Thursday, October 30, 2008

[အမှန်တရားကို လိုလားတဲ့ ရွှေညာသား] 1 New Entry: Warren Buffet ရဲ့ ဘ၀အမြင်

Warren Buffet ရဲ့ ဘ၀အမြင်

"အရိုးဆုံးက အဆန်းဆုံး"လို့ လူတွေပြောလေ့ ရှိကြပါတယ်။
ရိုးရှင်းစွာနေထိုင်ခြင်း ကလည်း ဘ၀အတွက် အကောင်းဆုံးဆိုတာ အောက်မှာ
ဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာပါ။ ပိုင်ဆိုင်မှုတွေထဲက
ဒေါ်လာ ၃၁ ဘီလီယံကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ
ဒုတိယအချမ်းသာဆုံး သူဌေးကြီး Warren Buffet နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ
CNBC ကို ပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှုမြင်သုံးသပ်ပုံတွေက
အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ မူရင်း
PowerPoint File ကို ပို့ပေးတဲ့ သူငယ်ချင်း MP ကိုလည်း
အရမ်းကျေးဇူးတင်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာ သူ့ရဲ့ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့်
အဲဒီလိုဝယ်တာ နောက်ကျလို့ အခုနောင်တရပါတယ်တဲ့။ (အဲဒီအချိန်တုန်းက အခုထက်
အများကြီး ဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း
ရင်းနှီးမြှပ်နှံဖို့ တိုက်တွန်းအားပေးပါ။)

၂) သူ့အသက် (၁၄)နှစ်မှာ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေးတစ်ခု
ဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေလေးတွေပေါင်းပြီး ပစ္စည်းတွေအများကြီး
ဝယ်လို့ရပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးကိုလည်း
စီးပွားရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

၃) သူဟာ အခုချိန်ထိ လွန်ခဲ့တဲ့အနှစ်(၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့
Midtown Omaha က အခန်း(၃)ခန်းပဲပါတဲ့ အိမ်ကလေးမှာ နေတုန်းပါပဲ။
သူလိုအပ်တာတွေ အားလုံး အဲဒီအိမ်လေးထဲမှာ ရှိတယ်လို့ သူကပြောပါတယ်။
သူ့အိမ်မှာ အကာအရံတွေ ခြံစည်းရိုးတွေလည်း မရှိပါဘူး။ (ကိုယ်တကယ်
လိုအပ်တာထက် ဘယ်တော့မှပိုပြီး မ၀ယ်ပါနဲ့။ ကိုယ့်သားသမီးတွေကိုလည်း
ဒီလိုပဲတွေးဖို့ လုပ်ဖို့ တိုက်တွန်းအားပေးပါ။)

၎) သူဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်းသွားတတ်ပြီး သူ့မှာကားမောင်း
သမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ။)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ်ကုမ္ပဏီကို
ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ဘယ်တော့မှ ခရီးသွားလေ့
မရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာတွေကို ခြိုးခြံချွေတာစွာနဲ့
ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာ အမြဲစဉ်းစားပါ။)

၆) သူ့ရဲ့ Berkshire Hathaway ကုမ္ပဏီက ကုမ္ပဏီပေါင်း ၆၃ခုကို
ပိုင်ဆိုင်ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ CEO တွေဆီကို သူက (၁)နှစ်ကို တစ်ခါပဲ
စာတစ်စောင်စီ ပို့ပါတယ်။ စာထဲမှာ လာမယ့်နှစ်အတွက်
ရည်မှန်းချက်ပန်းတိုင်တွေပဲ ရေးပေးလိုက်ပါတယ်။ အဲဒါကလွဲလို့ သူတို့ဆီကို
ပုံမှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ မလုပ်ပါဘူး။
(သင့်တော်တဲ့လူကို သင့်တော်တဲ့နေရာမှာ တာဝန်ပေးပါ။)

၇) အဲဒီ CEO တွေကို စည်းကမ်းချက်(၂)ခုပဲ ထုတ်ထားပါတယ်။

* စည်းကမ်းချက် (၁) ~ သင့် ရှယ်ယာဝင်တွေရဲ့ ငွေကို လုံးဝမဆုံးရှုံးပါစေနဲ့။
* စည်းကမ်းချက် (၂) ~ စည်းကမ်းချက် (၁)ကို မမေ့ပါနဲ့။

(ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပါ။ ပြီးရင် အဲဒီအပေါ် လူတွေ (လက်အောက်
ငယ်သားတွေ) အာရုံစူးစိုက်တာ သေချာပါစေ။)

၈) သူက အထက်တန်းလွှာကလူတွေနဲ့ ပေါင်းသင်းသွားလာခြင်းလည်း မရှိပါဘူး။
အိမ်ပြန်ရောက်တဲ့အချိန်မှာ သူလုပ်လေ့ရှိတာက ပြောင်းဖူးပေါက်ပေါက်တွေ
ကိုယ်တိုင် လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့။
ကိုယ်နေတတ်သလိုသာနေပါ။ ကိုယ်နှစ်သက်တာတွေကို လုပ်ပါ။)

၉) သူဟာ ဆဲလ်ဖုန်းသယ်လေ့ မရှိသလို သူ့အလုပ်စားပွဲပေါ်မှာလည်း ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့
လွန်ခဲ့တဲ့(၅)နှစ် ကမှ တွေ့ဆုံဖြစ်ပါတယ်။ Bill Gates က သူနဲ့ Warren
Buffet မှာ ဘာမှတူညီတာ သိပ်မရှိဘူး (ပြောစရာသိပ်မရှိဘူး) ထင်လို့
နာရီဝက်ပဲ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း တွေ့တဲ့အခါမှာတော့
တွေ့ဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ခဲ့ပြီး Bill Gates ဟာ သူ့ကို
အထူးချစ်ခင်လေးစားသူတစ်ယောက် ဖြစ်သွားပါတော့တယ်။

လူငယ်တွေအတွက် Warren Buffet ရဲ့အကြံပေးချက်တွေ ကတော့...
Credit Card (ဘဏ်ချေးငွေ)တွေကို ဝေးဝေးကနေ ရှောင်ပြီး ကိုယ့်အတွက်ကိုယ်
ရင်းနှီးမြှပ်နှံပါ။ မှတ်မိနေရမယ့် အရာတွေကတော့...
က) ငွေကလူကို ဖန်တီးခဲ့တာမဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
ခ) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်းနေထိုင်ပါ။
ဂ) သူများတွေ ပြောတိုင်းလိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့်
ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။
ဃ) အ၀တ်အစားနဲ့ ပတ်သက်ရင်လည်း နာမည်ကြီးတံဆိပ်တွေ နောက်ကို မလိုက်ပါနဲ့။
ကိုယ်ဝတ်ရတာ သက်တောင့်သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
င) မလိုအပ်တဲ့အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့။
တကယ်လိုအပ်နေတဲ့သူတွေ အတွက်သာ သုံးပါ။
စ) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ဘ၀ပါပဲ။ ဘာလို့ သူများတွေကို
ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထားနှစ်သက်ကြတာပါ။
==========================================
Monday, March 10, 2008
Mayonnaise ပုလင်းနဲ့ ကော်ဖီ(၂)ခွက်

သင့်ဘ၀မှာ အရာရာဟာ ကိုင်တွယ်ထိန်းချုပ် ရတာခက်ခဲနေတယ် ဆိုရင်၊ တစ်နေ့မှာ
ရှိတဲ့ (၂၄)နာရီဟာ သင့်အတွက် မလုံလောက်တော့ဘူးလို့ ထင်တယ်ဆိုရင်
"Mayonnaise ပုလင်းနဲ့ ကော်ဖီ(၂)ခွက်"ကို သတိရလိုက်ပါ။

ပါမောက္ခကြီးတစ်ယောက်က အတန်းရှေ့မှာ ရပ်နေပြီး သူ့ရှေ့မှာ ပစ္စည်းတစ်ချို့
လည်းချထားပါတယ်။ အတန်းချိန်စတာနဲ့ ဘာမှမပြောဘဲ သူ့ရှေ့မှာရှိတဲ့
Mayonnaise ပုလင်းလွတ်ကြီးကို ကောက်ကိုင်လိုက်ပြီး ဂေါက်သီးလုံးတွေနဲ့
ဖြည့်လိုက်ပါတယ်။ ပြီးမှ ကျောင်းသားတွေကို ပုလင်းပြည့်နေပြီလားလို့
မေးပါတယ်။ ကျောင်းသားတွေက ပြည့်နေပြီလို့ ပြောကြပါတယ်။

အဲဒီအခါမှာ ပေါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ထည့်ထားတဲ့
ဗူးကိုကောက်ကိုင်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်ပြန်ပါတယ်။ ပြီးတော့
ပုလင်းကို အသာလေးလှုပ်ပေးလိုက်တယ်။ ကျောက်စရစ်ခဲလေးတွေက ဂေါက်သီးလုံးတွေ
ကြားက လွတ်နေတဲ့ နေရာလေးတွေထဲကို ၀င်သွားကြပါတယ်။ ပါမောက္ခကြီးက
ပုလင်းပြည့်နေပြီလားလို့ ကျောင်းသားတွေကို မေးပြန်ပါတယ်။ ကျောင်းသားတွေ
ကလည်း ပြည့်နေကြောင်း ဖြေကြပြန်ပါတယ်။

ဒါပေမယ့် ပါမောက္ခကြီးက သဲတွေထည့်ထားတဲ့ ဗူးကိုယူလိုက်ပြီး ပုလင်းထဲကို
ထည့်လိုက်ပြန်ပါတယ်။ သဲတွေကလည်း ပုလင်းထဲက နေရာလွတ်တွေအားလုံးထဲ
ကျသွားပြန်ပါတယ်။ ပါမောက္ခကြီးက ပုလင်းပြည့်နေပြီလားလို့ ထပ်မေးပြန်ပါတယ်။
ဒီတစ်ခါမှာလည်း ကျောင်းသားတွေက ပြည့်နေကြောင်း တညီတညာတည်း
ဖြေကြပြန်ပါတယ်။

ကျောင်းသားတွေအဖြေစကားကို ကြားပြီးတဲ့အခါမှာ ပါမောက္ခကြီးက
ကော်ဖီ(၂)ခွက်ကို ဖျော်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်တဲ့အခါမှာ
သဲတွေကြားထဲက လွတ်နေတဲ့နေရာတွေထဲကို ကော်ဖီတွေဝင်သွားပြီး
ပြည့်သွားပြန်ပါတယ်။ အဲဒါကို မြင်တဲ့အခါ ကျောင်းသားတွေအားလုံး
ရယ်ကြပါတော့တယ်။

ရယ်သံတွေစဲသွားတော့မှာ ပါမောက္ခကြီးက "အခု... ဆရာက ဒီပုလင်းကို
မင်းတို့ရဲ့ဘ၀လို့ သဘောထားကြည့်စေချင်တယ်။ ဂေါက်သီးလုံးတွေက မိသားစုတို့၊
သားသမီးတို့၊ ကျန်းမာရေးတို့၊ သူငယ်ချင်းကောင်းတို့၊
ကိုယ်တန်ဖိုးအထားဆုံး အနှစ်သက်ဆုံးအရာတို့ စတဲ့ အရေးကြီးတဲ့အရာတွေ
ပေါ့ကွာ။ တခြားဟာတွေ ဘာမှမရှိတော့ဘဲနဲ့ သူတို့ချည်းပဲ ကျန်ခဲ့ရင်တောင်
ဘ၀ကို ပြည့်စုံစေမယ့် အရာတွေပေါ့။ ကျောက်စရစ်ခဲတွေကတော့ တခြားအရေးပါတဲ့
အလုပ်တို့၊ အိမ်တို့၊ ကားတို့ပေါ့ကွာ။ သဲတွေကတော့ ကျန်တဲ့ သေးသေးမွှားမွှား
အရာအားလုံးပေါ့။ သဲတွေကိုသာ ပုလင်းထဲ အရင်ထည့်လိုက်မယ်ဆိုရင်
ကျောက်စရစ်ခဲတို့ ဂေါက်သီးလုံးတို့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး။
ဘ၀မှာလည်း ဒီလိုပဲ။ မင်းတို့ရဲ့အချိန်တွေ လုပ်အားတွေကို
သေးသေးမွှားမွှားကိစ္စတွေ အတွက်ပဲ အကုန်လုံးသုံးပစ်ရင်
တကယ်အရေးကြီးတဲ့အရာတွေ အတွက် ဘယ်တော့မှ ကျန်မှာမဟုတ်ဘူး။
ကိုယ့်စိတ်ချမ်းသာမှုအတွက် အဓိကကျတဲ့ အရာတွေကို အလေးထားပါ။ သားသမီးတွေ
ရှိလာရင် ကလေးတွေနဲ့ အချိန်ပေးပြီး ကစားပါ။ ကျန်းမာရေးကိုလည်း
ပုံမှန်စစ်ဆေးပါ။ ကိုယ့်ဇနီး/ခင်ပွန်းသည်နဲ့ ညစာအတူတူထွက်စားတာမျိုး
တွေလုပ်ပေးပါ။ ကိုယ်နှစ်သက်မက်မောတဲ့ အားကစားတို့ ၀ါသနာပါရာတို့ကို
စိတ်ကျေနပ်လောက်တဲ့အထိ လုပ်ပါ။ ကိုယ့်အတွက် တကယ်အရေးပါတဲ့
ဂေါက်သီးလုံးလိုမျိုး အရာတွေကို အလေးထားပါ။ ကိုယ့်အတွက် ဘယ်အရာကဘယ်လောက်
အရေးကြီးလဲဆိုတာကိုလည်း အဆင့်ခွဲခြား သတ်မှတ်ထားပါ။ ကျန်တာတွေကတော့
သဲတွေပါပဲကွာ။"

အဲဒီအချိန်မှာ ကျောင်းသူတစ်ယောက်က လက်ကိုထောင်ပြီး ကော်ဖီက
ဘာကိုကိုယ်စားပြုတာလည်းဆိုတာ မေးလိုက်ပါတယ်။ ပါမောက္ခကြီးက ပြုံးလိုက်ရင်း
"အဲဒီလိုမေးတဲ့အတွက် ဆရာဝမ်းသာပါတယ်။ အဲဒါကဘာကို ပြောချင်တာလဲဆိုတော့
မင်းတို့ရဲ့ဘ၀မှာ ဘယ်လောက်ပဲ လုပ်စရာတွေပြည့်နေပါစေ သူငယ်ချင်းကောင်း
တစ်ယောက်နဲ့ အေးအေးဆေးဆေးထိုင်ပြီး ကော်ဖီ(၂)ခွက် လောက် သောက်ဖို့အတွက်
နေရာလွတ်(အချိန်)လေးတွေတော့ အမြဲရှိနေသေးတယ် ဆိုတာပါပဲ။"

"အချိန်တွေကလည်း အကုန်မြန်လိုက်တာ။ ဘာမှတောင် မလုပ်လိုက်ရဘူး။"လို့
မကြာခဏ ညည်းတတ်တဲ့ ကျွန်မအတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ ဇာတ်လမ်းလေးပါ။
အချိန်ကို အရေးမကြီးတဲ့ ကိစ္စတွေအတွက် အများကြီးသုံးမိလို့
ပြန်ပြန်စဉ်းစားပြီး နှမြောမိတာ ခဏခဏပါပဲ။ ဒီဇာတ်လမ်းလေးကို ဖတ်ပြီး
ဘ၀မှာလုပ်စရာရှိတာတွေကို အဓိကနဲ့သာမညခွဲလုပ်ပြီး အချိန်ကို
အဓိပ္ပါယ်ရှိရှိအကျိုးရှိရှိ သုံးရမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမမိပါတယ်။
ဒီဇာတ်လမ်းလေးကိုလည်း လူတော်တော်များများ အင်္ဂလိပ်လို ဖတ်ပြီးသား
ဖြစ်နိုင်ပေမယ့် မဖတ်ရသေးတဲ့သူတွေကို မျှဝေချင်လို့ ကြိုးစားပြီး
ဘာသာပြန်ထားတာပါ။ အားလုံး အဓိပ္ပါယ်ရှိတဲ့ အချိန်များကိုပဲ
ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မှတ်ချက်။ ။ ဇာတ်လမ်းလေး ပို့ပေးတဲ့ ညီမလေးသဲသဲကို ကျေးဇူးတင်ပါတယ်။

ပေးပို့သူငယ်ချင်း ကို ကျေးဇူးတင်လျှက် ရွှေညာသား

You received this email because you are subscribed to the real_time feed for http://mightymgmg.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.