Tuesday, October 14, 2008

[We She Me] 1 New Entry: ရွှေမျိုး ကန်တော့ပွဲ

ရွှေမျိုး ကန်တော့ပွဲ

အမေတို့မှာ မောင်နှမ ၉ ယောက် ရှိတယ်။ အစ်ကို အကြီးဆုံးက ၂ ယောက်နဲ့ ကျန်တာတွေက ညီအစ်မတွေ။ မှတ်ရတာ များလွန်းလို့ "ဌေး" ၂ "ဌေး"၊ "မြင့်" ၃ "မြင့်"၊ "ခိုင်" ၄ "ခိုင်" ဆိုပြီး အဘိုးက မှတ်ထားတယ်။ အဖိုးကတော့ ဆုံးသွားပါပြီ။ အဖွားက အသက် ၈၂ ရှိပြီ။ အမေတို့ မောင်နှမတွေ အဘွားအိမ်မှာ ဆုံဖြစ်တယ်။ အဘွားအိမ်မှာက စနေ၊ တနင်္ဂနွေဆို သားသမီး တစ်ယောက် မဟုတ် တစ်ယောက်လာလည်တယ်။ မြေးတွေလည်း ပါလာတယ်။ အဘွားမှာ မြေး ၂၂ ယောက်၊ မြစ် ၉ ယောက် ရှိတယ်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်ဝမ်းကွဲတွေကလည်း အရင်းတွေလိုပဲ ချစ်ခင်ကြတယ်။ အဘွားအိမ်မှာ ဆိုရင် ရုံးရုံး ရုံးရုံးနဲ့ တွေ့ကြ နေကြတာ။ ညီအစ်ကို တ၀မ်းကွဲတွေက LAN Game ဆော့ရင်ဆော့၊ (အဘွား မသိအောင် အပေါ်ထပ်မှာ) အရက်ခိုးသောက်ရင် သောက်၊ ရိုးရိုးတန်းတန်း ဆုံရင်ဆုံ။ အလုပ် ကိစ္စ ဆုံရင်ဆုံ။ အဒေါ်တွေက ဟင်းတွေ တစ်မျိုး မဟုတ် တစ်မျိုး ချက်စားကြတယ်။ အဒေါ်တွေကလည်း တစ်ယောက် တစ်မျိုး ဟင်းချက် တော်ကြတယ်။ ၂ လုံး ၃လုံး ခေတ်စားတုန်းက တွက်ကြတယ်။ ထိုးကြတယ်။။ သင်္ကြန်တို့၊ Happy New Year တို့ဆို စုံတတ်တယ်။ ဒါပေမယ့် အမေတို့ မောင်နှမ ၉ ယောက်စလုံး တချိန်တည်း စုံဖြစ်တာ ရှားတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းကတော့ ဆုံကြတယ်။

DSC04710သီတင်းကျွတ်ပြီ ဆိုရင်တော့ အဘွားအိမ်မှာ အမေတို့ မောင်နှမတွေ အားလုံး ဆုံဖြစ်ကြတယ်။ အဘွားကို ကန်တော့ကြဖို့။ အဲဒီနေ့ဆိုရင် တစ်ခုခု ချက်ထားကြတယ်။ အမေတို့ ညီအစ်ကို မောင်နှမတွေရော၊ မြေးတွေ၊ မြစ်တွေရော ဆုံကြတယ်။ တစ်အိမ်လုံးကို ပြည့်ပြီး ဆူညံနေတာပဲ။ သူ့အုပ်စုနဲ့ သူ စုပြီး တူရာ စိတ်ဝင်စားရာ ပြောကြတယ်။ အားလုံး စုံပြီဆိုရင် အဘွားကို အရင်ဆုံး ကန်တော့ကြတယ်။ တစ်ယောက် တစ်မျိုးစီ ယူလာတဲ့ ပစ္စည်းတို့၊ ပိုက်ဆံထည့်ထားတဲ့ စာအိပ်တို့ကို ရှေ့မှာ စုပုံလိုက်ပြီး ကန်တော့ကြတယ်။ အဘွားက ဆုတွေ၊ ဘာတွေ ပေးပြီး အားလုံးကို မုန့်ဖိုး ပြန်ပေးတယ်။ အဘွား မုန့်ဖိုး ပေးရင်တော့ ဆွေမျိုးတွေ အကုန်လုံး အများကြီးကို ပေးရတာ ဆိုတော့ အတန်သေးပေါ့။ တစ်ခါတစ်လေ ပိုက်ဆံကျဲတယ်။ သီတင်းကျွတ်မှာ ကျဲဖို့ဆိုပြီး ပိုက်ဆံကို အထုပ်လိုက် လဲထားရတယ်။ အကုန်လုံး လုကြ ကောက်ကြနဲ့ ပျော်စရာပဲ။ အသက် ၅၀ ကျော် ကျွန်တော်တို့ ဘကြီးတွေ၊ ကြီးတော်တွေလည်း အဘွားနဲ့ တွေ့ရင် ကလေးတွေပဲ။ ပြီးရင် ငါက ဘယ်လောက်ရတယ်။ သူက ဘယ်လောက် ရတယ် တွက်ကြရော။

သီတင်းကျွတ် ကန်တော့တဲ့ နေ့မှာတော့ အပြင်လူ မပါတတ်ဘူး။ အဘိုး ရက်လည် လိုမျိုး ဆိုရင် ဘုန်းကြီးတွေ ဆွမ်းကပ်တာမျိုး လုပ်ရင်တော့ အပြင်လူ ပါတယ်။ အမေတို့ မောင်နှမတွေ၊ မြေးတွေ၊ မြစ်တွေ အပြင် ဆိုင်ရာဆိုင်ရာရဲ့ အသိတွေ၊ သူငယ်ချင်းတွေပါ ပါတတ်တယ်။ သားသမီးတွေ မြေးတွေရဲ့ ရုံးက သူငယ်ချင်းတွေကလည်း အဘွားနဲ့ သိနေပြီ။ အဘွား သူငယ်ချင်းတွေလည်း ပါတတ်တယ်။ မြေးတွေကလည်း သူတို့ရဲ့ အတွဲတွေကို ဒီလိုနေ့မှာဆိုရင် အမျိုးတွေနဲ့ မိတ်ဆက်ပေးဖို့ အတော်ပဲ။ ကျွန်တော်လည်း သူမကို ဒီလိုပွဲမျိုးမှာ အမျိုးတွေကို မိတ်ဆက်ပေး အပ်ပေးလိုက်တယ်။ တစ်ယောက်ချင်း လိုက်ပြပြီး ဒါက ဘယ်သူ။ ဟိုဟာက ဘယ်သူ မိတ်ဆက်ပေးတယ်။

သီတင်းကျွတ် လပြည့်နေမှာ အဘွားကို ကန်တော့ပြီးရင် အဘွားက ကန်တော့ခံ (စင်မြင့်တော့ မဟုတ်ဘူး) ထိုင်ခုံကနေ ဆင်း။ ပြီးတော့ အမေရဲ့ အစ်ကို အကြီးဆုံး ဘကြီးကနေ စပြီး တစ်ယောက်ပြီး တစ်ယောက် ခုံပေါ်ထိုင်။ အောက်က ညီအစ်မတွေ (အန်တီတွေ)၊ တူ၊ တူမတွေ၊ မြေးတွေ မြစ်တွေက ဆက် ကန်တော့ လုပ်ကြတယ်။ အရင်တုန်းကတော့ ဦးကြီး ဒေါ်ကြီးတွေပဲ။ အခုတော့ မြေးတွေထဲမှာလည်း အရွယ်ရောက်ပြီး အိမ်ထောင်တွေ ဘာတွေကျ၊ သားသမီးတွေ ရလာပြီ ဆိုတော့ မြေးအကြီးတွေပါ ပါလာပြီ။ ကြီးသူကို ငယ်သူက တစ်ယောက်ပြီး တစ်ယောက် ကန်တော့ကြတာမျိုး။

ကန်တော့ဖို့ ပစ္စည်းတွေကိုလည်း တခါတည်း ပြင်လာရတယ်။ အဘွားကိုတော့ ပိုက်ဆံတွေ ဘာတွေ ကန်တော့ကြပြီး အမေတို့ မောင်နှမတွေကတော့ အချင်းချင်း ကော်ဖီမစ်တို့ ဘာတို့လိုမျိုးနဲ့ ကန်တော့ကြတာ။ မောင်နှမတွေ ကန်တော့ကြတာဆိုတော့ တန်ဖိုးက အဓိက မဟုတ်ဘူး။ ကန်တော့ရန် အဓိကပဲ။ မြေးတွေ အလှည့်မှာတော့ ဒီအတိုင်းပဲ ဖြစ်သွားရော။ ကန်တော့ခံရပြီ ဆိုရင်တော့ မုန့်ဖိုး ပေးဖို့သာ ပြင်ထားတော့။ အဘွားကနေ စပြီး မုန့်ဖိုး ပေးလိုက်တာ ဦးကြီး ဒေါ်လေးတွေပြီးရင် ကျွန်တော်တို့ မောင်နှမ တ၀မ်းကွဲတွေ အထိ မုန့်ဖိုးပေးကြတာဆိုတော့ အငယ်ဆုံးတွေကတော့ ထောကြောပဲ။ ကလေးတွေက တစ်ယောက်ကို ကန်တော့လိုက် မုန့်ဖိုးရလိုက် နောက်တစ်ယောက် ကန်တော့လိုက် မုန့်ဖိုးရလိုက်နဲ့ တစ်ထိုင်တည်းမှာ အများကြီး ရသွားတယ်။ စိတ်ထဲမှာလည်း ဘယ်လောက်ရ သွားပြီး ပေါင်းလိုက် ရေကြည့်လိုက်နဲ့ ငါတော့ ဘယ်လောက် ရပြီဆိုပြီး ပြောတဲ့ ကလေးကလည်း ပြောကြနဲ့ ပျော်ရွှင် ဆူညံနေတာပဲ။

အားလုံး စုံနေတော့ အဘွား အပြင် တခြား ဦးကြီး ဒေါ်လေးတွေ ကန်တော့ဖို့ သပ်သပ် သွားစရာ မလိုတော့ဘူး။ တထိုင်တည်းမှာ အားလုံး ကန်တော့ပြီးသား ဖြစ်သွားတယ်။ ဆွေတွေ မျိုးတွေလည်း ဆုံတွေ့ရတယ်။ ပြီးရင် အစားအသောက် အစုံ စားကြရော။ အရင်တုန်းကတော့ မြေးအလတ်တွေ များတယ်။ အခုတော့ မြေးအလတ်တွေ တော်တော်များများက နိုင်ငံခြား ရောက်ကုန်ကြတယ်။ နိုင်ငံခြားဆိုတာလည်း အဓိကတော့ စင်္ကာပူပေါ့။ မြန်မာပြည်မှာ လုပ်စား ကိုင်စားဖို့ မတတ်ကြတော့လည်း ဒီလို ပျော်စရာ ဆွေတွေ မျိုးတွေနဲ့ ခွဲပြီး အဝေးရောက်နေကြရတယ်။ မြန်မာပြည်ကို လွမ်းတဲ့ အထဲမှာ အဲဒီ ရွှေမျိုးတွေကလည်း ထပ်ဆုံးက ပါတယ်။

ဒီနှစ် ကန်တော့ကြတဲ့ ပုံတွေ ပို့ပေးလိုက်လို့ ကြည့်ပြီး အဝေးကနေ ကုသိုလ် ပွားရသေးတယ်။



တခြားဖတ်ရန် - အမေ့အကြောင်းတွေ

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.