Thursday, October 30, 2008

[Jewel of Jewel] 1 New Entry: ရှေ့ညီနောက်ညီ စကားသီ

ရှေ့ညီနောက်ညီ စကားသီ


"မင်းသမီး ... ဆန်းပုပလီတိုး ပါလားခင်ဗျာ ၊ ကျွန်တော် လိုင်းစတိုင် ဂျာနယ်က ဆက်တာပါခင်ဗျာ ၊ ကျွန်တော် အင်တာဗျူးအတွက် မင်းသမီးနဲ့ တွေ့ခွင့်လေး တောင်းချင်လို့ပါ.."

"ဟုတ်ကဲ့..လုပ်ပေးရမှာပေါ့..။ လူရင်းတွေပဲဟာ..။ လူရင်းတွေဆိုလို့.. ဒါနဲ့.. ခုပြောနေတာ ဘယ်သူပါလိမ့်.."

"ခင်ဗျာ..ဟုတ်ကဲ့..၊ အဲ.. ကျွန်တော် မောင်မောင်(ဂွ) ပါ၊ ကျွန်တော် မင်းသမီးဆီက ၁၅မိနစ်၊ မိနစ်၂၀၊ နာရီဝက်၊တစ်နာရီလောက် အချိန်တောင်းချင်လို့ပါ..၊ ဘယ်နေရာမှာ တွေ့ဖို့ အဆင်ပြေနိုင်မလဲခင်ဗျာ။"

"သြော် ရပါတယ်....၊လောလောဆယ်တော့ ရှုတင်မှာပါ..၊ ထမင်းစားချိန်လေ..။ ခုတလော.. မီး .. ကားရိုက်အရမ်းကျပ်လို့လေ။ နားချိန်တောင် မရှိဘူးဖြစ်နေတာ..။"

"ဟုတ်ကဲ့ ..၊ စိတ်မရှိပါနဲ့ခင်ဗျာ။ ကျွန်တော် မင်းသမီး ထမင်းမစားခင်ပြောခွင့်ရအောင် ကြိုးစားပြီး ဖုန်းခေါ်နေတာ ၁နာရီလောက်ရှိသွားပါပြီ။ ခေါ်လို့ မရလို့ပါ။ အလုပ်များနေတယ်ဆိုရင် ခွင့်လွှတ်ပါ။.."


"ဆောရီးနော်..၊ အလုပ်ကတော့များတယ်..။ အင်း.. ဖုန်းကလဲ မအားဘူး ဖြစ်နေတာ..။ ဖုန်းပြောတာ ၁နာရီခွဲလောက် ကြာသွားတယ်..၊ ရှူတင်ရှိပေမယ့် တစ်ဘက်လူကို အားနားလို့ပြောနေမိတာနဲ့..ရှူတင်ကိုခဏနားခိုင်းပြီး ဖုန်းပြောနေလို့ ကြာသွားတာ..ဟင်း..ဟင်း.. ၊ ခဏလေးနော်.. ၊ စကတ် ဒူး ကြည့်လိုက်အုံးမယ်..။ လုပ်ပေးရမှာပေါ့..၊ သူစိမ်းတွေမှမဟုတ်တာ..ဒါနဲ့..ခုပြောနေတာ..ဘယ်သူ..ဆရာ..ဘာ..ဂွ..?"

သည်လိုနှင့် ကျွန်တော်တို့ Lie Style ဂျာနယ်တိုက်မှ အင်တာဗျူးရာတွင် နာမည်ကြီးလှသော ဆရာ မောင်မောင်(ဂွ)တစ်ယောက်သည် မင်းသမီး ဆန်းပုပလီတိုးနှင့် အောင်မြင်စွာ ဗျူးခွင့်ရလေသည်။

"ဆရာမောင်မောင်.. မီးကို ကြိုက်တာသာမေးပါ..။ မီး အတတ်နိုင်ဆုံး လိုရင်းတိုရှင်းလေးတွေ ဖြေပေးပါမယ်..။"

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..။ ဒါမှ ကျွန်တော်တို့လဲ စာစီစာရိုက်ရတာ သက်သာမှာ.. အဲလေ.. "

"ရှင်..ဘာပြောတာပါလဲရှင်.."

"သြော်..ဘာမှမဟုတ်ပါဘူး..၊ ဆောရီးနော်..၊မင်းသမီး..နာမည်အရင်းလေး.. အရင်ဆုံးပြောပြပါအုံး.."

"မီး နာမည်အရင်းလား..၊ အင်း..ပြောရမှာပါပဲရှင်..။ မီး နာမည် အရင်းက မအုံးကြည်ပါ။ မီး နာမည်ကို သဘောကျလို့ထင်ပါရဲ့..။ ဆရာနီကိုရဲတောင် သူ့ဝတ္ထုတစ်ပုဒ်မှာ ယူသုံးထားပါသေးတယ်..။ သူ့ဝတ္ထုကိုဖတ်ပြီး မီး မှာ အဲဒီ့ထဲကအတိုင်း ကိုပြားကြီးနဲ့ တွေ့မှာ စိုးရိမ်နေတာ..။ ဒီလိုပါပဲလေ..နာမည်ဆိုတာ နာမ အမည် သတ်မှတ်ခြင်းတစ်ခုပဲ မဟုတ်လား..။ ကစ်မီကွစ်ကို ဘယ်လိုပဲခေါ်ခေါ် ကစ်မီကွစ်က ကစ်မီကွစ်ပါပဲ.. ၊နော်.. ဟုတ်တယ်မလား.. ဆရာရယ်.. ။"

မင်းသမီး ဆန်းပုပလီတိုး၏ လိုရင်းတိုရှင်း အဖြေတစ်ခုကို ကြားပြီးသော နောက်ပိုင်းတွင် ကျွန်တော်တို့၏ ဆရာမောင်မောင်(ဂွ)သည် သူ သိလိုသည်များကို စာဖတ်သူများအတွက် ထူးထူးခြားခြားလေး ဖြစ်သွားစေရန် ပုံမှန်မေးနေကြအတိုင်း နှိုက်နှိုက်ချွတ်ချွတ် မေးလေတော့သည်။

"ဒါနဲ့ ဆန်းပုပလီတိုး ဆိုတဲ့ နာမည်လှလှလေးကို ဘယ်သူပေးတာပါလဲရှင်.. အဲလေ.. ခင်ဗျာ.."

"ဒါလား.. မီးရဲ့ မာမီက.. မာမီလေ..။ အပြင်မှာတော့ အမေလို့ပဲ ခေါ်တာနော်..ဆရာ..၊ ဒါပေမယ့် အင်တာဗျူးထဲမှာ ဆိုရင် တစ်ခြားမင်းသမီးတွေအားလုံး မာမီ လို့ ပြောပြောနေကြတော့..၊ မီး လဲ မာမီ လို့ပဲ သုံးတော့မယ်၊ ဆရာတို့ စာစီရင် မာမီလို့ပဲ ထည့်ရေးပေးနော်..။
မာမီက မီး ကို သိပ်အားပေးတာ..။ ငယ်ငယ်ထဲက ဘေဘီဗိုက်တာတွေ တိုက်တာလေ၊ အစွမ်းကုန်အားပေးတာပါပဲ..။ နောက်ပြီး ငှက်ပျောသီးတွေလဲ ကျွေး၊ ထမင်းရည်ဆိုလဲ အတင်းတိုက်..၊သိပ်ကို အားပေးတာပေါ့ရှင်၊ ဖြစ်မြောက်မယ် ဆိုတာ ရိပ်မိတာကိုး..။ အဖေကတော့..အဲလေ..မှားသွားလို့..ဒယ်ဒီကတော့ လုံးဝမကြိုက်ဘူး..၊ မီးတို့က အရင်တုန်းက နယ်မှာ နေတာလေ ။ အဲဒီမှာ မယ်ရွေးပွဲလုပ်မယ်ဆိုတော့..၊လူတွေကြိတ်ကြိတ်တိုးပေါ့..။
မီးက ဒီလိုပဲ ပြိုင်ထည့်လိုက်တာ.. အဲဒါ မြို့နယ်..မယ် ရတယ်..။ ဒယ်ဒီကတော့ စိတ်ဆိုးတာမှ အရမ်းပဲ။ ကျန်တဲ့သူတွေကတော့ အနုပညာဗိုင်းရပ်စ် ပါတယ် လို့ ပြောကြပါတယ်။ မာမီ့ရဲ့ အားပေးမှုတွေပါပဲ။"

"အော်..နယ်က ဆိုတော့ ဘယ်နယ်ကပါလိမ့်..၊ ရခဲ့တဲ့ မယ်ဘွဲ့နာမည်လေးလဲ ပရိတ်သတ်တွေ သိရအောင် တဆိတ်လောက်..။"

"အင်း.. ဘယ်လိုခေါ်မလဲ.. ဒီလိုလေ.. ပထမဆုံး မီးက ဒယ်ဒီ တာဝန်ကျတဲ့ နွားထိုးကြီးမှာ နေလို့ နွားထိုးကြီးမယ် ပါ။ နောက်တော့ သူငယ်ချင်းတွေနဲ့ သူတို့မြို့တွေမှာ လိုက်ပြိုင်ရင်း ရခဲ့တဲ့ မယ်ဘွဲ့တွေကတော့ ဆင်မြီးဆွဲမယ်၊ ဆင်တဲမယ်၊ ၀က်လက်မယ်၊ ငါးသိုင်းချောင်းမယ်၊ မြင်းခြံမယ်၊ ၀က်ပုတ်မယ်၊ ဆင်ဖြူကျွန်းမယ်တွေပါပဲရှင်...။"

"ဗျာ.. အော် .. ဆင်စီးပြီး မြင်းရံတဲ့ မယ် ပဲပေါ့.. ။ အများကြီး ရခဲ့တာပဲ။ ခုလို ကြားရတာ ၀မ်းသာပါတယ်ဗျာ..။ အဲဒီကတည်းက ဆန်းပုပလီတိုး နာမည်နဲ့ ပြိုင်တာပေါ့နော်..။"

"ဟင့်အင်း ၊ အဲဒီတုန်းကတော့ မအုံးကြည်ပါပဲ။ အနုပညာလောကထဲ ၀င်မယ်ဆိုတော့ မီးကို မနာလိုတဲ့ လူတွေက နှာခေါင်း နည်းနည်းကြီးနေတယ်..၊ အပေါ်နှုတ်ခမ်းလဲ နည်းနည်းရွဲ့နေတယ်။ အောင်မြင်မှာ မဟုတ်ဘူး၊ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြလို့ ..မာမီက မီးအတွက် မခံချင်လွန်းလို့ နာမည်ကို အဆန်းဆုံး ပေးမယ် ဆိုပြီး မာမီ့နာမည် ဒေါ်ကြိုင်ဆန်း ဆီက တစ်လုံး၊ ဘိုးဘိုး ဦးပု နဲ့ ဘွားဘွား ဒေါ်လီ ဆီက တစ်လုံးဆီ။ နောက် မမ နာမည်ဖြစ်တဲ့ ပပကျော်သိန်း ဆီက တစ်လုံး၊ ဒယ့်ဒီနာမည် ဦးတိုးကြည် ဆီက တစ်လုံး..နာမည်လေ..၊ အဲလို..အဲလို.. ယူထားတာ..ဆရာရဲ့။
နောက်ပြီး မီး .. အဲဒီဟာ့ကိုလဲ သွားပြီး ခွဲစိတ်ပြီးပြီ။....... နှာခေါင်းကို.. ပြောတာပါ။.."

"နိုင်ငံခြားမှာ သွားခွဲစိတ်တာပေါ့.. "

"မဟုတ်ပါဘူး..၊ အဲဒီတုန်းကတော့ စာစောင်ထဲမှာ ဘယ်သူက ရမ်းထည့်လိုက်လဲ မသိဘူး..၊ နိုင်ငံခြားမှာ သွားခွဲစိတ်တယ်လို့ သူက ရမ်းရေးလိုက်တယ်.. ။ ဒီလို ဆိုပေမယ့် .. မီးလဲ သူတို့ အဲလို မဟုတ်တရုတ်တွေ လုပ်ကြံရေးပေမယ့် မီးက ခွင့်လွှတ်တတ်တဲ့ သူ.. မဟုတ်လား..၊ အဲဒါနဲ့ မမှန်တာတွေကို မီး လိုက်ရှင်းမနေတော့ဘူး။ .. မီးလဲ ငြိမ်နေလိုက်တယ်..။ တကယ်တော့ ..မီး ခွဲစိတ်တာ.. သင်္ကန်းကျွန်းက ကန်ချ ဆေးရုံမှာပါ။ ပိုက်ဆံအထုတ်မပါရင် ဆေးရုံကနေ ကန်ချ တယ် ဆိုလားပဲ ဆရာရဲ့။ မီးမှာကတော့ အထုတ်ပါတယ်လေ။ ဂျပန်းနည်းပညာနဲ့ ဆိုတော့..မီးကလဲ ဂျပန်မိတ်ဆို ကြိုက်မှ ကြိုက်..ဟင်းဟင်း။"

"မင်းသမီးတို့ မျိုးရိုးထဲမှာရော အနုပညာရှင်တွေ ပါသေးလား။"

"အင်း.. ဘယ်လိုပြောမလဲ။ ရှိတယ် ပြောရင်လဲ ရတယ်။ မရှိဘူး..မီး ကျမှ ထွန်းထွန်းပေါက်ပေါက်၊ ပေါက်ပေါက်မြောက်မြောက် ဖြစ်တာလို့ ပြောရင်လဲရတယ်။ ရှိတယ်လို့ ပြောရင် ရတယ် လို့ ပြောရတာက မီး ဒယ်ဒီရဲ့ အဘိုးဝမ်းကွဲ ရဲ့ သား ၊ သူ့သားရဲ့ မိန်းမရဲ့ အစ်ကို။ မီးနဲ့ ဘယ်လို တော်တယ်..ခေါ်မလဲပေါ့နော်..၊ အဲလို ပေါ့နော်..။ သူက .. ဗွီဒီယိုတစ်ကားလားမသိဘူး .. ဒါရိုက်တာလုပ်ဖူးတယ်လေ ။ ဒါရိုက်တာ ဂျိုး ဆိုတာပေါ့.. ။ သူကလဲ အားပေးပါတယ်။ ဒါပေမယ့် ကိုယ့်လမ်းကိုယ်ထွင်၊ ကိုယ့်ရင်ကိုယ်ခင်း၊ ကိုယ့်သီချင်းကိုယ်ဆို ပြီး တက်လာကြတဲ့ မင်းသမီးကြီးတွေကို အားကျလို့..မီးကတော့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးမယ်ဆိုပြီး မီးကို မြေတောင်မြှောက်ပေးနိုင်မယ့် ဒါရိုက်တာတွေကို လိုက်ရှာရတာ။ ... "

"မင်းသမီး ကိုယ့်ကိုယ်ကို ဒီလို နာမည်ကြီး အနုပညာ သည် တစ်ယောက်ဖြစ်လာမယ် ဆိုတာကိုရော ငယ်ငယ်တုံးက သတိထားမိလား.."

"သြော် ..ဘာပြောကောင်းမတုံး..၊ ဘာမှကို ပြောမကောင်းပါဘူး.. ဆိုသလိုဖြစ်နေတာပေါ့..။ မီးမှာ ငယ်ငယ်ထဲက တီဗွီကလာတဲ့ ကြော်ငြာတွေကြည့်ပြီး နောက်ကနေ လိုက်လိုက်လုပ်ရတာ အမော။ ဇီးထုပ်ကြော်ငြာလာတုန်းကဆို မီးမှာ ပ၀ါလေး ခေါင်းမှာ စီးပြီး ပလွေတစ်ချောင်းနဲ့.. ဟင်းဟင်း.. ၊ မပြောချင်တော့ပါဘူး။ .. မီးတို့ငယ်ငယ်တုံးက တီဗီကြော်ငြာတွေ စ လာတုန်းက.. နာမည်ကြီးကြော်ငြာတစ်ခု ရှိတယ်လေ.. သိတယ်မဟုတ်လား.. ၊ ... အမလေးယားလိုက်တာ..မကုတ်ရတော့ဘူး..ပျောက်ပြီ ..ဆိုတဲ့ မြွေနှစ်ကောင် ကြော်ငြာဆိုရင် မီး အသဲစွဲပေါ့..။ မီးမှာ သူတို့ကာတွန်းကောင်လေးတွေ လုပ်ပြတဲ့အတိုင်း ဟိုကုတ် ဒီကုတ်နဲ့ လိုက်ပြီး တူအောင် သရုပ်ဆောင်ရတာ။ တချိန်လုံး တကုတ်ကုတ်နဲ့ပဲ.. ။ နယ်ဘက်က ခြင်ပေါတာနဲ့ အကိုက်ပဲပေါ့..။ မီး ဒယ်ဒီကတော့ အဲဒီထဲက မီးကို ဆူတာပါပဲ.. .။ "

"မင်းသမီးက တော်တော် ၀ါသနာပါတာပဲနော်။ ဓာတ်ပုံရိုက်တာရော ငယ်ငယ်ထဲက ၀ါသနာပါတာလား..။"

"ဓာတ်ပုံလား.. ၀ါသနာပါတာပေါ့..။ အဲဒီတုန်းက ခုနက ပြောသလိုပဲ။ မီးတို့ မိသားစုက နယ်မှာ နေတာ။ ဒယ်ဒီက တပ်ကလေ။ ဒယ်ဒီ ရန်ကုန် အစည်းအဝေးလာ တက်လာရင် မီးမှာ ကား နောက်ဖုံးထဲကနေ ခိုးခိုးလိုက်လာရတာ။ ဒီက နာမည်ကြီး ဓာတ်ပုံဆရာတွေနဲ့ ရိုက်ချင်လွန်းလို့လေ။ အဲဒါနဲ့ သူတို့နား ရစ်သီရစ်သီသွားလုပ်ရတာ အမော။ နောက်တော့ ဓာတ်ပုံဆရာ နာမည်ကြီး မောင်ကျွန်းပျော် (ရွာသာယာ) နဲ့ တွေ့တာ။ ကံကောင်းလို့။ တွေ့တွေ့ချင်း သူက မီးကိုလေ.. အသားအရမ်းမဲတာပဲ..တော်တော်ကို မဲတယ်..ညိုတာထက်မဲတာ ပိုတယ်တဲ့လေ။ အဲဒါနဲ့ စကားမစပ် သွားတိုက်ဆေးကြော်ငြာတစ်ခုတောင် ဟိုတလောက ရိုက်ဖြစ်သေးတယ်။ အသားမဲတော့ သွားပေါ်တယ်တဲ့လေ။
.... ခုနက စကားပြန်ဆက်ရရင် ... .. ဆရာ မောင်ကျွန်းပျော်က မီး ရန်ကုန်ရောက်စတုန်းက မီးတို့လို အသားမဲတဲ့သူတွေက ဓာတ်ပုံထဲမှာ အရမ်းစားတယ် ဆိုပြီး မီးကို ဟိုတယ် တစ်ခုမှာ ..အရမ်းစားလား မစားလား သိရအောင်.. အင်း.. .. နေ့လည်စာခေါ်ကျွေးရင်းနဲ့ စ ရိုက်ဖြစ်သွားတာ။ စ ရိုက်တာ .. ပြက္ခဒိန်လေ။ ရေချမ်းစင်အသင်းအတွက်ပေါ့။"

"ရေချမ်းစင်အသင်း ပြက္ခဒိန်မှာ မင်းသား၊မင်းသမီးပုံ မပါဘူးလားလို့..ကျွန်တော့စိတ်အထင်။"

"ဟုတ်ကဲ့။ သောက်ရေအိုးရေဖြည့်နေတဲ့ပုံလေ။ ပုံသေးသေးလေးပါပဲ။ ကာလာနဲ့တော့ မဟုတ်ပါဘူး။ မီးဘေးမှာ အဘွားကြီးတွေရှိတယ်။ မီးက မီးချစ်တဲ့ ပြည်သူတွေအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရပါ..။"

"ဒါနဲ့ မင်းသမီး အခု သီချင်းဆိုတယ်လို့ ကြားတယ်။ သီချင်းဆိုတာရော ၀ါသနာပါလို့ ဆိုတာလား။ "

"ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင် သူများတွေလဲ ဆိုဆိုနေလို့ ၊ မဆိုရင် ကျန်ခဲ့မှာစိုးလို့ ၊ ပေါ်ပင်ဖြစ်အောင်၊ ဆိုပြီး ... အဲဒီလိုအတွေးနဲ့ .. ဆိုကြည့်တာမဟုတ်ပါဘူး။ ဒါလဲ ငယ်ငယ်ထဲက ၀ါသနာပါတာပါ။ ငယ်ငယ်ထဲက မီး ၀ါသနာပါတာတွေ သိပ်များတယ်လေ။ သိတယ်မလား။ တောက်မယ့်မီးခဲ ယပ်ခတ်ပေးရတယ်...ဆိုလား.. အဲဒီ့.. စကားပုံလိုပေါ့။
ဟိုတလောက ရက်ပါအဖွဲ့နဲ့တောင် ပွဲတစ်ပွဲ လုပ်လိုက်သေးတယ်။ တကယ်တော့ အသံကောင်းတာ ၊ အသံမကောင်းတာ က ခုနောက်ပိုင်း .. သိပ်အရေးမကြီးဘူးလို့ ပြောနေကြတယ်လေ။ မီးကတော့ အဲလို မဟုတ်တော့.. မီးတို့လို အသံကောင်းတဲ့သူတွေ နစ်နာတာပေါ့။ ခုတော့ မီးက ဆိုနိုင်ရည်ရှိပေမယ့် ဆွဲနိုင်ရည်မရှိတော့ စကားပြောများတဲ့ သီချင်းတွေ ဆိုလိုက်တာပေါ့နော်။ တီးလုံးက သူ့ဘာသူဘာပဲ တီးနေတီးနေ..။ မီးကတော့ စာသားတွေကို ဒီလိုပဲ .. စကားပြောသလို ဆိုချလိုက်တာပဲ.. ... ။ အဲလိုပေါ့နော်။ ဘယ်လိုခေါ်မလဲ။ ...ဒီလိုပါပဲ။"

"ဟိုတလောက ကြားလိုက်ရတဲ့ အဆိုတော်တစ်ယောက်နဲ့ ဘာလိုလိုညာလိုလိုဆိုတဲ့ သတင်းရော..မင်းသမီး ဘာများပြောချင်သလဲ..ခင်ဗျာ..။"

"ဆရာကလဲ။ လျှောက်မေးနေပြန်ပြီ။ အဲဒီတုန်းက မီး အမုန်းဆုံး စကားပုံက ဟုတ်လို့ပေါ်၊ပုတ်လို့ကြော် .. ဆိုတာပဲ။ အနုပညာ မောင်နှမ သားချင်း ရင်းရင်းနှီးနှီး ပြောဆိုတာကို မနာလိုတဲ့သူတွေက ဒီလိုပဲ အပုပ်ချတတ်တာမဟုတ်လား။ တကယ်တော့ မီးက ကြုံတုန်းလေးပေါ့နော်.... အဲ.. ကြုံတုန်းလေး ဆိုသလို ဒီလိုပဲ မောင်နှမတွေ မဟုတ်လား။ အခုတော့ သူလဲ နောက်တစ်ယောက်နဲ့.. အဲလေ.. ခုတော့ တကယ်မဟုတ်မှန်းသိတော့ ပရိတ်သတ်တွေကလဲ ဘာမှ မပြောတော့ပါဘူး။"

"အခု လက်ရှိ မင်းသမီးဘာကားတွေ ရိုက်နေလဲ။ ကြော်ငြာရော ရိုက်သေးလား..။"

"ဟိုနေ့ကပဲ ကားတစ်ကားကို လက်ခံလိုက်တယ်။ မီးက ကားရိုက်လက်ခံရင် သူများတွေလို ပြီးစလွယ် လက်ခံတာမဟုတ်ဘူးလေ။ ဇာတ်လမ်းကို သေသေချာချာဖတ်၊ ဒီကာရိုက်တာရိုက်ရင် အကယ်ဒမီရနိုင်မရနိုင်..ဆိုတာ.. အင်း.. ကြည့်သလားဆိုတော့.. မကြည့်ပါဘူး။ ဒီကာရိုက်တာရိုက်ရင် မီးနဲ့လိုက်မလိုက်၊ ပရိတ်သတ်ကို ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတာပဲ တွေးတွေးပြီး ရိုက်ဖို့ကို ရွေးတာလေ။ ဒါနဲ့.. ဟိုတနေ့ က လာအပ်လို့ လက်ခံလိုက်ရတဲ့ကားနာမည်က ဘာပါလိမ့်.. မေ့နေလိုက်တာ..၊ ဖတ်တောင် မဖတ်မိလိုက်ဘူး ထင်ပါရဲ့..၊ အော်.. .. မှတ်မိပြီ.. .. ကြယ်မမြင် လမမြင်.. ဆိုတဲ့ကား။ မျက်မမြင်ကောင်မလေး လုပ်ရတာပေါ့နော်။
နောက်ပြီး တီဗွီကြော်ငြာတစ်ခု ရိုက်ထားတာရှိတယ်..။ သံချဆေး ကြော်ငြာလေ..။ ခုနက ပြောသလိုပါပဲ။ မီးက ပိုက်ဆံရမရဆိုတာထက်.. ပရိတ်သတ်ကို ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတာပဲ တွေးတွေးပြီး ရိုက်ဖို့ကို ရွေးတာလေ။..အဲဒါပဲပေါ့.. ၊ ခုနက ပြောသလိုပေါ့.. ၊ ဟင်း.. ဟင်း.."

"မင်းသမီး အခု ချစ်သူတွေ ဘာတွေ တွေ့နေပြီလား။ အိမ်ထောင်ရေးကိုရော ဘယ်လို စဉ်းစားထားလဲ။ ကိုယ်ချစ်ကိုယူမလား၊ သူချစ်ကိုယူမှာလား။ မိဘ သဘောတူတဲ့သူကို ယူမှာလား။"

"ဟင်း..ဟင်း.. ဒါလား..။ ဒါ..ဘယ်လိုပြောမလဲ ။ မီးက ခုထိ ရည်းစားမရှိသေးဘူး။ .. အီစီကလီတွေပဲ များတာလား… ဆိုတော့လဲ…အင်း.. အဲလို မဟုတ်ပါဘူး။
မီးရဲ့ အားနည်းချက်က မီးက ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းနေတတ်တယ်လေ။ ခုတောင် မာမီက မီးနောက်ကနေ တောက်လျှောက်လိုက်ပေးနေလို့။ မဟုတ်ရင် တောင်းနဲ့ လိုက်ကောက်ရမှာ..သြော်…အ၀တ်အထည်ကို ပြောတာပါ။ မီးမှာ.. မာမီ့ကျေးဇူးတွေ အများကြီးရှိပါတယ်။
မဟုတ်ရင်တော့.. ဟင်း.. ဟင်း.. ဟင်း.. ။ မာမီကလဲ မီးကို ဗျူးပြီဆိုရင် သူ့နာမည် ပါစေချင်လွန်းလို့လေ။ မာမီကလဲ ငယ်ငယ်တုံးက မင်းသမီးရူးမဟုတ်လား..။ ဟင်း..ဟင်း.. ။ မာမီက မဂ္ဂဇင်းထဲမှာ သူ့ပုံပါရင် အရမ်းသဘောကျတာ။ အင်း..မီး မာမီ ဆိုတော့လဲ..မီးလိုပဲပေါ့။
ခုနက မေးတဲ့ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မီးရဲ့ မာမီ နဲ့ ဒယ်ဒီ သဘောကျမကျ ဆိုတာထက် သူ့ဘက်က သဘောကျဖို့ ပိုအရေးကြီးတယ်။ မီးက အနုပညာလုပ်နေတာ မဟုတ်လား။
သူတို့တစ်မိသားစုလုံးက မီးကို .. .. မီး ပွေ တယ် ဆိုတာ မဟုတ်ပါဘူး။ မီး နိုက်ကလပ်နေ့တိုင်းတက်တယ် ဆိုတာ.. တွေ.. မဟုတ်ပါဘူး ဆိုတာ.. .. ၊ နေ့တိုင်းတော့ မဟုတ်ဘူးပေါ့နော်။ တစ်ရက်ခြားလောက်ပေါ့..အဲလိုမျိုးပါ။ အမြင်ရှင်းစေချင်တယ်။ .. ဒီလိုပါပဲ..။"

"ကျေးဇူးတင်ပါတယ် မင်းသမီးရယ်.. ။ မင်းသမီးပြောသလို ခုလို လိုရင်းတိုရှင်းလေးတွေ ဖြေကြားပေးတဲ့အတွက် ကျွန်တော်က ဒီလ စာမူ အတွက် တာဝန်ကျေပြီလေ။ နောက်နေ့တွေ ဂျောင်တိုးပြီး အိပ်နေရုံပဲ။ ကျေးဇူးတင်ပါတယ် မင်းသမီးရယ်.. ။ နောက်ဆုံး မင်းသမီးအနေနဲ့ ပရိသတ်ကို ဘာများပြောချင်သေးလဲ..။"

"မီး.. မီး..မှာချင်တာက.. မီးကို ချစ်ကြပါ။ မီးကို မချစ်ရင်တောင် မီးပါတဲ့ ကားတွေ ကြည့်ပေးကြပါ။ မီးကိုချစ်ဖို့ထက် မီးပါတဲ့ကားက တောတန်းမှာ တစ်ဖြစ်နေစေချင်တယ်။ ဒါမှ မီးကို ဒါရိုက်တာတွေက ငှားချင်ကြမှာ .. ။"

"ခင်ဗျာ.. တောတန်းမှာ.. "


"တောတန်းကိုပြောတာလေ.. လတိုင်း..လတိုင်း.. အငှားအသွက်ဆုံး..၊ အရောင်းရဆုံး ပထမဆုံး ထိပ်ဆုံး ဆယ်ခွေကို ပြောတာလေ.. ဆရာဂွရဲ့..။ ထိပ်ဆုံး ဆယ်ကားမှာ နံပါတ်၁ကား က မီး ကားဖြစ်နေစေချင်တာကို ပြောတာ။"

"အော်.. ဟုတ်ကဲ့ ရှင်းပါပြီ ခင်ဗျာ။ ခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါအုံး။"

"နေပါအုံး .. ဆရာရဲ့.. မီးပြောစရာကျန်သေးတယ်.. ၊ တကယ်ပဲ။ မီး နောက်ဆုံး ပြောချင်တာက .. မီးရဲ့ ထမင်းရှင်တွေ၊ ဟင်းရှင်တွေ၊ ဟော့ပေါ့ရှင်တွေ၊ ဘူဖေးရှင်တွေကို မီးက အမြဲတမ်း ရိုသေလေးစားနေမယ့် အကြောင်းပါ.. ။ ပြန်တော့မလို့လား..ဆရာရဲ့ .. ၊
ဓာတ်ပုံမရိုက်တော့ဘူးလား။ မာမီက မီးနဲ့ တွဲပြီး ဂျာနယ်မျက်နှာဖုံးမှာ ပါချင်လို့ တဲ့.. ဓာတ်ပုံရိုက်ခံချင်လွန်းလို့ ဟိုမှာ ကိုရီးယားမိတ်ကပ်ဆရာမ တင်ရမ်းဝင်း နဲ့ အလှပြင်နေတာ.. ။ မာမီရေ…မာ့.. မီ.."

".. ခင်.. ဗျာ.. .. "

(၂၀၀၅)

(pics from www.myanmar.com, www.planet.com.mm, www.myanmar.gov.mm)
(ထိန်းမရ သိမ်းမရ ပေါခဲ့ဖူးသော အရင်အချိန်လေးတစ်ခုသို့..အမှတ်တရ.. :-) )

You received this email because you are subscribed to the real_time feed for http://jewelofjewel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.