဘာ့ အလှည့်ရောက်ပြီလေ … ဒီတော့ ဒူကဘာ ဘာလုပ်မိလဲ သိလား? သူက ရထားပေါ်က ဆင်းလာပြီး ဖေါ်ဖေါ်ရွေရွေပဲ နှုတ်ဆက်တယ်… ဒီတင်.. " ခင်ဗျား! .. လူမှားနေပြီထင်တယ်" လို့ ပိတ်ပြောလိုက်တယ်၊ သူက.. "မမှားဖူးထင်တယ်" လို့ ထပ်တိုး ပြောလာပြန်တယ်….ဒီတော့ စိတ်ညစ်သွားဟန် ရုပ်ရှင်ရိုက်လိုက်ပြီး " ဒီ အထာတွေ… ရိုးနေပြီ " " ဘာလဲ … ချဉ်း … မလို့လား? " ပိုက်ဆံအိတ်ထုတ်ကာ ဆယ်တန်တရွက် ထုတ်ပေးလိုက်ပြီး ငွေလိုလဲ ဒါပဲ ယူသွားဆိုပြီး ဘုဆတ်ဆတ် ပြောလွှတ်လိုက်တော့ သူလဲ အူကြောင်ဖြစ်သွားပြီး ခေါင်းကုတ်ခါ "အတော့်ကို တူတာပဲ" လို့ ရေရွတ်ပြီး ရထားပေါ် ပြန်တက်သွားလေရဲ့၊ သူစီးတဲ့ ရထားထွက်သွားတော့ သူ့နာမည် " ပေါက်ခွေ " ကြီးထုတ် လို့ လှမ်းအော် ခေါ်လိုက်တော့ အဲဒီည မန္တလေးအဆန် ရထားပေါ်က ခပ်ရေးရေး ဆဲသံ တချို့ တောင်ငူဘူတာဆီ ဖိတ်အန်ကျ သွားလေရဲ့။

အလိုက်မသိတတ်သူ …. လွန်ခဲ့တဲ့ ၅နှစ်ကျော်ကျော်လောက်က ချင်ကပူ ပိုင် Silk Air လိုင်းမှာ တရုတ်ပြည် ရှန်တောင်းက အပြန် လေယာဉ်ပေါ် အအေးတခွက်ပဲ တိုက်တာကို သိသိကြီးနဲ့ ထပ်တောင်းလို့ လေယာဉ်မယ်က လိုချင်ယင် နောက်ခန်းမှာ သွားယူလို့ အထိ ပြောခံရတာတွေ၊ ပြီးတော့ လေယာဉ်စီး တခရီးထဲ သွားသူ လေဆိပ်ရောက်တော့ ရှေ့ကနေ တာမီနယ် ကျူ့ဘ်ထဲ လျှောက်နေယင်း ဘွတ်ခြေနင်း ခွာပြုတ်သွားပြီး မကောက်ပဲ ဆက်လျှောက်သွားနေတာ မသိဖူးထင်ပြီး ကောက်ပြီး သွားပေးတော့ " Put in your pocket " လို့ ရွဲ့ပြောခံရလို့ အလွဲများနဲ့ အလိုက် မသိကာ ထုံသင်း နေထိုင်တတ် သူပါ ….ဗျားးးးးးးး ။

နောက်ဆုံးတခုက စိတ်မပါတဲ့ အလုပ်ဆိုယင် မတ်သီး ခြင်ထောင်ထောင် .. အဲလေ … မသိချင်ယောင်ဆောင် ၍ အရူးကွက် နင်းတတ်ခြင်းများ ဟာလည်း မကောင်းဖူးလို့ ထင်ပေမဲ့ ဆယ်စုနှစ် ၄ခုလောက် စဖြတ်နေပြီဆိုတော့ မကောင်းပေမဲ့ ... ခေါက်ရိုးများကို ကျိုးလို့ပေါ့ သယ်ရင်း များတို့ရယ်…..။

မအားသေးလို့ သေသေသပ်သပ် မရေးနိုင်တာကို ဒီလောက်နဲ့ ခွင့်လွှတ်နိုင်မယ် ထင်ပါတယ် သယ်ရင်း ကိုဆောင်းယွန်းလ

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.