Tuesday, October 14, 2008

[ဆုံဆည်းရာ] 3 New Entries: ၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးပြောင်းရွှေ့

၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးပြောင်းရွှေ့

ဧရာဝတီ - ကိုသက် | အောက်တိုဘာ ၁၄၊ ၂၀၀၈

ယမန်နေ့ နေ့လယ်ပိုင်းကရုံးထုတ်သည့် ၈၈ မျိုးဆက်ကျောင်းသားများကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ တရားရုံးများမှ အရှေ့ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းလိုက်သည်ဟု ၎င်းအမှုကို လိုက်ပါဆောင်ရွက်ရှိသော အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် ဦးခင်မောင်ရှိန်က ပြောသည်။

"အမှုအခြေအနေက တရားရုံးပြောင်းလိုက်တဲ့အခါကျတော့ မစစ်ဖြစ်သေးဘူး။ တရားသူကြီးနဲ့ အမှုမှာ လိုက်ပါဆောင်ရွက် နေတဲ့ရှေ့နေတွေကို မိတ်ဆက်တယ်။ လှိုင်သာယာတရားရုံးနဲ့ အင်းစိန်တရားရုံးက အမှုတခုချင်းစီမှာ အရှေ့ပိုင်းခရိုင်တရား ရုံးကို အမှုနံပါတ်ဘယ်လောက်နဲ့ပြောင်းတယ်ဆိုတာကို ရှင်းပြတယ်" ဟု ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

တရားခံပြေးဟုသတ်မှတ်ထားသော ၈၈ မျိုးဆက်ကျောင်းသူများဖြစ်ကြသည့် မနီလာသိန်းနှင့် မမာမာဦး တို့ကိုလည်း အဆိုပါအမှုတွင်တွဲကာ ရုံးထုတ်သဖြင့် မူလက ကိုမင်းကိုနိုင်အပါအ၀င် အမှုတွဲ ၃၅ ဦးသည် ယခု ၃၇ ဦး ဖြစ်သွားသည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

မနီလာသိန်းသည် လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပြီး လွန်ခဲ့သည့်လက အဖမ်းခံခဲ့ရသည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရပြီး ယခုအခါ ၎င်းတို့ ဇနီးမောင်နှံသည် အမှုတွဲများအဖြစ် တရားရင်ဆိုင်နေကြရသည်။

အသက် တနှစ် ငါးလသာရှိသေးသည့် မနီလာသိန်းနှင့် ကိုဂျင်မီတို့၏သမီးငယ် ဖြူနေကြည်မင်းယုသည် လေးလသမီး အရွယ် ကတည်းက မိဘများနှင့် နေထိုင်ခွင့်မရခဲ့ပေ။

၈၈ မျိုးဆက်ကျောင်းသားများ၏အမှုများကို အရှေ့ပိုင်းခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးတို့က ဆက်လက် စစ်ဆေးမည်ဖြစ်ပြီး လာမည့် ၂၇ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားသည်။

၈၈ ကျောင်းသားအဖွဲ့မှ တရားစွဲခံထားရသူ ၃၇ ဦးအနက် ၃၆ ဦးမှာ ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်ကျခဲ့ဖူးသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင် ဂမ္ဘီရကို ယမန်နေ့က အင်းစိန် ထောင်ရှိ ကမာရွတ်မြို့နယ်တရားရုးတွင် ရုံးထုတ်ကာ စွဲဆိုထားသည့်အမှု ၉ မှုကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးလှုပ်ရှားသူများအား ရုံးထုတ်စစ်ဆေးရာတွင် မိသားစုဝင်များ တရားရုံးအတွင်းသို့ ၀င်ရောက်ကြားနာခွင့်ကို လွန်ခဲ့ သည့်လဆန်းပိုင်းက ခွင့်ပြုခဲ့သော်လည်း ယခုလဆန်းပိုင်းကစ၍ ခွင့်မပြုတော့ပေ။

ယမန်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးထုတ်ရာ အင်းစိန်ထောင်ဘူးဝသို့ မိသားစုဝင်များ သွားရောက်စောင့်ဆိုင်းနေ ကြသော်လည်း အာဏာပိုင်တို့က ၀င်ရောက်ခွင့်မပြုခဲ့ပေ။
တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့်ရရေးအတွက် အဖမ်းဆီးခံနိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များက အကျဉ်း ဦးစီးဌာနအပါအ၀င် အာဏာပိုင်တို့ကို ယခုလ ၁၁ ရက်နေ့က စာတင်ထားသည်ဟု မိသားစုဝင်များက ပြောဆိုသည်

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။

GW တနှစ်ပြည့်တွင် ဖြန့်ဝေသည့်စာရွက်ပါပုံ

GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက "လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်" ဟု ဧရာဝတီကို ပြောသည်။ည်။

GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

"အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး" ဟု ကိုမိုဃ်းသွေးက ပြောသည်။
ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။

အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူများက တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်၊ ရှေ့နေပါဝါ ရုပ်သိမ်းရန် ပြောဆို

ဧရာဝတီ - ကိုစိုး | အောင်တိုဘာ ၁၃၊ ၂၀၀၈

စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးလှုပ်ရှားသူများက ၎င်းတို့ကိုတရားစွဲဆို ရုံးထုတ်ရာ တရားခွင်ကို အယုံအကြည်မရှိသောကြောင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုနိုင်ကြောင်းနှင့် အကျိုး ဆောင် ရှေ့နေပါဝါများကို ရုပ်သိမ်းရန် တောင်းဆိုကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် သောကြာနေ့က ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံ၊ ကိုတင့်ဆန်း၊ ကိုအောင်သွင်၊ ကိုအောင်မြင့်၊ ကိုအောင်ဇော်ဦး၊ ကိုကျော်စိုး၊ ကိုမောင်ကံ တို့ကို အင်းစိန်ထောင် မင်္ဂလာ တောင်ညွန့် သီးသန့် တရားရုံး၌ ရုံးထုတ်ချိန်တွင် တရားရုံးကို တရားမျှတသည်ဟု အယုံအကြည်မရှိ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည် မဟုတ်သော ကြောင့် ရှေ့နေပါဝါများကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆို သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

"ကျနော်တို့ကတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တာဝန်ယူ ဆောင်ရွက်မှုမှာ အမှုသည်က ရပ်ပါဆိုရင် ရပ်ရတယ်၊ ရှေ့နေကြီးတို့ရဲ့ ပါဝါကို ပြန်ရုပ်ပါဆိုရင် ကျနော်တို့ က အမှုသည်ရဲ့ ဆန္ဒအတိုင်း လက်ခံရပါတယ်၊ ကျနော်တို့ ဆောင်ရွက်မှုအပေါ်မှာ မကျေ နပ်လို့ မဟုတ်ဘူး၊ တရားရုံးကို ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့တဲ့အတွက် ရှေ့နေလည်း မလိုဘူးဆိုတဲ့ သဘောပဲ၊ သူတို့က အပြန်အလှန် အမေးအဖြေ လုပ်မှာ မဟုတ်ဘူးလို့ ပြောတယ်" ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောဆိုသည်။


ယခုအမှုနှင့်ပတ်သက်ပြီး လာမည့် သောကြာ ရုံးချိန်းမှ စတင်၍ ရှေ့နေပါဝါ ရုပ်သိမ်းမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းရွှေသံစဉ် ကိုဝင်းမော်အား ၂၀၀၇ ခု နိုဝင်ဘာ လကုန်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ပုဒ်၁၃(၁)တို့ ဖြင့် စွဲဆိုထားကြောင်းသိရသည်။

ယခင်အပတ် အင်္ဂါနေ့ကလည်း အင်းစိန်ထောင် စမ်းချောင်းမြို့နယ် သီးသန့်တရားရုံးတွင် ရုံးထုတ်သည့် ပုဒ်မ ၁၃(၁)၊ ၁၇(၁)၊ ၁၇(၂၀) စသည်တို့ဖြင့် စွဲဆိုခံထားရသော ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင် အပါအ၀င် ၉ ဦးအမှု ကို ရုံးထုတ်ရာ ၎င်းတို့က ရှေ့နေပါဝါရုပ်သိမ်းရန် တောင်းဆိုသည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

"ဘာကြောင့်လည်း ဆိုတော့ သူတို့က တောင်းဆိုချက် ၃ ခုတောင်းဆိုတယ်၊ Free and fair လွတ်လပ်မှု၊ တရားမျှတမှု ရှိဖို့၊ အခုမရှိဘူး၊ နောက်တခုက မိသားစု အပါအ၀င် အများပြည်သူရှေ့ မှောက် မှာ တရားစီရင်ဖို့၊ တရားစီရင်မှုမှာ အာဏာပိုင် အဖွဲ့အစည်းက ၀င်ရောက်စွက်ဖက်မှု မပြုဖို့ ၊ ဒီ ၃ ချက်မရှိ ရင်၊ မရရင် သူတို့က တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး၊ မေးတာဖြေတာတွေ မလုပ်ဘူး၊ ဒါကြောင့် ရှေ့နေပါဝါ ပြန်ရုပ် သိမ်းခိုင်းတာပါ"ဟု ၎င်းက ပြောပြသည်။

ယခင်အပတ် တနင်္လာနေ့ကပင် ပုဒ်မ ၁၃(၁) ၊ ၁၇(၁)၊ ၂၉၅(က)၊ ၁၄၃၊ ၁၄၅ တို့ဖြင့် စွဲဆိုထားသော ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်၊ ကိုအောင်ကျော်မိုး၊ မထားထားသက် တို့ ၄ ဦး အမှုကို အင်းစိန်ထောင် အရှေ့ပိုင်း ခရိုင် သီးသန့် တရားရုံးတွင် ရုံးထုတ်ရာ၌ ၎င်းတို့က မိသားစုများကြားနာခွင့်မရ၊ တွေ့ခွင့်မရသည့် အတွက် အမေး အဖြေ မပြုလုပ်နိုင် ကြောင်းနှင့် ရှေ့နေပါဝါရုပ်သိမ်းရန် စဉ်းစားနေကြောင်း ပြောသည်ဟုလည်း ဦးခင်မောင်ရှိန်က ဆိုသည်။

"ကျနော်တို့ကတော့ ဒီတရားစီရင်ရေးမှာ အမှုသည်ကငှားလာရင် ဥပဒေနဲ့ အညီ ကာကွယ် ခုခံပိုင်ခွင့်ကို ဆောင်ရွက် ပေးတယ်၊ အမှုမှန်ဖြစ်ရေးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးတယ်"ဟု ဦးခင်မောင်ရှိန်က ဆက်လက်ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော် တပါးဖြစ် သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို အင်းစိန်ထောင် အလုံမြို့နယ် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင် ယင်း တရားရုံး ၏ လုပ်ထုံး လုပ်နည်းမှာ တရားမျှတမှု မရှိဟုဆိုကာ ရှေ့နေကြီး ဦးအောင်သိန်းက ၎င်း၏ ရှေ့နေပါဝါ ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
တချိန်တည်းတွင်ပင် ယမန်နှစ် ဧပြီလက ဟင်္သာတမြို့နယ် အုပ်ပုံကျေးရွာ၌ လူ့အခွင့်အရေး လှုပ်ရှားမှုများပြုလုပ်သော ကြောင့် ရိုက်နှက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ (HRDP)မှ ကိုမြင့်နိုင်က ရိုက်နှက်သူများကို စွဲဆိုထားသည့် အမှုအား ဟင်္သာတမြို့နယ်တရားရုံးက အမှု အထ မမြောက်ဟုဆိုကာ တရားခံများကို အောက်တိုဘာ ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည့်အတွက် ယင်းသို့ မတရားသဖြင့် တရားစီရင်မှုကို မကျေနပ်သောကြောင့် ကိုမြင့်နိုင်က ဥပဒေကြောင်းအရ ထပ်မံတရားစွဲ ဆိုရန် စီစဉ်နေကြောင်း သိရသည်

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.