Tuesday, October 14, 2008

[လေနုအေး] 1 New Entry: ငယ်ငယ်တုန်းက သီတင်းကျွတ်

ငယ်ငယ်တုန်းက သီတင်းကျွတ်



ငယ်ငယ်တုန်းက ဒီနေ့ လိုနေ့ မတိုင်ခင် တပတ်အလိုကတည်းက မေမေက အကျီင်္လှလှလေးတွေ ၀ယ်ပေးဖို့  စကော့ဈေးက ဦးလေးကြီးဂါဝန်ဆိုင်ကို ခေါ်သွားနေကျ…။ မေမေရွေးပေးတဲ့ ဂါဝန်လေးတွေဝယ်ပြီး သီတင်းကျွတ်ပွဲတော် အတွက် ကြိုတွေးပြီး ပျော်နေရော။ အဲဒီတုန်းက ဂါဝန် ၃ ထည်မှ တရာ…(အံ့သြသွားလား… ကလေးတို့ ရေ)။ အပြန်ကျတော့ ဖေဖေက ကျောက်ကုန်း ကုန်းဆင်းက ဆိုင်မှာ မီးပုံးလေးတွေ ၀ယ်ပေး…။ မောင်လေးက သူများထက်ထူးတဲ့ သင်္ဘောကြီးတွေ၊ အမြှောက်ကားကြီးတွေမှ ပူဆာတာ…။ ဖေဖေကတော့ သားလေး ဒီတယောက်ထဲရှိတာဆို ၀ယ်ပေး…။ ကိုယ်ကတော့ တွန်းလို့ ရတဲ့ ယုန်လေးဖြစ်ဖြစ်… ကြက်ကလေးဖြစ်ဖြစ် ရပြီ။ ညီမလေးကတော့ မေမေ့ရင်ခွင်ထဲကနေ တခစ်ခစ်နဲ့  အရုပ်လေးတွေ ကြည့်ပြီးသဘောကျလို့ …။

လမ်းထဲမှာတော့ အကိုကြီးတွေက တက်တက်ကြွကြွ မီးထွန်းဖို့ တိုင်တွေမြှပ်ဖို့  တွင်းတွေတူးကြ…။ မီးကြိုးတွေ သွယ်ကြ…။ သက်ကြီးပူဇော်ပွဲအတွက် မဏ္ဍတ်ထိုးကြ…။ ပွဲပါတဲ့နှစ်တွေဆို ပိုစည်စည်ကားကား…။ အိမ်ရှေ့ က တူးမာတို့ အိမ်မှာ ညဘက်ဆို ဆိုင်းသံ၊ဗုံသံ တညံညံနဲ့ … အကတိုက်၊ ယိမ်းတိုက်၊ပြဇာတ်တိုက်…။ ညဆို အိမ်ကပျောက်လို့ လိုက်ရှာရင် ခါတိုင်းလို ဦးနှောက်သိပ်မစားရ။ အကတိုက်တဲ့ရှေ့  ပါးစပ်လေးဟ ငေးနေမယ့် ကိုယ့်ကို လွယ်လွယ်ကူကူ တွေ့ ရမယ်လေ…။ ပြဇာတ်မန်နေဂျာ ကိုကုလားကတော့ သိမ်ကြီးဈေးသွားပြီး ပြဇာတ်အတွက်လိုအပ်တဲ့ သေနတ်အတုတို့ ၊ သွေးအတုတို့ ၊ ပန်းအတုတွေ ၀ယ်..။ အိမ်ဘေးက အချက်အပြုတ်တာဝန်ခံ မနုတို့ အဖွဲ့ ကတော့ ကုန်ခြောက်တွေစု…။ လပြည့်နေ့ မရောက်ခင်ကတည်းက အတော်ကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း…။

လမ်းထိပ် အ၀င်ဝကို တလမ်းနဲ့ တလမ်း အပြိုင်အလှဆင်ကြ။ တနှစ်နဲ့ တနှစ်ကလဲ မထပ်စေရ။ ကလေးဆိုတော့ ငါတို့  ဂိတ်က ပိုလှ သူတို့ ဂိတ်က ပိုလှနဲ့ ငြင်းကြခုန်ကြပေါ့။ လပြည့်နေ့ မတိုင်ခင် တရက်လိုထဲက မီးတွေ ထိန်ထိန်ညီးအောင် စထွန်းကြရော..(အံ့သြသွားလား… ကလေးတို့ ရေ)။ အသံချဲ့ စက်ကလည်း ဆင်ပြီးသားဆိုတော့ ဦးအေးကြိုင်တို့ က လပြည့်နေ့ အစီအစဉ်တွေ ကြေငြာလိုက် သီချင်းလေးတွေ ဖွင့်လိုက်နဲ့ ။ တချို့ က ငှားထားတဲ့ မိုက်ကို ကောင်းကောင်းကြီးနဲ့  Testing 1 2 3, Hello Testing 1 2 3 လုပ်ရတာလဲ အမော။ မနုတို့ အဖွဲ့ က ကြက်သွန်နွှာ၊ ကြက်သားကိုင်၊ ဆန်ရွေး… စအလုပ်ရှုပ်နေကြရော…။ ကိုယ်တို့ ကတော့ အဲဒီနေ့ ကတည်းက မေမေ၀ယ်ပေးတဲ့ ဂါဝန်လေးဝတ်၊ ဖေဖေ၀ယ်ပေးတဲ့  မီးပုံးလေးတွန်းပြီး ရွာရိုးကိုးပေါက် စလျှောက်ပြီ…။ အဆန်းကြိုက်တဲ့ မောင်လေးမီးပုံးကြောင့် သူ့ နောက်မှာ ကလေးတွေက ရထားတန်းကြီးလို ပါလာတာ သူက ခပ်ပြုံးပြုံးနဲ့  ဂုဏ်ယူလို့ လေ…။

လပြည့်နေ့ ကတော့ မနက်လင်းအားကြီးထဲက စပီကာသံ ဆူဆူညံညံ။ အာရုဏ်ဆွမ်းအတွက် တအိမ်ကို ဟင်းတခွက်ပို့ ကြရတော့ တရပ်ကွက်လုံး နိုးနေကြပြီ။ မေမေကတော့ အညာသူပီပီ ၀က်ပုန်းရည်ဟင်းလေး ချက်ပို့ နေကျ။ တရားနာထဲက ထမီလေးဝတ် မေမေ့နောက် လိုက်သွားပြီး လက်အုပ်လေးချီ ဟိုငေးဒီငေး။ ဘုန်းကြီးပြန်ကြွတော့ စပီကာထဲက မင်းအောင်တို့  အနိုင်တို့ …အပြိုင်အဆိုင်ထွက်လာတယ်…။ ဒီဘက်လမ်း အနိုင်၊ ဟိုဘက်လမ်းက မင်းအောင်၊ နောက်တလမ်းက တွံတေးသိန်းတန်…။ "ကိုရေ…စိုးသင်္ဘောပေါ်တက်ခဲ့မယ်နော်"… "မတက်ခဲ့နဲ့ စိုး" "ဟယ်လို… ကိုကုလား..ဟယ်လို … ကိုကုလား… ရောက်ရာအရပ်က အမြန်ဆုံး မဏ္ဍတ်ရှိရာ လာခဲ့ပါ" "ကလေးတွေ… ကလေးတွေ မဏ္ဍတ်ပေါ်မှာ မခုန်ပါနဲ့ " "ချက်ပြုတ်ရေးအဖွဲ့ က ကောင်လေးတွေ ဒီမှာ ရေကုန်နေပြီ"…. အဲဒီလို သီချင်းသံကြားထဲမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ တောင် စပီကာသုံးကြတာ ရယ်လဲရယ်ချင်စရာ ပျော်လဲပျော်စရာပါ။

နေ့ ဆွမ်းကပ်ပြီးတဲ့အခါ သက်ကြီးပူဇော်ပွဲ စပါတယ်။ အဖိုးတွေက ရှပ်အဖြူသန့် သန့် လေးတွေနဲ့  အဖွားတွေက ရှန်သားဖြူဖြူလေးဝတ်ပြီး သနပ်ခါးလေးတွေနဲ့  သူတို့ ကြည့်ရတာ အတော် စိတ်ချမ်းသာစရာ…။ ဖေဖေက နှစ်တိုင်း လူကြီးတွေ ကန်တော့ချိုးကို ရှေ့ ကတိုင်ပေးနေကျ။ စကားပြောကောင်းတဲ့ အဖိုးတယောက်က ဆုပေး၊ ဆုံးမစကားပြော…။ ပြီးတော့ တလမ်းလုံး မဏ္ဍတ်ထဲမှာ တိုးတိုးဝှေ့ ဝှေ့ နဲ့  ထမင်းစားကြ…။ ကြက်သားဗူးသီး ကာလသားချက်လေးနဲ့  ငါးခြောက်ကြော် ကြွတ်ကြွတ်လေးနဲ့  ထမင်းက လျောကနဲလျောကနဲ မြိန်ချက်…။

ညနေစောင်းတော့ အိမ်က အဒေါ်က မိတ်ကပ်ဗူးတွေ သယ်ပြီး ဆိုမယ့် ကမယ့် သူတွေ မိတ်ကပ်လိမ်း ဆံပင်ပြင်ဖို့  တူးမာတို့ အိမ်ပြေးတော့ ကိုယ်ကလဲ စပ်စုချင်တာနဲ့  သူ့ နောက်က မယောင်မလည်လိုက်သွား…။ အဒေါ်က မိတ်ကပ်စိုးစိုး စတိုင်နဲ့  တမျက်နှာပြီး တမျက်နှာ လိမ်းတော့တာပဲ။ ပြဇာတ်မင်းသမီးကိုတော့ နဲနဲ အချိန်ပေးပြင်… ပြဇာတ်မင်းသားကိုလဲ ပေါင်ဒါလေး နဲနဲတို့ ...။ သူငယ်တော်ကမယ့်  ကိုဝင်းသိန်းတို့ အဖွဲ့ ကျတော့ ပါးကွက်ဝိုင်းဝိုင်းလေးတွေ ညီညီညာညာကွက်… ။ ပြဇာတ်ဆရာ ကိုကုလားကတော့ အင်္ဂုလိမာလ နောက်ပိုင်းဇာတ်အတွက် မုန့် ကြွတ်ချောင်းလေးတွေကို လက်ညှိးလေးတွေနဲ့  တူအောင် သီလို့ …။ အဒေါ်က မိတ်ကပ်ပြင်ရာက ပွဲကြည့်စင်ရှေ့  နေရာဦးဖို့  အမှတ်ရလိုက်သေးတယ်…။ နဲနဲမှောင်လာတော့ ပြင်ဆင်တဲ့နားက ထလာပြီး အိမ်က မီးပုံးဆွဲပြီး ထွက်တော့ တာပဲ။ တလမ်းလုံး လမ်းတဘက် တချက်မှာ ဗန်ဒါရွက်လေးတွေဆိုင်ပြီး ဖယောင်းတိုင်လေးတွေ စီစီညီညီ ထွန်းကြရတာ ပျော်စရာ။ မောင်လေးတို့  အုပ်စုကတော့ မီးပုံးတွေ ဘေးချပြီး ဗြောက်အိုးဖောက်နေပြီ။

ဖေဖေနဲ့ မေမေကို မောင်နှမတွေ ကန်တော့ကြပြီး မုန့် ဖိုးတွေလဲရရော ရပ်ကွက် ပွဲဈေးတန်းလေးဆီ ပြေးတာပဲ…။ မသန်းနွဲ့ ရဲ့ ငှက်ပျောပေါင်း၊ အမေကျော့ရဲ့ မုန့် ကြတ်တိုက်၊ မနုရဲ့ အသုတ်စုံ… မုန့် ဖိုးပြောင်မှ အဒေါ်ဦးထားတဲ့ ဖျာနေရာဆီ အပြေးအလွှားသွား…။ ကိုကုလားတောင် အစီအစဉ် ကြေငြာနေပြီ။ အဖွင့်သီချင်းဆိုတော့မှ ကိုယ့်အဒေါ် ဘယ်လောက်တော်လဲ သိရတယ်…။ လမ်းထဲက အပျိုတွေလှလိုက်တာ မင်းသမီး အစစ်တွေ အတိုင်း။ ကိုဝင်းသိန်းတို့  ပွင့်တူရွက်တူတွေ ခေါင်းထိပ်တည့်တည့်ပန်ပြီး သူငယ်တော်ကသွားတာ ရယ်စရာ…။ ပန်းပိတောက်ကို ချစ်တယ်ဆိုတဲ့ အကိုကြီးနဲ့  အမကြီးက ပီပြင်လွန်းလို့  တကယ်ကြိုက်နေသလားတောင် ထင်ရတယ် (ထင်တာ မှန်ပါတယ်… အဲဒီနေ့ ညပဲ ခိုးပြေးသွားကြတာလေ… မှတ်မိနေသေးတယ်)…။ ငယ်သူငယ်ချင်းရေ ခုတော့ ငယ်ကျွမ်းဆွေက သီတင်းကျွတ်ပွဲတိုင်းရဲ့ ဇာတ်ဝင်တေးလို ဖြစ်နေပြီ…။ နောက်ပိုင်း ပြဇာတ်မတိုင်ခင် မေမေက အိပ်ရအောင် လာခေါ်တော့ ဘူးခံငြင်းတယ်…။ မျက်လုံးကလဲ ပြူးကျယ်လို့ …။ ပွဲခင်းထဲ လာရောင်းတဲ့  မုန့် လေပွေ ကလဲ ကောင်းမှကောင်း။

လာပါပြီ… ကိုကုလားရဲ့  ပြဇာတ် ။ သူ့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင် ဇာတ်လိုက်မင်းသမီးရဲ့ အကိုနေရာက သရုပ်ဆောင်…။ စကားပြောဟန်က မြတ်လေးအတိုင်း…။ သူ့ မှာ အနုပညာဗီဇက အပြည့်…။ ခက်တာက ပွဲခင်းထဲမှာ မောင်တင်ဦးမပါ… မောင်နန္ဒမပါ… ။ သူ့ ခမျာ မီးခဲပြာဖုံး…။ လူဆိုးနဲ့ ဖိုက်ကြတော့ လက်ခုပ်သံတွေ တဖြောင်းဖြောင်း… ။ နောက်ပိုင်း အဂုင်္လိမာလဇာတ်က သရုပ်ဆောင်တွေ အားလုံးမာန်ပါပါလျက် မိန်းမလျာမအေးကြွယ်ကို အမေလုပ်ခိုင်းတော့ သနားရမယ့်အစား တ၀ါးဝါး ပွဲတွေကျ… ။ မနက်လင်းအားကြီးမှ ပွဲကပြီးတယ်… ။ လကြီးကတော့ သာနေတုန်း…။ ကိုယ့်ဖျာကိုလိပ်ပြီး ခပ်နှေးနှေး ခြေလှမ်းတွေနဲ့  အိမ်ပြန်ကြတယ်…။ ပြီးတော့… အိပ်မက်ထဲမှာလဲ သီတင်းကျွတ်… ။

(သီတင်းကျွတ်လပြည့်နေ့ မှာ ဘလော့ဂ်ရောင်းရင်းတို့  ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ … )

တန်ခူး
5:00pm 14-Oct-2008 (သီတင်းကျွတ်လပြည့်နေ့ )

You received this email because you are subscribed to the real_time feed for http://laynuaye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.