Tuesday, December 23, 2008

[Nine Nine SaNay] 1 New Entry: အနောက်နိုင်ငံရဲ့ ခရစ္စမတ်

အနောက်နိုင်ငံရဲ့ ခရစ္စမတ်


အင်္ဂလန်

အင်္ဂလိပ်လူမျိုးတွေ ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့တာ နှစ်ပေါင်း ၁၆ဝတိုင်ခဲ့ပါပြီ။ အစောဆုံးက ဝီတိုရိယ ဘုရင်မရဲ့ ကြင်ယာတော် Prince Albert က ၁၈၄ဝ ခုနှစ်မှာ ဂျာမဏီနိုင်ငံကနေ ဒီဓလေ့ကို အင်္ဂလန်ထိ သယ်ဆောင်လာခဲ့ရာက စတာဖြစ်တယ်။ အင်္ဂလိပ်လူမျိုးတွေက ခရစ္စမတ်ညမှာ မိသားစုစုံညီ ခရစ္စမတ်ညစာစားပွဲ ကျင်းပလေ့ရှိကြတယ်။

အဓိက အစားစာတွေမှာ ခရစ္စမတ်ကိတ်၊ ပူတင်း၊ အမဲ ဝက်ကင်၊ ကြက်ဆင် စတာတွေဖြစ်တယ်။ အိမ်သားတိုင်းအတွက် လက်ဆောင်တစ်ခုစီ ပြင်ဆင်ထားသလို အိမ်ဖော်တွေကိုပါ လက်ဆောင်ပေးလေ့ရှိတယ်။ လက်ဆောင်ကို ခရစ္စမတ်နေ့ မနက်ပိုင်းမှာ ဝေပေးလေ့ရှိတယ်။ ကိုယ့်အိမ်ရှေ့သီချင်းလာဆိုသူတွေကိုလည်း လက်ဆောင်ပစ္စည်း သို့မဟုတ် အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံကြတယ်။

အမေရိကား

အမေရိကားနိုင်ငံက လူမျိုးပေါင်းစုံ စုဝေးရာနေရာ ဖြစ်တဲ့အတွက် ခရစ္စမတ်ပွဲတော် ကျင်းပရာမှာလည်း မတူတာကို တွေ့ရတယ်။ ပြောင်းရွေ့လာသူ လူအများက ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့နဲ့ အညီကျင်းပကြတာကို တွေ့ရတယ်။ ဒါပေမယ့် ခရစ္စမတ်အချိန်အခါမှာ တံခါးဝမှာ ချိတ်ဆွဲထားတတ်ကြတဲ့ ခရစ္စမတ် ပန်းခွေနဲ့ တစ်ချို့အပြင်အဆင်က တူညီနေတာကို တွေ့ရတယ်။

ပြင်သစ်

ခရစ္စမတ်အကြိုနေ့မှာ အရွယ်ရောက် ပြင်သစ်လူမျိုးတွေက ဘုရားကျောင်းသွားပြီး ဝပ်ပြုဆုတောင်းပွဲတွေ လုပ်ကြတယ်။ အဲဒီနောက် မိသားစုတွေနဲ့ အသက်ကြီးတဲ့ အစ်ကို (သို့) အစ်မအိမ်မှာ မိသားစုစုံညီ စားပွဲတွေ ကျင်းပကြတယ်။ ဒီစုံညီပွဲမှာ အိမ်တွင်းရေး အခြေအနေတွေကို ဆွေးနွေးကြသလို မသင့်မြတ်တာတွေကို ဖြေရှင်းကြတယ်။ ခရစ္စမတ်နှစ်သစ်ရာသီက စပြီး နောင်နောက် သင့်မြတ်ဖို့၊ ချစ်ချစ်ခင်ခင် နေကြဖို့ ဆွေးနွေးကြတယ်။ ဒါကြောင့် ခရစ္စမတ်ပွဲဟာ ပြင်သစ်လူမျိုးတို့အတွက် ကောင်းမြတ်တဲ့နေ့ တစ်နေ့ဖြစ်တယ်။

စပိန်

ခရစ္စမတ်ရောက်ရင် စပိန်ကလေးငယ်တွေက လက်ဆောင်ပစ္စည်းရဖို့အတွက် တံခါး (သို့) ပြတင်းအပြင်ဖက်မှာ ဖိနပ်ချထားလေ့ရှိကြတယ်။ တစ်ချို့မြို့တွေမှာ အလှဆုံးမိန်းကလေးကို လက်ဆောင်ပေးတတ်ကြတယ်။ ခရစ္စမတ်နေ့မှာ နွားကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ပြုစုကြရတယ်။ အကြောင်းက ဘုရားသခင် Jesus ဖွားမြင်တုန်းက နွားတစ်ကောင်ရဲ့ အာငွေ့ကြောင့် အနွေးဓာတ်ရခဲ့လို့ပဲဖြစ်တယ်။

အီတလီ

အီတလီလူမျိုးရဲ့ အိမ်တိုင်းမှာ ဘုရားသခင် ဖွားမြင်ခဲ့တဲ့ ရုပ်ပုံကားချပ်တွေကို ချိတ်ဆွဲထားလေ့ရှိတယ်။ တစ်ခြားလူမျိုးတွေလိုပဲ ခရစ္စမတ်အကြိုညမှာ မိသားစုစုံညီ ညစာစားပွဲ ကျင်းပကြပြီး ညသန်းခေါင်ရောက်မှ ဝပ်ပြုဆုတောင်းပွဲ လုပ်ကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို လက်ဆောင်ပေးကြတယ်။ ကလေးတွေကလည်း မိဘကို ချစ်ကြောင်း၊ ကျွေးမွေးပြုစုလာခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကို စာ (သို့) ကဗျာတွေ ရေးပြီး ခရစ္စမတ်ညစာ မစားခင်မှာ စားပွဲခင်းအောက်၊ ပန်းကန်ဖန်ခွက်တွေအောက်မှာ ဝှက်ထားတတ်ကြတယ်။ မိဘတွေက မြင်ပေမယ့် မမြင်ချင်ဟန်ဆောင်ကြပြီး စားပွဲပြီးမှ အားလုံးကို ဖတ်ပြကြတယ်။

ဆွီဒင်

ဆွီဒင်လူမျိုးတွေက ဧည့်ကြိုက်တဲ့ လူမျိုးတွေဖြစ်တယ်။ သူတို့ ဧည့်ကြိုက်ပုံက ခရစ္စမတ်နေ့မှာ ပိုသိသာပါတယ်။ ဆင်းရဲ၊ ချမ်းသာသည်ဖြစ်စေ ခရစ္စမတ်နေ့မှာ မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးလေ့ရှိတယ်။ စားပွဲပေါ် ခင်းကျင်းထားတဲ့ စားစရာတွေကို သူစိမ်းတွေကပါ ဝင်ရောက်သုံးဆောင်နိုင်တယ်။

ဒိန်းမတ်

ဒိန်းမတ်နိုင်ငံက ပထမဆုံး ခရစ္စမတ် တံဆိပ်ခေါင်းနဲ့ တီဘီရောဂါ ကာကွယ်ရေး တံဆိပ်ခေါင်းကို ထုတ်ဝေခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ရောင်းရတဲ့ တံဆိပ်ခေါင်းတွေကို တီဘီရောဂါ ကာကွယ်ရေး ရံပုံငွေအဖြစ် သတ်မှတ်ကြတယ်။ ဒိန်းမတ်လူမျိုးတွေ ခရစ္စမတ်ကတ်တွေ ပေးပို့ချိန်မှာ ဒီတံဆိပ်ခေါင်းကိုပဲ ကပ်ကြတယ်။ စာလက်ခံသူက တံဆိပ်ခေါင်းများများ ကပ်ထားတဲ့ စာကို ရခဲ့ရင် ပိုဝမ်းသာပျော်ရွှင်ကြတယ်။

ဂျာမဏီ

ခရစ္စမတ်ပွဲတော်က ဂျာမဏီနိုင်ငံမှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲတော်ကြီးဖြစ်တယ်။ နိုဝင်ဘာ လလယ်ကစပြီး ခရစ္စမတ်ရောက်တဲ့အထိ Munich နဲ့ Nuremberg စတဲ့ မြို့ကြီးတွေမှာ ခရစ္စမတ်ပစ္စည်း အသုံးအဆောင်ကို ရောင်းချတဲ့ ခရစ္စမတ်ဈေးရောင်းပွဲကို ကျင်းပကြတယ်။ လက်မှုပစ္စည်းတွေကို အဓိကထားပြီး ရောင်းချကြတယ်။ နိုဝင်ဘာလကုန်တာနဲ့ ကုန်တိုက်ကြီးတွေမှာလည်း ခရစ္စမတ်သစ်ပင်၊ ပြင်ဆင်စရာ အသုံးအဆောင်တွေကို ရောင်းချကြပြီး ခရစ္စမတ်ရဲ့ ခြေလှမ်းတွေ နီးသထက် နီးလာပြီဆိုတဲ့အကြောင်း လူအများကို အသိပေးလေ့ရှိတယ်။

ရိုးရာဓလေ့ရဲ့ ထုံးစံအတိုင်း ခရစ္စမတ်အကြိုညမှာ စားသောက်ကြတယ်။ အထူးစီမံချက်လုပ်ထားတဲ့ ဘဲသားနဲ့ ငါးတွေ စားကြတာဖြစ်ပြီး ည ၁ဝနာရီမှာ ဘုရားကျောင်းတက်ကြတယ်။ ဒီဇင်ဘာ ၂၅၊ ၂၆ရက်မှာ တစ်ချို့က ဘုရားကျောင်းမှာ ပြုလုပ်ကျင်းပတဲ့ တီးဝိုင်းပွဲတော်ကို တက်ရောက်ကြပြီး သီချင်းတွေ ပြိုင်တူသီဆိုကြတယ်။

ဂျာမဏီရဲ့ ခရစ္စမတ်ပိတ်ရက်က အရှည်ဆုံးဖြစ်တယ်။ ဒီဇင်ဘာ၂၄ ရက်နေ့ကနေ နှစ်သစ် ၁ ရက်နေ့အထိ ဖြစ်တယ်။ ကျောင်းသားတွေအတွက် ၂ ပတ် ပိတ်ရက်ရှိတယ်။

တစ်ခြားဖတ်မိတဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ ခရစ္စမတ်ကို ဘယ်နိုင်ငံက ဘယ်လိုပဲ ကျင်းပကြပါစေ အဲဒီနေ့ဟာ ဘုရားသခင် Jesus ကို ဖွားမြင်တဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်ဆိုတာကို လူတိုင်းမမေ့ကြပါဘူး။ ဒါကြောင့် ဒီပွဲမှာ လူတွေက မိသားစုစုံညီ၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် ကျင်းပကြသလို တစ်ခြားသူအပေါ် ဂရုစိုက်ကြောင်း၊ ချစ်ခင်ကြောင်း၊ ကျေးဇူးတင်ကြောင်း စတဲ့ မေတ္တာတွေကို ထုတ်ဖော်ပြတဲ့ နေ့လည်းဖြစ်တယ်။ ဒါကြောင့် ကိုယ်ချစ်ခင်တဲ့ လူတွေကို ဂရုစိုက်ကြောင်း၊ ကျေးဇူးတင်ကြောင်း ခရစ္စမတ်နေ့ကို အခွင့်အရေးယူပြီး သူတို့သိအောင် ထုတ်ဖော်ပြသကြရအောင်..... အားလုံး မယ်ရီ ခရစ္စမတ်ပါလို့ ကြိုနှုတ်ဆက်လိုက်ပါတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.