Tuesday, December 23, 2008

[We Fight We Win. -- " More than Media "] 6 New Entries: သူခိုး ဖမ်းပေးသော ခြင်

သူခိုး ဖမ်းပေးသော ခြင်

သူခိုးဖမ်းပေးသော ခြင်

-တီကေ-

ဖင်လန် ပုလိပ်များ က မော်တော်ကား သူခိုး တယောက် ကို ခြင် တကောင်၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည် ဟု လက်ခံထားကြသည်။ ထိုကား သည် ဇွန်လ အတွင်း၌ အခိုးခံရခဲ့ပြီး နောက် များမကြာမှီ ဘူတာရုံတခု အနီး မှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုလိပ် ပတ္တရောင်များ က ကား ကိုတွေ့ရှိ၍ စစ်ဆေးကြည့်ရှုသော အခါ သွေးဝနေသော ခြင်တကောင် ကို သတိပြုမိရာ မှ မော်တော်ကား သူခိုး ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း ခြင် အား DNA ဓါတ်ခွဲခန်းသို့ ပို့၍ စုပ်ထားသော သွေးကို စစ်ဆေးသော အခါ ယခင် က ပုလိပ်မှတ်တမ်းဝင် ရာဇ၀တ် သားဟောင်း တဦး ၏ သွေး နှင့်ထပ်တူ ဖြစ်နေ၍ ထိုလူ အား ဖမ်းဆီးခဲ့ကြသည်။ စွပ်စွဲခံရသော ပုဂ္ဂိုလ် ကမူ ထိုကား အား သူ ကားကြုံသာ စီးမိခဲ့ကြောင်း၊ သူမခိုးပါကြောင်း ငြင်းဆိုခဲ့သည်။ ပုလိပ်အရာရှိ ပါလို မှ စွဲချ ရှေ့နေ များ သာလျှင် ဤ တွေ့ရှိရသော အထောက်အထား မည်မျှ ခိုင်မာ သည် ကိုလေ့လာ ၍ မသင်္ကာသူ ကားသူခိုး အား စွဲချက် ချနိုင်မည် ဖြစ်ကြောင်းပြောသွားပါသည်။

ဖင်လန် ပုလိပ်များ က အခင်းဖြစ်ပွားရာ နေရာ၌ ရှိသမျှ သဲလွန်စ တို့ကို အသေးစိတ်လေ့လာကြသော်လည်း ပိုးမွှားများ မှ ရရှိသော အထောက်အထား များ ဖြင့် ရာဇ၀တ်မှု များကို ဖြေရှင်းခြင်း နည်းမှာ အသုံးချမှု သိပ်မရှိလှသေးကြောင်း၊ ပါလို က လည်း "ကျွန်တော် တို့ ပုလိပ်ကျောင်းတက် တုံးက ခြင် တွေ ဘာတွေကို လေ့လာ ကြည့်ရမယ်လို့ မပါခဲ့ပါဘူး။ ပြီး ကားတစင်းထဲမှာ ခြင်တကောင် ရှာဖို့ ဆိုတာ မလွယ်လှဘူး။ ရှာနိုင်ခဲ့တာ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အမှုတွေ ကို ဘယ်လောက် အသေးစိတ် လေ့လာခဲ့ တာ ကို သိနိုင်ပါတယ်။"ဟု ဂုဏ်ယူစွာ ပြောကြားသွားပါသည်။

(အေဖက်ပီ)
ဟယ်ဆန်ကီ၊ ဖင်လန်



Rest of your post

၂၀၀၉ ခုနှစ် အစီရင်ခံစာ နှင့်သုံးသပ်ချက်များ



Dear Friends of Burma,

We are preparing an independent report on Burma, which will be offering new strategic thinking for U.S and European Policy makers. The report will be submitted in January,2009.The aim of this report is to promote freedom and liberty of Burma. Your opinions and comments are highly appreciated.

ချစ်စွာသောစာဖတ်ပရိသတ်အပေါင်းတို့ ခင်ဗျာ..

စာဖတ်သူတို့ အနေဖြင့် မြန်မာပြည် အပေါ်ထား ရှိမည့်အမေရိကန်အစိုးရသစ်၏ ပေါ်လစီနှင့် အသစ်ခန့်အပ် မည့် မြန်မာပြည် ဆိုင်ရာ အမေရိကန် အထူးကိုယ်စလှယ် အပေါ်ထားရှိသည့် သဘောထားများ အကြံပြုချက် များ ပေးပို့လိုပါလျှင် ကျွန်နော်တို့ အီးမေးကို ဖြစ်စေ၊ ဘလောက်ဂ်မှာဖြစ်စေ ရေးသား ထားခဲ့နိုင်ပါသည်။

ထို့အတူအဖွဲ့အစည်းတခုချင်းစီ၏ထင်မြင်ချက်သဘောထားများ၊အကြံပြုချက်များကိုလည်း ကျွန်နော်တို့ကို အီးမေးကနေတဆင့် ပေးပို့ ထားနိုင်ပါသည်။ ကျွန်နော်တို့အနေဖြင့်သီးသန့် အကြံပြုချက်အစီရင်ခံစာကို အမေရိကန်အစိုးရ သစ်နှင့် သက်ဆိုင်ရာ နေရာများသို့ တင်ပြပေးပို့ သွားပါမည်။

ချစ်စွာသော စာဖတ်ပရိသတ် အပေါင်းတို့၏ အကြံပြုချက်များ ကိုလည်း တပါတည်း ထည့်သွင်းပေးပို့ တင်ပြသွားပါမည်။ သဘောထား တွေ ကို အပြုသဘောဆန်ဆန်ဖြင့်လွတ်လပ်ပွင့်လင်းစွာ ရေးသားနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်-

We Fight We Win
Strategic Team


Rest of your post

ဆွစ်ဇလန်နိုင်ငံရှိရေခဲပြင်များ ကွယ်ပျောက်တော့မည်

ဆွစ်ဇလန်နိုင်ငံရှိရေခဲပြင်များ အရည်ပျော်ကျနေခြင်း

-ကို-

ရာသီဥတု ခန့်မှန်းချက်သာ မှန်ခဲ့မယ်ဆိုရင် ဆွစ်ဇလန်နိုင်ငံရှိ ရေခဲမြစ်တွေဟာ
လျင်မြန်စွာအရည်ပျော်ပြီး ဒီရာစုနှစ်မှာ အများအပြား ကွယ်ပျောက်သွားတော့မည်ဖြစ်ပါသည်။ လွန်ခဲ့သော ကိုးနှစ်အတွင်းမှာ မြောနေသော ၁၅၀၀ ကျော်ရေခဲလွှာတွေထဲက ၁၀ ကုဗ ကီလိုမီတာခန့် ဆုံးရှုံးအရည်ပျော်သွားခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

အခြားလေ့လာမှုတွေ အရ အဲဒီရေခဲလွှာတွေကို တစ်ခုမှာ အရေအတွက် ၃၀ ပါဝင်တဲ့အုပ်စုစီခွဲပြီး လေ့လာကြည့်တဲ့အခါမှာ အဲဒီ အဖွဲ့ထဲက ရေခဲလွှာတွေ မှာ နှစ်စဉ် မီတာနှင့် ချီပြီး ပျက်စီး အရည်ပျော်မှုတွေကို တွေ့ရှိရသည်။ ဆွစ်ဇလန်နိုင်ငံမှာ ရှိတဲ့ နည်းပညာတက္ကသိုလ် ကနေပြီး ဒီတွေ့ရှိချက်နှစ်ခုလုံးကို တွေ့ရှိခဲ့တာပါ။

"လေ့လာတွေ့ရှိချက် အရကတော့ အနုတ်လက္ခဏာပါပဲ။ ရေခဲထုကြီးဟာ လျင်မြန်စွာ အရည်ပျော်နေ တယ်ဆိုတာတွေ့နေရတယ်လို့ Zurich တက္ကသိုလ် ဓါတ်ခွဲဌာန က ရေခဲပြင်၊ရေခဲလွှာ၊ နှင့်သဘာဝပတ်ဝန်းကျင် အကြောင်း လေ့လာနေသော သိပ္ပံပညာရှင် Matthias Huss ကဆိုခဲ့ပါသည်။"

ပြီးဆုံးဖို့အတွက်တော့ ဒီရေခဲတွေအရည်ပျော်လေ့ရှိတဲ့ ရာသီဥတုဟာ မြန်မြန်ကုန်ဆုံး သင့်နေတယ်။ ပြီးတော့ ဆောင်းရာသီမှာလဲ အဲဒီ အရည်ပျော်သွားတဲ့ရေခဲလွှာတွေ နေရာမှာ အစားထိုးဖို့ နှင်းတွေ များများကျပေးဖို့ လိုတယ်။ အဲဒီလေ့လာမှုနှစ်ခုကို အမေရိကန်မှာ ပထ၀ီ နှင့်ရုပဗေဒဆိုင်ရာ အဖွဲ့ အစည်းရဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီပွဲဟာ ကမ္ဘာ့အကြီးကျယ်ဆုံး သိပ္ပံပညာရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံ ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ရေခဲမြစ်တွေ အရေပျော်မှုအခြေအနေနဲ့ ပက်သက်ပြီး အတိအကျ မပြောနိုင်ခဲ့ကြပေမဲ့ တစ်ခြားဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ ကိုတော့ တွေ့ရှိခဲ့ကြပါတယ်။

နွေရာသီအပူလှိုင်း


အချက်တစ်ခု အနေနဲ့ ကြည့်မယ်ဆိုရင်လဲ Daniel Farinotti နှင့် သူ့ရဲ့ အဖွဲ့ဟာ အဲဒီရေခဲလွှာပေါင်း ၁၅၀၀ ထဲက အကြီးဆုံး အစိုင်အခဲဖြစ်တဲ့ Aletschgletscher ရဲ့ထုထည်ကို တိုင်းတာဖို့ ကြိုးစားရင်းနဲ့ သူတို့ဟာ ပမာဏသေးတဲ့ ရေခဲလွှာတွေထက် အဲဒီရေခဲလွှာက အရည်ပျော်ဆ ၃ စတုရန်းမီတာ လျော့နည်းတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

၁၉၉၉ ခုနှစ်ရဲ့ လေ့လာတိုင်းတာမှုအရဆိုရင် အဲဒီ ရေခဲလွှာကြီး Swiss Alps ရဲ့ ထုထည်ဟာ ၇၅ ကုဗမီတာ ရှိပြီး (လေ့လာမှုကိုအခြေခံပြီး) ဒါဟာ ပထမတွေးထင်ထားတာထက် ပိုကြီးတဲ့ ထုထည်ပမာဏ ဖြစ်လို့ နေပါတယ်။ ဒါပေမဲ့ ၁၉၉၉ ဆိုတာတော်တော်လေးတော့ ကြာခဲ့ပါပြီ။ ဒါကြောင့် ကျနော်တို့ဟာ အခု အဲဒါကို အခြေခံထားပြီး ထုထည်ကို ပြန်တွက်နေပါတယ်။ ကျနော်တို့ တွေ့ရှိချက်အရတော့ ၁၉၉၉ ကနေ ဒီနေ့ထိ ၁၃ ရာခိုင်နှုန်း ပမဏ ဆုံးရှုံးသွားပါတယ်လို့ Mr Farinotti.ကဆိုခဲ့ပါတယ်။

"ခင်ဗျားတို့ မှတ်မိသေးကြလား။ ၂၀၀၃ က ဖြတ်ခဲ့တဲ့အပူလှိုင်းကြောင့်လဲ ဆွစ်ဇာလန် နိုင်ငံမှာရှိတဲ့ ရေခဲမြစ် ရေခဲလွှာတွေဟာ အဲဒီတစ်နှစ် ထဲမှာပဲ ၃ - ၄ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။ Mr Farinotti က ဒီရေခဲလွှာ အကြီးကြီးတွေဟာ အလွန်ပဲရေခဲမြစ် အရည်ပျော်မှုကို ထိန်းသိမ်းမှု မှာ အလွန်ပဲ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုရင် စုစုပေါင်းရေခဲမြစ်တွေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းဟာ အကြီးမားဆုံး ရေခဲလွှာကြီး အခု ၅၀ ဆီမှာ ရှိသော ကြောင့်ပါလို့ ဆိုခဲ့ပါတယ်။" ဥပမာ အားဖြင့် Aletschgletscher ကိုပဲ ကြည့်။ သူဟာ ဆွစ်ဇလန် မှာ ရှိတဲ့ ရေခဲလွှာ ထု ပမာဏအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းရှိတာပဲ လို့ သူက BBC ကိုပြောခဲ့ပါတယ်။

အဓိက ကိစ္စ ကတော့ ကြီးမားတဲ့ ရေခဲလွှာ တွေမှာ ရေခဲပမာဏဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ ဘာလို့လဲ ဆိုရင် ရေခဲလွှာ အသေးလေးတွေ ဟာ မကြာခင်မှာ ပျောက်ကွယ်ဆုံး ရှုံးကုန်လိမ့်မယ်ဆို တာ ငါတို့ သိသိသာ မြင်နေတာပဲလို့ဆိုပါတယ်။ အခုကနေ နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်။ဒါပေမဲ့ Aletschgletscher ကဲ့သို့ ရေခဲလွှာ တွေကတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပျောက်ပျက်မှာ မဟုတ်တာတော့သေချာတယ်။

ဒါဟာ Mr Huss နဲ့ သူ့အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်နဲ့တော့ အနည်းငယ်ကွဲပြားနေတယ်။သူတို့က အဓိက ရေခဲလွှာ အုပ်စု ၃၀ လောက်ရဲ့ အရွယ်အစား၊ ပုံစံနဲ့ တည်နေရာကို အခြေခံပြီးလေ့လာခဲ့ကြတာပါ။ ၁၉၀၀ ပြည့်နှစ် ကနေ ၂၀၀၇ ထိသက်တမ်း တောက်လျောက်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေဟာ တိုက်ရိုက် တိုင်းတာချင်း ကော၊ ခေတ်မှီတဲ့ နည်းအသစ်တွေ ပါ နှစ်ခုလုံးကို ပေါင်းစပ်ပြီး သုတေသန ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဒီ အချိန် ကာလ တစ်လျောက်မှာ တော့ အခြေအနေဟာ ဆုတ်ယုတ်လာတယ် ဒါပေမဲ့ဒါဟာ တကယ့်အဆုံး သတ်တော့ မဟုတ်သေးပါဘူး။ ဒီရေခဲလွှာတွေနည့် ပက်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်ဆိုတာ သိသာနိုင်တဲ့ အချက် နှစ်ချက်လဲ ရှိပါ သေးတယ်။ ဒါကဘာလဲဆိုရင် ၁၉၄၀ ခုနှစ်က ရေခဲလွှာတွေ ပျက်စီးမှူးနှုန်းထားဟာ အခုထက် ပိုမြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ယေဘုယအားဖြင့်ပြောရင်တော့ ဆုတ်ယုတ်လာတာပါပဲ။ လွန်ခဲ့သော နှစ်၄၀ - ၅၀ ထက်စာရင် ရေခဲလွှာတွေဟာ ပိုမိုလျော့နည်းကုန်ပြီဖြစ်တယ်။ Mr Huss ဟာ အနာဂတ်အတွက် ရာသီဥတု အခြေအနေကို လေ့လာတွက်ချက်ဖို့အတွက် Rhone လို့အမည်ရတဲ့ ၁၀ ကီလိုမီတာ ရှည်တဲ့ ရေခဲလွှာတစ်ခု ကိုရွေးချယ် ခဲ့ပါတယ်။ ဒီရေခဲလွှာဟာသက်တမ်း နှစ် ၁၀၀ လောက်တော့ခံမှာပါပဲ။ ဒီရေခဲလွှာ ကြီးရဲ့ ဆုတ်ယုတ်မှု ဟာ ၂၀၅၀ အထိတော့သိပ်မမြန်သေးပါဘူး။ ဒါပေမဲ့နောက်ပိုင်းမှာတော့ မြန်မြန်ပဲ အရည်ပျော် ပျက်စီး သွားပါ လိမ့်မယ်။ ဒါဟာ ဘာကို ပြချင်တာလဲဆို ရင် ရေခွဲလွှာ အသေးလေးတွေအများစု ဟာ ဒီရာစုနှစ်ရဲ့ အကုန်ပိုင်း မှာ လုံးဝပျက်စီး အရည်ပျော်သွားမှာ ဖြစ်တယ်ဆိုတာကိုပါပဲ။

ဒီလိုဖြစ်ပေါ်နေခြင်းဟာ စီးပွားရေး နဲ့ ပက်သက်ဆက်နွယ်ပြီး သိသိသာသာဆုံးရှုံးမှုတွေရှိလိမ့်မယ်။ Mr Huss ကတော့ ဒီရေခဲလွှာတွေဟာ ဆောင်းရာသီမှာ ရေတွေကို စုစည်းထားပြီး၊ ရေကိုလိုအပ် တဲ့ ပူလောင် ခြောက်သွေ့တဲ့နွေရာသီမှာ ပြန်လည် ထုတ်ပေးတာပါ။ ပြီးတော့သူတို့ ဟာ အအေးဓါတ်များတဲ့ နှစ်တွေမှာ ရေတွေကို ပိုစုဆောင်းပြီး၊ အပူဓါတ်များ သောနှစ်တွေမှာ ပြန်လည်ထုတ်ပေး ပါတယ်။ ဒါဟာလဲ ရာသီဥတု အတွက် အရေးပါတာပါပဲ။

ဆွစ်ဇာလန်နိုင်ငံ အနောက်တောင် ပိုင်းမှာ ဆိုရင်တော့ အဲဒီ ရေခဲမြစ်တွေ အရည်ပျော်တဲ့ ရေတွေကို ခေတ္တ သိမ်းဆည်း သိုလှောင် ထားပြီး ရေအားလျှပ်စစ်ကိုထုတ်လုပ်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံရေအားလျှပ်စစ် ရဲ့ ထုတ်လုပ်မှု ပမာဏရဲ့ တစ်ဝက်ကျော်ဟာ ဟိုက်ဒရိုစွမ်းအားကို အသုံးပြုတာပါ။

Mr Huss ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို အဲဒီမှာရှိတဲ့ ပထ၀ီ နဲ့ ရုပဗေဒဆိုင်ရာ စာစောင်မှာ ဒီနှစ်မှ စတင်ဖော်ပြခဲ့ တာပါ။ ဒါပေမဲ့ Farinotti-led ရဲ့တွေ့ရှိမှုတွေကိုတော့ Glaciology စာစောင်နဲ့ Global and Planetary Change စာစောင်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။



  • The four glaciers here represent a range of types, sizes, locations, and climatic zones. The assessment has now been extended to 30 glaciers
  • Area covered by the glaciers - Aletsch: 83.01sq km; Rhone: 16.45sq km; Gries: 5.26sq km; Silvretta: 2.89sq km
  • Distinct phases of growth (I & III) and strong ice loss (II & IV) are seen within an overall trend for the period which is negative
  • The cumulative mass balance is given in "metres of water equivalent". Essentially, it records the net thickness change of the glaciers
  • Thickness change over the entire period - Aletsch: -65m; Rhone: -43m; Gries: -97m; Silvretta: -35m


Rest of your post

ပူကနဲ

၁၉၄၄ ခုနှစ် ဧပြီလ က မြန်မာပြည်လယ်ကွင်းတနေ၇ာတွင် ဆင်းသက်နေသောမဟာမိတ် လေယာဉ်
Hsa'tnshingyang, Burma
Photo credit: Lt. David Lubin

-မောင်လူအေး-
(ဂျပန်ခေတ်ဟာသများ စာအုပ်မှ မှတ်မိသမျှ ကို ပြန်လည်၍ ဖော်ပြရေးသား လိုက်ပါသည်။)

အချိန်ကား ဂျပန်ခေတ်။ တိတိကျကျ ဆိုရသော် မြန်မာပြည် ၌ ဂျပန်များ စတင်ဆုတ်ခွာနေချိန်။ မဟာမိတ် တပ်များ နှင့် ဗမာတပ်မတော်က ဂျပန်တော်လှန်ရေး စတင်ပြီး ဖက်ဆစ်ဂျပန်တို့ အား ပြင်းထန်စွာ ချေမှုန်း နေချိန်ဖြစ်သည်။ မဟာမိတ် လေတပ်မှ နေ့စဉ် အုပ်လိုက်တမျိုး၊ ကျွဲညီနောင် ဟု ခေါ်တွင်ခဲ့သော ၂ စင်းတွဲ၍ တဖုံ၊ ရန်ကုန်မြို့တော်နှင့် မြန်မာပြည် တ၀ှမ်းလုံး အနှံ့ ဗုံးကြဲ၊ စစ်သေနတ်ဖြင့် ပစ်၍ ထိုးစစ် အကြီးအကျယ် ဆင်နွှဲ နေသောကာလဖြစ်ပါသည်။

ညနေစောင်းတခု ၌ ရန်ကုန်တဖက်ကမ်း ဒလမြို့လေးမှ အဖိုးကြီး၊အဖွားကြီး ဇနီးမောင်နှံသည် ရန်ကုန်ဖက်သို့ ကူးတို့ သမ္ဗာန်လေး ဖြင့် ကူးလာခဲ့သည်။ မြစ်လယ်သို့ ရောက်ခါမှ ဗုံးကြဲလေယာဉ် အချက်ပေးသံများ ကို ရန်ကုန်ဖက် မှ ကြားရပြီး မရှေးမနှောင်းပင် ကျွဲညီနောင်သည် မြစ်ကြောင်းပေါ် ၌ ပေါ်လာပြီး မြစ်ထဲ ရှိ သင်္ဘော၊လှေ၊သမ္ဗာန်၊ဘောက်တူ၊ တုံကင်း အစရှိသော ရေကြောင်းသွားနာဝါ မှန်သမျှ တို့ကို စစ်သေနတ်ဖြင့် အကြီးအကျယ်ပစ်ခတ် လေတော့သည်။

မြစ်လယ်၌ ကား ကမ္ဘာပျက်လေပြီ။ ကျည်ဆံတို့သည် ရေကို ထိ၍ တဖွားဖွား။ လှေများကိုမှန်၍ မီးလောင်သည့် လှေ က မီးလှောင်။ အမယ်ကြီး၊အဖိုးကြီး တို့ သမ္ဗာန်လေး နားကို ကျည်ဆံများက ဝှေ့ယှမ်းလာချေပြီ။ သမ္ဗာန်သမား၊ အမယ်ကြီး၊ အဖိုးကြီး တို့ ကြိုတင်ဇာတ်တိုက် ထားဘိအလား လွှားကနဲ ရေ ထဲသို့ ခုန်ချကြရလေတော့သည်။ အမယ်ကြီး နှင့် အဖိုးကြီး မှာ ရေထဲ၌ လုံးလားထွေးလား။ ကျည်ဆံများ တရစပ် သူတို့ အနားသို့ ပစ်အသွား အဖိုးကြီး ၏ ငယ်သံပါအောင်အော်သံ ကိုကြားလိုက်ရလေတော့သည်။

"ငါ့ကိုထိသွားပြီ မယ်တင့်ရေ၊ လုပ်ပါအုန်းဟ"။ ကျွဲညီနောင် သည် လည်း ထုံးစံအတိုင်း ဂရူးမူးထိုး ပစ်ခတ် သွားပြီးနောက် လာရာလမ်း ကို ပြန်လှည့်သွားသော အခါ မှ ပင် သမ္ဗာန်သမားလေး ၏ အကူအညီ ဖြင့် ကျည်သင့်လေရှာ သော အဖိုးကြီး ကို သမ္ဗာန်ပေါ် သို့ ဆွဲတင်ရလေတော့သည်။

"ကိုဘိုးထင်၊ကိုဘိုးထင် ဘယ်မှာထိတာလဲ၊ ကျမကို ပြပါအုန်း၊ ရင်တုန်လိုက်တာရှင်" အမယ်ကြီး မေးခါမှ ဒဏ်ရာ ဖြင့်မှိန်းနေသော အဖိုးကြီး ခမျာ "တင်ပါးမှာ၊ မယ်တင့်ရေ၊ တင်ပါးမှာ တည့်တည့်ကြီး ထိတာဟ" ဟု ဖွဖွသာ ပြောနိုင်လေတော့သည်။ အမယ်ကြီး နှင့်သမ္ဗာန်သမား ခမျာ အဖိုးကြီး ၏ ပုဆိုးကို လှန်၍ တင်ပါးကို ကြည့်ကြ သော်လည်း ဒဏ်ရာမတွေ့။ တကိုယ်လုံးစစ်ဆေးကြည့်သော်လည်း အပ်ရာမျှ မထင်။

"ကိုဘိုးထင် ဘယ်မှာလဲ ရှင့်ဒဏ်ရာ၊ ဘာမှလည်းမတွေ့ပါလားရှင်"အမယ်ကြီး မြည်တွန်တောက်တီးလေမှ အဖိုးကြီး က " ငါလည်း ဘာသိမှာလဲ ရှင်မရာ၊ ရေထဲမှာ ကျည်ဆံတွေ ပစ်နေတုံး ငါဖင် ပူ ကနဲ၊ ပူကနဲ နှစ်ချက်ဖြစ်သွားတယ် " ။ ထိုအခါမှ ပင် အမယ်ကြီး က ပြုံးစိပြုံးစိဖြင့် "အဟီး၊ ရေထဲမှာ တုံး က ကျမ အပေါ့သွားလိုက်မိသေး တယ် တော့" ဟူသတည်း။

Rest of your post

တီဘီ အဆုပ်နာ ကူးစက် ရောဂါ .. Tuberculosis (TB)


-တင့်ဆွေ -
ပြည်သူ့ကျန်းမာရေး (မြန်မာပြည်)


(ဘလော့ခ်) တွေမှာ စာဝင်ရေးမိတာ မကြာသေးဘူး။ သူများတွေတော့ (ဘလော့ခ်)ကို ဘယ်လိုသဘောထား လေသလဲတာ့ မပြောတတ်ဘူး။ ကိုယ့်ဖါသာ ထင်တာလေးပြောရရင် ကူးစက်ရောဂါဘဲဗျ။ နောက်ပြီး ဆေးစွဲသလိုလဲ စွဲတတ်သေးတယ်။ အဟုတ်ပါ၊ ဆရာဝန်ဆိုတာ လူမြင်ရင် လူနာ ထင်နေတတ်လို့ ပြောတာ မဟုတ်ဘူးနော်။

ကျွန်တော် အခုလောကထဲ ရောက်လာချိန်မှာ ကွန်ပြူတာ ဆိုတာ ပေါ်မလို့ ရှိသေးတယ်။ စပြီး ကိုင်ဖူးချိန်မှာ (မော်နီတာ) တွေက အဖြူ-အမဲ။ ၂၈၆-၃၈၆ ဆိုတဲ့ခေတ်။ သင်ပြန်တော့ (ဒေါ့စ်) ကနေ စရတာ။ (၀င်းဒိုး)က မပေါ်သေးဘူးလေ။ နောက်လူတွေ သိမှာ မဟုတ်ဖူး။ အဲလိုရေးတာ ကြွားချင်လို့ "နောက်လူတွေ ငါတို့လောက်သိရှာမှာ မဟုတ်ဖူး"လို့ ဆိုချင်တာ မဟုတ်ပါကြောင်း အလျင်စလို တောင်းပန် ပါရစေ။ လူဟောင်းတွေက ပညာတွင်း နက်ခဲ့သဗျ။ နောက်လူတွေက ခူးပြီး-ခတ်ပြီး အသင့် စားသုံး နိုင် လာကြတာ ဓမ္မတာပါ။ အခု လူတွေကလည်း နောက်လူ တွေကို အဲလို ပြန်ပြောကြ ဦးမှာနော။

ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက် တယောက်ရှိတယ်။ သူက နယ်စပ်မှာ အကြာကြီး နေခဲ့ပြီးမှ မြို့တက်လာတာ။ ကွန်ပြူတာလို ပစ္စည်းကိုလည်း တော်တော်နဲ့မထိဘူး။ ထိမဲ့ ထိတော့လည်း အခု သူက(ဘလော့ခ်) ဆရာ ဖြစ်နေပြီ။ ကိုယ့်ဖါသာလည်း ဖွင့်ထား၊ သူများ ကိုလည်း လိုက်သင်ပေး နေရပြီ။ စွဲသလား မမေးနဲ့။ နေ့- ည (ဘလော့ခ်)ဖတ်-ရေး၊ မှေးချိန်၊ တွေးချိန်၊ စားချိန်၊ အဲ့ သောက်ချိန် လောက်ပဲ ဘဲနား ပုံရတယ်။ သူစွဲပြီး သိပ်မကြာပါဘူး၊ ကျွန်တော့်ကို ကူးပါ လေရောဗျို့။




ဘာနဲ့တူလဲ သိလား၊ (တီဘီ) လိုဘဲ အနားက ခြောက်ပေ အတွင်း ရှိသူမှန်သမျှ လူကြီး - ကလေး အခမဲ့ ဝေပေး နေတာမျိုး။ ကျွန်တော့် အနီးအနား မှာ နောက်တယောက် ကြတော့ သူ့ဖါသူ တတ်နေပြီး၊ သူများကို ပြောပြ - သင်ပေးလေ့ မရှိဘူး။ တီဘီ မှာလည်း အဲလို အမျိုးအစား လည်း ရှိတာကိုး။ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါ ခံနေရတာ နှစ်မျိုး။ သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူ ဆိုတဲ့ နှစ်မျိုးပေါ့။ Positive and Negative ခေါ်သလို Open Case and Close Case လို့လဲ ခေါ်ကြပါတယ်။

အဲဒီ ရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ် ပြောတာက ကူးလို့၊ အဖြစ်များလို့၊ သေစေ လို့ပါ။ ပိုဆိုးတယ် လို့ပြောနိုင်ပြန်ပြီဗျ။ အခုထိ ခေါင်းထောင်ဆဲ၊ ဘာလို့လဲ ဆိုတော့ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေ လို့ပါ။ ခေါင်းမာဆဲ လည်း ဖြစ်သေးတယ်။ ကုနေကြဆေးကို မမှုတော့၊ မဖြုံတော့လို့ပါ။ ကျွန်တော်နေတဲ့ တိုင်းပြည်မှာ ရောက်နေကြတဲ့ ဒုက္ခသည် တွေထဲမှာ အဲလို ဆေးတွေ ပြီးတဲ့ ရောဂါသည်တွေ ရှိနေတယ်။

ကျွန်တော့် ဆေးခန်းလေးကို လာပြ သူတွေ ထဲမှာလဲ (တီဘီ) ရောဂါသည် အရေအတွက် တိုးတိုး လာတယ်။ တချို့ဆို မကြာခင်ကမှ တိုင်းပြည်ကနေ ပြေးလာရပြီး (တီဘီ) ဆေးပါတ် မစေ့သေးသူ ကလေး - လူကြီးတွေ ပါတယ်။ တချိန်ကဆိုရင် လူတယောက် ပိန်ခြောက်ခြောက် ဖြစ်နေ၊ ချောင်းလေး ဆိုးနေရင် (တီဘီ) ကို သံသယ ရှိခဲ့တယ်။ တကယ်တော့ မဟုတ်ပါ။ လူကောင်ကြီးကြီး၊ ဆေးလိပ် မသောက်သူတွေ အကြောင်း တခုခုကြောင့် ဆေးစစ်လိုက်မှ အဆုပ်ထဲ ရေ၀င်နေတာ တွေ့နိုင်တယ်။ ပေါင်ခြံတို့ လည်ပင်းတို့ အကြိတ်ပေါ်တာ သွားစမ်းမှ (တီဘီ) မှန်း သိရတယ်။ ဒါ့ကြောင့် မပေါ့ဘို့ အထူး လိုပါတယ်။

ကလေးတွေ ဖွါးပြီးတာနဲ့ ဘယ်ဘက် လက်မောင်း အပေါ်နေရာမှာ ထိုးပေးတာ (တီဘီ) ကာကွယ်ဆေးပေါ့။ (ဘီစီဂျီ) လို့ ခေါ်တာ။ သြကာသ လောကကြီးထဲ မရောက်ခင်၊ လူတွေနဲ့မထိမတွေ့ခင် ဦးအောင် လုပ်ပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေ ရှိနေလို့၊ ပိုးနဲ့မတွေခင် ရောဂါပြီး စေမဲ့ သတ္တိတွေ ကလေး ကိုယ်မှာ ဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေး ရတာပါဘဲ။ အကြံ မကောင်း ပါလား။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ကစားရ - အတူနေရ တော့မှာမို့ ကျောင်းမထားခင် တခါ ထပ်ထိုး ရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမထားခင် ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီး ဖြစ်တာမို့ မထူးတော့ တာပါ။

အခုဆိုရင် (တီဘီ) ရောဂါပြီး တယ်ဆိုတာကို သံသယ ရှိစရာတောင် ဖြစ်လာပြီ။ စောစောက ရေးသလို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေလို့ပါ။ ကာကွယ်ဆေး ရဲ့ သဘောက ရောဂါပိုး ၀င်လာရင် ကိုယ်ထဲမှာ ဒီပိုးကိုတိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ် ၀င်လာတဲ့ပိုးကိုပြန်ချဘို့ ကိုယ့်မှာ ခံနိုင်ရည် ရှိနေအောင် လုပ်ပေး ရတာပါ။ ပိုးတမျိုးမျိုးကို ရောဂါ အထိ မဖြစ်စေဘဲ သူ့ ပိုးအစွမ်း သတ္တိ ကလေးသာ ကျန်နေအောင် အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာ လေးကို ကာကွယ်ဆေး အဖြစ် ပေးရ တာပါ။ BCG ထိုးလိုက်တဲ့ နေရာလေးမှာ အနာ လာဖြစ်တယ် မဟုတ်လား၊ အဲဒါ အဲဒီ နေရာလေးမှာ ကွက်ပြီး (တီဘီ) ဖြစ်နေတာဗျ။ ဒါ့ကြောင့် ကလေးက နည်းနည်း ကိုယ်ပူ လာတာပေါ့။ အဲလို ဖြစ်နေတုံး ကလေး ကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့ သတ္တိတွေက သူ့ဖါသာ ထွက်လာ စေတော့ တယ်။ အဲ့ နောက်တခါ (တီဘီ) ပိုးဝင်လာ လို့ကတော့ ဒီသတ္တိက ပြန်ချ နိုင်အောင် စီမံ ထားလိုက်တာ ပါဘဲဗျာ။ (အင်တီဘော်ဒီ) လို့မှတ်ရတာ အောက်တယ်၊ (အတွင်းအား) လို့မှတ်ဗျာ။

အတွင်းအား တွေနဲ့အစွမ်း ကောင်းလှတဲ့ ဇာတ်လိုက်တွေ ကြာတော့ ရိုးလာ သလိုဘဲ ပိုးဆိုတဲ့ အကောင် သေးမွှားမွှားလေးတွေက ကိုယ်ထက် ငယ်တော့ ကိုယ့်ထက်လည်တယ် ဆိုတာမျိုးလို အခု (တီဘီ) ခေါင်းထောင် နေဆဲပါ။ လေကနေ သယ်ပို့တဲ့ နည်းဖြစ်လို့ လေထု ပတ်ဝန်းကျင် သိပ်မကောင်းတဲ့ နေရာမျိုးမှာ ကူးစက်တာပါ။ ရုပ်ပတ်ဝန်းကျင် မကောင်းတာ မျိုးကလည်း ဆင်းရဲတာနဲ့တိုက်ရိုက် အချိုးကျတယ်။ ဆင်းရဲတော့ စီမံကိန်း လုပ်တာတွေက အညံ့စား - အပေါစားတွေဖြစ်တတ်တယ်။ စာရင်း ဇယားကို အောင်မြင် နေ ပါတယ်၊ တိုးတက် နေပါတယ်ဆိုပြီး လိမ်ပြတာ ကြိုက်တဲ့ အုပ်ချုပ်ရေး စနစ်မျိုးပါ ရှိနေပြန်ရင် သွားပြီပေါ့။ (တီဘီ) ပိုးက သင်္ချာ မတတ်လဲကူး၊ သင်္ချာမေဂျာ လဲ ကူးတာကိုး။

ကျွန်တော်တို့ အဲလို ပညာမျိုး သင်ရချိန်မှာ အဲလို ခေတ်မို့ "ကူးစက် ရောဂါတွေ သည် လူမှု စီးပွါးရေး မကောင်းပါသဖြင့် ပို၍ ဖြစ်ရသည်" ဆိုတဲ့ ကောက်ချက်ကို မချရ ဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင် နေပါတယ် လို့ အစီရင်ခံစာ မှာ ပြရတော့ (တီဘီ) က ရီတာပေါ့။ အဲဒါ ကျန်းမာရေး ရာဇ၀တ်မှုဘဲ။ ဘာလို့လဲဆိုတော့ အခုထိလူတွေကို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲဖြစ်နေလို့ပါ။ အခြေအမြစ်ကို မသတ် နိုင်သရွေ့ ရောဂါဆိုတာ မပျောက်ပါ။

တင့်ဆွေ

ပြည်သူ့ကျန်းမာရေး (မြန်မာပြည်)
ဘလော့ခ်မှ ကူးယူဖော်ပြထားသည်။ ကျန်းမာရေးပညာပေး ဆောင်းပါးများ ရေးသားပေးနေသော ဆေးပညာရှင်များ အားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။

Rest of your post

ကမ္ဘာဆုံးတိုင် ကျန်ရှိနေဦးမည့် ဟာမူရာဘီ ဥပဒေသ များ (သို့မဟုတ်) An Eye For An Eye

၁၉၀၁ ၌ တွေ့ရှိခဲ့သော ဟာမူရာဘီ ဥပဒေသများရေးထွင်းထားသောကျောက်ပြား

-သာကျော်-

လွန် ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ နီးပါး က ကျောက်သားပေါ် ၌ ထွင်းထားခဲ့သော ဆဌမ မြောက် ဘာဘီလုံ ဘုရင်ကြီး ဟာမူရာဘီ ၏ တပါးသူ၏ မျက်စိ တလုံး ဆုံးရှုံးမှု အတွက် တရားခံ၏ မျက်စိတလုံး အား ပြန်လည် ဖျက်ဆီး ရမည် အစ ရှိသော ဥပဒေသ များ သည် ပိုမို ယဉ်ကျေး လာပါသည် ဟု သတ်မှတ်နိုင်သော လက်ရှိကမ္ဘာ၌ ကွယ်ပျောက်သွားလောက်ပြီ ဟု ယူဆနိုင်ပါသည်။

လက်တွေ့တွင်မူ ယနေ့ ကမ္ဘာ ၌ ဟာမူရာဘီ ဥပဒေ သည် လှုပ်ရှားအသက်ဝင်လျှက်ပင်။အီရန်သူ အာမန်နား ဘရာမိ သည် တက္ကသိုလ် တက်ရင်း မဂျစ် နှင့်ဆုံခဲ့ပါသည်။ အတန်းတူဖြစ်ပြီး အတန်းထဲ ၌ လည်း သူတို့ ၂ ယောက်သည် ဘု နှင့်ဘောက် မတည့်ကြပါ။ သို့သော် မဂျစ်သည် မတည့်သူ ကို မှ ဇွတ် ချစ်မိလေရော့သလားမဆိုတတ်။ မဂျစ်၏ မိဘများ က အာမန်နား ကို မဂျစ်နှင့် ပေးစားရန် လူကြီးချင်း စေ့စပ်ညှိနှိုင်း ကြသော်လည်း အာမန်နား က မဂျစ် အား လက်မခံခဲ့ဘဲ ပယ်ချခဲ့ပါသည်။ ဂျီတိုက်လွန်း သော မဂျစ် ၏ နားပူနားဆာ များ၊ တဘ၀လုံး ပူဆွေးသောက ရောက်သွားစေရမည် အစရှိသည့် ခြိမ်းချောက်မူများ မှ ကင်းဝေးရန် မဂျစ် အား သူမ၌ လက်ထပ်ရန်ရည်ရွယ် ထားသူ ရှိပြီး ဖြစ်ကြောင်းလုပ်ကြံ ပြောဆို ၍ ငြင်းပယ်ခဲ့မိသည်။ ထိုငြင်းပယ် ခဲ့မှု ကြောင့် အာမန်နား ၏ ဘ၀ သည် ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရလေသည်။

"ကျွန်မ အလုပ်ကနေ အိမ်ပြန်လာတော့နောက် က လူတယောက်လိုက်တာ သတိထားမိတယ်၊ ဒါနဲ့ ကျွန်မ လည်း ဖြေးဖြေး လျှောက်ပြီး သူ ကျော်သွားအောင် ရပ်စောင့်နေလိုက်တယ်။ အဲဒီလူ အနား ရောက်လာတော့ မဂျစ် ဖြစ်နေတယ်။ သူလက်ထဲ မှာ ဗူးအနီ လေး ကိုင်ထားတယ်။ သူ နဲ့ ကျွန်မ မျက်လုံး ခြင်းဆုံ အပြီးမှာ သူ ဗူးထဲက အရည်တွေ နဲ့ ကျွန်မ မျက်နှာ ကို ပက်လိုက်တယ်။ အဖြစ်အပျက်အားလုံး ဟာ မျက်စိ တမှိတ်၊လျှပ်တပြက်အတွင်း မှာပါဘဲ။ သူဘာလုပ်မှန်း ကျွန်မ ချက်ခြင်းသိလိုက်တယ်။ ဘုရားကယ်ပါ… အက်ဆစ်တွေပါလား "

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် နေ့ ၌ ဖြစ်ပွားခဲ့ပုံ ကို အာမန်နား က ပြန်လည် ပြောပြခြင်းဖြစ်သည်။ လမ်းသွားလမ်းလာများ က အာမန်နား၏ မျက်နှာအား ရေများ ဖြင့် ၀ိုင်းဝန်း ဆေးကြောကြပြီး ဆေးရုံသို့ ပို့ခဲ့ပါသည်။ " ဆရာဝန်တွေ၊ နာစ်တွေ က အကောင်းဆုံး ကြိုးစား ပြီး ကျွန်မ ကို ကုပေးကြပါတယ်၊ တရက်တော့ ခွဲစိတ်ဖို့ အတွက် ကျွန်မ ကို လက်မှတ်လာထိုး ခိုင်းတယ်၊ ကျွန်မမျက်လုံး ကို ထုတ်ပစ်ကြတော့မလို့လား လို့ ကျွန်မ မေးလိုက်တဲ့ အခါ ဆရာဝန် လဲ ငိုယိုပြီး ထွက်ပြေး သွားတယ် " ။ အက်ဆစ် ကြောင့် အာမန်နား ၏ မျက်နှာ၊ လက် နှင့် ခန္ဓာကိုယ် တချို့ ယိုယွင်းပျက်စီးသွားခဲ့ပါသည်။ မျက်စိ မှ ကူးစက် ပြီး ဦးနှောက်နှင့် အာရုံကြော ပါ ထိခိုက်လာမည် ကို စိုးရိမ်ရသောကြောင့် ဆေးရုံ မှ မျက်စိ ကို ခွဲထုတ်ပစ်ရန် အာမန်နား ၏ ခွင့်ပြုချက် ကို တောင်းခံသော်လည်း အာမန်နား လက်မှတ်မထိုးခဲ့ပါ။

သူမ၏ မျက်လုံးများသည် လုံးဝပျက်စီးသွားခဲ့သည် ဟု ဆရာဝန်တို့က ဆိုပါသည်။ အကြိမ်ကြိမ် ခွဲစိတ်ကုသ ကြသော်လည်း အချီးနှီး။ ထိုစဉ်က သမ္မတဖြစ်နေသော မိုဟာမက် ခါတာမီ က စပိန်နိုင်ငံ သို့ပင် အာမန်နား အား ပို့ပေးကာ ဆေးကုသမှု ခံယူစေသော်လည်း တိုးတက်မှု မရှိလာခဲ့ပါ။ " ကျွန်မ သေသွားခဲ့ရင် ကျွန်မ မိသားစု ဟာ တနှစ်လောက်တော့ ပူဆွေး ၀မ်းနည်းကြလိမ့်မယ်၊ ပြီးတော့လဲ အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်" မျက်စိထုတ်ပြစ်ခြင်းထက် သေဆုံး ခြင်းက သူမ နှင့် သူမ မိသားစု အတွက် ပိုကောင်းသည်ဟု အာမန်နား ခံယူထားပါသည်။

ထောင်တွင်းရှိမဂျစ် မှ အာမန်နား အား အမှုရင်ဆိုင်နေစဉ် အတွင်းမှာ ပင် လက်ထပ်ရန် ထပ်မံကမ်းလှမ်းခဲ့ပါသည်။ သို့သော် အာမန်နား က ငြင်းဆိုခဲ့ပါသည်။ " သူချစ်တယ် ဆိုတာ လိမ်တာ သတ်သတ်ပါ။ သူ အပြင်ထွက်လာတာနဲ့ ကျွန်မကို အရင်သတ်မှာပါ။"

၂၀၀၈ နိုဝင်ဘာ ၂၆ ရက် နေ့တွင် အီရန် တရားရုံးမှ တရားခံ မဂျစ် အား အက်ဆစ်ဖြင့် ပက်ပြီး ၎င်း၏မျက်လုံးများကို ဖျက်ဆီး ပြစ်ရန် အမိန့်ချမှတ်လိုက်သည်။ အာမန်နား အား နစ်နာကြေးငွေ ပေးရန် ပါ တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ မူလက အာမန်နား သည် တရားရုံး အား အထက်ပါအတိုင်း အမိန့်ချမှတ် ပေးရန် တောင်းဆိုခဲ့သော်လည်း လက်တွေ့၌ မူ အက်ဆစ်ဖြင့် တရားခံ၏ မျက်နှာ အား ပက်ပြီး မျက်လုံးများကို ဖျက်ဆီး ပစ်ရန် ကိုမူ သဘောမတူခဲ့ပေ။

"သူ့ မျက်လုံး တော့ ထုတ် ပစ်ရမှာပေါ့၊ ဒါပေမဲ့ သူ ကျွန်မ ကို လုပ်သလို မျက်နှာကို အက်ဆစ်နဲ့ ပက်ပြီး ကန်းအောင် လုပ်ရမယ် ဆိုတာမျိုး တော့ ကျွန်မ အဲသလို ရိုင်းရိုင်းစိုင်းစိုင်းကြီးမလုပ်နိုင်ဘူး။ ကျွန်မ တသီးပုဂ္ဂလ ခံစားမှု အပေါ်မှာ ကျွန်မ ဆုံးဖြတ် တာမဟုတ်ပါဘူး။ လောကကြီးက ဒီလိုဘဲတောင်းဆိုခဲ့တာ မဟုတ်လား၊ နောင် မဂျစ် လို ယောင်္ကျားမျိုး တွေ ဆက်လက်မပေါ် ပေါက်လာအောင် နမူနာဖြစ်စေလိုတာပါဘဲ" ဟု အာမန်နား က ပြောဆိုသွားပါသည်။ နစ်နာကြေး ကိုမူ အာမန်နား က လက်မခံဘဲငြင်းပယ်ခဲ့ပါသည်။

မိန်းခလေးများ အား မျက်နှာကို အက်ဆစ်ဖြင့် ပက်ခြင်း စရိုက်ဆိုး သည် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန် အစရှိသည့်တိုင်းပြည် များ၌ ဖြစ်လေ့ဖြစ်ထ များကြောင်း လူအခွင့်အရေး အဖွဲ့များ က တင်ပြကြပါသည်။ အီရန် နှင့် ဆော်ဒီအာရေးဗီးယား တိုင်းပြည် ၂ ခု ၏ တရားစီရင်ရေး ဥပဒေ များ ၌ သာ ဟာမူရာဘီ ၏ ဥပဒေသ တခု ဖြစ်သော မျက်လုံးဖောက်ထုတ်၍ အပြစ်ပေးခြင်းမျိုး ကို ဆက်လက်၍ လက်ခံကျင့် သုံးနေဆဲ ပင်ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ ပင် သေစားသေစေ ဥပဒေများ ဆက်လက် တည်ရှိနေပြီး လူသတ်မှုမျိုး ကျူးလွန်ထား သော တရားခံအား သေဒဏ် ပေးသောနေ့ မျိုး တွင် အသတ်ခံခဲ့ရသော တရားလို ဘက်မှ ဇနီးခင်ပွန်း၊မိဘဆွေမျိုးများ ကိုယ်တိုင်လာရောက်၍ ကြည့်ရှု ရန် တရားရုံးမှ အခွင့်ပေးတတ်ကြပါသည်။ ယဉ်ကျေးလာပါသည် ဆိုသော ကမ္ဘာကြီးသည် လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော်က ဟာမူရာဘီ ၏ ဥပဒေများ ကို လက်ခံနေဆဲ၊ လွှမ်းမိုးနေဆဲပင်။


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.