Thursday, October 30, 2008

[ခရီးသည်၏ လွင့်မျောခြင်း] 1 New Entry: စိတ်ကူးယဉ် အိပ်မက်များ

စိတ်ကူးယဉ် အိပ်မက်များ



လက်ယာ တောင်ကျွန်း အောင်နိမိတ်ထွန်းတဲ့ ပြည်မြန်မာ ဖြစ်လိုက်ရင်လည်း ထူးဆန်းတာချည်းပဲ။
ခေတ်မှီ တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ အောင်မြင်စွာ ချီတက်နေသည်မှာ ၀မ်းမြောက်ပါပေ့။
လမ်းဆောက် တံတားဖေါက်၊ ဆောက်လိုက်တဲ့ လမ်းမကြီးတွေလဲ သောက်သောက်လှဲ ဒီနွေ ဆောက်လုပ်ပြီး နောက်တနှစ် မိုးရာသီဆိုရင် မုန်သုန်မိုးဒဏ်ကို မခံနိုင်ပဲ ပျက်စီးခြင်း ရောက်ခဲ့၏။ မြို့ရွာ သန့်ရှင်းအောင် ထုံးဖြူ သုတ်သော်လည်း မုန်သုန်မိုး အငြိုးကြောင့် မနက်စောစောမှာ အိပ်ယာထလာတဲ့ မေပျို သနပ်ခါးလိုပဲ ကွက်တိ ကွက်ကြား ဖြစ်ခဲ့ပြန်ရ၏။ ဖြစ်ပျက်သဘောကို နှောကြေနေတဲ့ မြန်မာလူမျိုးအတွက် သံဝေဂတွေနဲ့ ဆင်ခြင်ရင်းပေါ့။ အင်း .. ထောက်ပြရင်လည်း ပြောမဆုံး လူမုန်း၊ မကြိုက်တဲ့ သူတွေရှိတယ်ဆိုတော့ ရှေ့မျက်နှာ နောက်ထားပြီး ပြောရမယ်ပဲလေ။ မကြိုက်လို့ တွေ့ရင်လဲ မျက်စိ မှိတ်လိုက်ပေါ့ဗျာ။ တကယ်လိုများ မကြိုက်တဲ့သူများလည်း တိုင်းပြည် အုပ်ချုပ်ရရင် ဒါလေးတွေ ရှိနေပါလားဆိုတဲ့ အသိလေး တခုကို မြင်သွားစေချင်တဲ့ စေတနာနဲ့ ထောက်ပြတဲ့ ပြည်သူ့ အမြင်တခုဖြင့် ပြည်သူတယောက် ရင်ဖွင်ခြင်း ဖြစ်တယ်။

တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့ သူတွေကိုလည်း ပြောရလွန်းလို မောသွားပြီ။ ဟောရင်းနဲ့သာ ပျံလွန်သွားမယ် ဆွမ်းတနပ်တာ့ ရမယ် မထင်ဘူး။ ဆွမ်းလိုချင်လို့ မဟုတ်ပါဘူး ပြည်မြန်မာ ကောင်းရာသုဂတိ ..အဲ မှားလို့ ခေတ်မှီ တိုးတက်သော နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်းချင်တဲ့ ဆန္ဒတခုပါ။ တိုင်းပြည်ကို စေတနာ မှန်မှန်ဖြင့် ဦးဆောင်နေရင်း ခေတ်မှိ တိုးတက်နေတာပါ လို့ အမြဲဖွ နေတယ်ဆိုလဲ အယူမတိမ်းအောင် ထောက်ရှု့ပါ၏။ နိုင်ငံတော်ကပဲ မှားနေတာလား၊ နိုင်ငံတော် လက်အောက်မှာ ရှိတဲ့ ဌာနဆိုင်ရာအဆင့်ဆင့် အာဏာပိုင်တွေကပဲ တလွဲလုပ်နေတာလား...


တိုင်းပြည်မှာ လျှပ်စစ်ထုတ်ဖို့အတွက်က အရင်းအမြစ်တွေ အများကြီးပါ၊ ရှိတဲ့ အရင်းအမြစ်များကို ပြည်ပ ရောင်းစားတယ်။ ပြည်သူတွေမှာတော့ ဟိုဖက်ကမ်းက မီးထိန်ထိန် မူလတန်း ဖတ်စာလို ဖြစ်နေပြီ။ လာပြန်ပြီ ဇီဝ ဓါတ်ငွေ့ လောင်စာတဲ့။ ၎င်း စီမံကိန်းက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာလည်း သတင်းစာတွေမှာ ဝေေ၀ဆာဆာပဲဗျာ အဲဒီတုန်းက တော်လိုက်တာလို့ စိတ်ထဲ ထင်မိပါတယ်။ မြန်မာဟေ့ ဆိုပြီး ဂုဏ်ယူလိုက်သေးတယ်။ အခုထိတောင် တွင်တွင်ကျယ်ကျယ် မဖြစ်တာ အမှန်ပဲ။ ဘယ်လိုဖြစ်တာလဲ ဇဝေဇ၀ါ ဖြစ်မိနေတာလေ။ ယနေ့အထိတောင် မပြီးသေးတဲ့ ဇီဝဓါတ်ငွေ့ လောင်စာ စီမံကိန်းကြီးပေါ့ သတင်းစာမှာလဲ ခေါက်ရိုးကျိုးနေတာ အနှစ် ၄၀လောက်ရှိပြီလေ။ မြန်မာအလင်းတို့ ကြေးမုံ သတင်းစာတိုက်များမှာ လုပ်နေတဲ့ စာစီ စာရိုက်သမားတွေဆို ဒီသတင်းကို ဖေါ်ပြမည်ဆိုလျှင် မျက်စိမှိတ်ပြီး စာလုံးတွေကို လက်တန်း ရိုက်နိုင်မှာပဲ။ ၎င်းစီမံကိန်းက သခင်ဘသောင်း ဘာသာပြန်ရေးခဲ့တဲ့ ခြေလေးချောင်း တော်လှန်ရေးက လျှပ်စစ်ရဖို့အတွက် လေရဟတ်တခု တည်ဆောက်နေတဲ့ ပုံစံ ဖြစ်နေပြီ။



ကျွဲ နွား ၅/၆ ကောင် ရှိရုံဖြင့် လုံလောက်ပါတယ်တဲ့။ အင်း ငါ့တို့ ၀န်ကြီးချုပ်ကြီး မသိလို့ ပြောနေတာလား။ သိသိနဲ့ ပြောနေတာလားတော့ မသိဘူးဗျ။ ကျေးရွာများမှာ ကျွဲနွား နှစ်ကောင်ကို ပိုင်ဖို့ တနိုင်နိုင်၊ တချို့ လယ်ပိုင်တဲ့ သူတွေဆိုရင် လယ်ထွန်ဖို့ ကျွဲနွား သူများဆီမှာ ငှါးရတယ် ဒါတောင် စပါးပေါ်မှ ကျွဲနွား ငှားထားတဲ့ တန်ဖိုးကို စပါးပေးပြီး ပြန်ဆပ်နေရတဲ့ ဘ၀များကို ပြည်သူ အများစု ဖြတ်သန်းနေရပါတယ်။ လယ်မပိုင်တဲ့သူတွေ ဒုနဲ့ဒေးပါ။ နောက်ပြီး ၀က် ၅ ကောင်ခန့်၊ ဆိတ် ၁၅ ကောင်ခန့်ကို မွေးနိုင်တာလည်း ချောင်လည်တဲ့ မိသားစု အနည်းအကျဉ်းပါ ၀န်ကြီးချုပ် ခင်ဗျား။
ကျေးလက်ပြည်သူတွေကို ပညာပေး လက်တွေ့ ပြသရန်တဲ့ သြော် ကျေးလက် ပြည်သူတွေ ဒီလောက် မညံ့ပါဘူး။ သီပေါမင်းခေတ်မဟုတ်တော့ဘူးလေ။ အိုင်တီခေတ် ကျေးလက် ပြည်သူတွေပါ ဟ ဟ၊
မည်သူမဆို မိမိဘ၀ ချောင်လည်ပြီး အဆင့်အတန်း မြင့်မြင့် နေချင်ပေါ့ဗျာ။
ပညာပေးယုံမကပဲ လက်တွေ့ပြသရန်တဲ့ သြော် လာပြန်ပြီ ထမင်းစားဖို့ ပင်ပင်ပန်းပန်း ရုန်းကန် နေရတဲ့အထဲ၊ လက်တွေ့ပြသဖို့အတွက် ပစ္စည်းတွေက နိုင်ငံတော်က ထောက်ပံတာမဟုတ်။ ထောက်ပံရင်လည်း အဆင့်ဆင့် ဖြတ်စားလိုက်မှာ သေချာတယ်။ ဖြတ်စားပြီးသကာလ လက်တွေ့ပြသမည့် ကျေးရွာတော့ မျက်ခုံးတွေ လှုပ်နေမှာပဲ တစ်အိမ်တက် တစ်အိမ်ဆင်း ဓါတ်ပေါင်းအိုးအတွက်ဆိုပြီး ဓမြတိုက်သလို ပိုက်ဆံ အတင်း လိုက်ကောက်ဦးမယ်။ ဆောက်လုပ် ပြီးစီးသော်လည်း ဓါတ်ပေါင်းအိုးကြီးက ရွာမှာ ပြတိုက်လို ဖြစ်နေမှာ သေချာတယ်။ အစိုးရ သို့မဟုတ် ဘဏ်တခုခုက ထောက်ပံ့မှုမရှိပဲ ဘယ်ပြည်သူမှ တတ်နိုင်မှာ မဟုတ်ဘူး ၀န်ကြီးချုပ် ခင်ဗျား။



ပြခန်းထဲမှာ ဆင်ထားတဲ့ အဆင့်အတန်းက နိုင်ငံတကာ စံချိန်မှီပါတယ်။ ပြည်သူ ပြည်သားတိုင်း ဒီလို အဆင့်အတန်းကို မက်မောပါ။ ကျွန်နော်သာ ၀န်ကြီးချုပ် အရှေ့မှာ ရှိရင် ဘယ်တော့ ဖြစ်လာမလဲလို့ မေးမိမှာ သေချာတယ်။ ပြည်မြန်မာမှာ ပြန်မေးပိုင်ခွင့်မှ မရှိတာ ၀ုတ်တယ် ၀ှန်တယ် ဆိုပြီး၊ စိတ်ထဲမှာ နင်လာလို့ ဒီလို လုပ်ပြထားတာ အပိုတွေ လာမပြောနဲ့ဆိုပြီး စက်ရုံမှ လူတွေ တွေးနေတယ်ဆိုတာ ၀န်ကြီးချုပ် သိသင့်တယ်နော်။

ထင်း၊ မီးသွေး၊ လောင်စာနှင့် လျှပ်စစ်ဓါတ်အား မသုံးစွဲရခြင်းကြောင့် ငွေကုန် သက်သာပြီး စွမ်းအင် ချွေတာ၊ သစ်တော ပြုန်းတီးခြင်းမှ ကာကွယ်နိုင်သည်
နေပါဦး ပြည်သူတွေကို စွမ်းအင်ဘာလို့ ချွေတာခိုင်းနေတာလဲ။ တိုင်းပြည်မှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့၊ ရေအားလျှပ်စစ်က ထွက်တဲ့ လျှပ်စစ်က ဘယ်နားရောက်သွားတာလဲ၊ ပြည်သူတွေခမျှ မြင်သာမြင် မကြင်ရ ဘ၀ လိုပါပဲ၊ သစ်တောပြန်းတီးမှု ဆိုရာဝယ် ပြည်သူတွေ လုပ်လို့မဟုတ်ပါဘူး ၀န်ကြီးချုပ်တို့ အသိုင်းအ၀ိုင်းကပဲ လက်ညှိုးထိုးပြီး ကိုယ်ကျိုးအတွက် ရောင်းစားခဲ့တဲ့ တကယ့် သစ်တောကြီးတွေပါ။ ပြည်သူတွေ ချက်ပြုတ်ဖို့အတွက် ထင်း မီးသွေးလောက်တော့ သစ်တော မပြုန်းနိုင်ပါဘူး၊ လွဲနေမလားမသိ ၀န်ကြီးချုပ် ခင်ဗျား...

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

မှတ်ချက်။ ။ဓါတ်ပုံများကို ကြေးမုံသတင်းစာမှ ဖြတ်ညပ်ထားသည်။

You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.