Tuesday, October 14, 2008

[Nine Nine SaNay] 1 New Entry: နေ နဲ့ လေတို့ရဲ့ပုံပြင်

နေ နဲ့ လေတို့ရဲ့ပုံပြင်


Happy Time ကလေးရုပ်စုံစာစောင် အမှတ်(၂)၊ အောက်တိုဘာလမှာ ပါခဲ့တဲ့ စာလေးပါ။ ကလေးတွေအတွက် ဆိုပေမယ့် လူကြီးတွေနဲ့လည်း အသုံးတည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပုံပြင်ထဲက ကလေးနဲ့တူတဲ့ လူကြီးတွေလည်း ရှိနေတတ်လို့ပါပဲ။


ကျွန်တော်က ချမ်းသာတဲ့ အသိုင်းအဝိုင်းက ကြီးပြင်းလာသူတစ်ယောက်ဖြစ်တယ်။ အိမ်မှာ အငယ်ဆုံးမို့ မိဘ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ပိုပြီး အလိုလိုက်ချစ်ကြတယ်။ ဒါကြောင့် ကျွန်တော့်မှာ ကိုယ့်ကိုအထင်ကြီးတဲ့ အကျင့်တစ်ခုရှိခဲ့တယ်။ ဘာမဆို ငါပြောရင်၊ ငါလုပ်ရင် ပြီးတယ်လို့ ထင်ခဲ့တယ်။ ဘာလုပ်လုပ် အမိန့်ပေးပြီး ဒါမှမဟုတ် အော်ဟစ်ပြီးမှ ခိုင်းစေတတ်တဲ့အကျင့် ကျွန်တော့်မှာရှိခဲ့တယ်။ အိမ်မှာခေါ်ထားတဲ့ အစေခံတွေ၊ ဆွေမျိုးတွေက ကျွန်တော့်စကားကို လိုက်နာကြရတာချည်းပဲ။ ဒါပေမယ့် တစ်ခြားကလေးတွေနဲ့ ပေါင်းသင်းရာမှာ ကျွန်တော် အဆင်မပြေဖြစ်ခဲ့ရတယ်။

ကျွန်တော်တို့ ရပ်ကွက်က ကလေးတစ်အုပ် ဘောလုံးတစ်လုံးကို သူကန် ကိုယ်ကန်နဲ့ ဆော့ကစားနေကြတယ်။ ဝမ်းသာအားရနဲ့ သူတို့အော်ဟစ်နေကြတာကို ကျွန်တော်တွေ့လိုက်တယ်။ ထိန်းမရတဲ့ ကစားချင်စိတ်နဲ့ ဘောလုံးကန်နေတဲ့ လူအုပ်စီ ကျွန်တော်ရောက်သွားခဲ့တယ်။ ပြောနေကျ လေသံအတိုင်း သူတို့ကို ကျွန်တော်လှမ်းအော်လိုက်တယ်။

"ဟေး… ငါ့ကို ဘောလုံးပေးစမ်း"

ကျွန်တော့်ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။ သူတစ်ချက်၊ ကိုယ်တစ်ချက်နဲ့ သူတို့ ဘောလုံးအကန် မပျက်ခဲ့ဘူး။ ကျွန်တော် သည်းမခံနိုင်တော့ဘဲ ဘောလုံးကို လုဖို့ လူအုပ်ထဲ ပြေးဝင်လိုက်တယ်။

ကျွန်တော့်ကိုမြင်တော့ ဘောလုံးယူထားတဲ့ ကလေးတစ်ယောက်က အခြားတစ်ယောက်ကို ကန်ပေးလိုက်တယ်။ ဘောလုံးပေးလိုက်တဲ့ လူစီ ကျွန်တော်ပြေးသွားပြန်တယ်။ ရောက်ခါနီးမှာ သူက တစ်ခြားတစ်ယောက်ကို ကန်ပေးလိုက်ပြန်တယ်။ ဘေးမှာ ဝိုင်းကြည့်နေတဲ့ လူတွေဆီက ရယ်သံတွေ ထွက်လာခဲ့တယ်။ ကျွန်တော့်ကို သူတို့လှောင်နေမှန်း၊ အရူးလုပ်နေမှန်း သိလေ ကျွန်တော် ဒေါသထွက်လေပါပဲ။ ဘောလုံးကို ရဖို့ ကျွန်တော်ပိုအားစိုက်ပြီး ပြေးခဲ့မိတယ်။

တအောင့်ကြာတော့ ပြေးတာကို ကျွန်တော်ရပ်လိုက်တယ်။ တစ်ယောက်နဲ့ သူတို့တစ်အုပ်ကို ကျွန်တော် မယှဉ်နိုင်မှန်း သိလိုက်တယ်။ ဆက်ပြေးနေရင်လည်း ကျွန်တော်က သူတို့ရဲ့ ကစားစရာပဲ ဖြစ်သွားမယ်ဆိုတာကို သိလိုက်တယ်။

နဖူးပေါ်က ချွေးသီးချွေးပေါက်ကို သုတ်ရင်း၊ ပါးစပ်က တတွတ်တွတ် ဆဲဆိုရင်း အိမ်ဖက်ကျွန်တော် ခြေဦးလှည့်တော့ ဘေးက ခုံရှည်တစ်ခုမှာ ကျွန်တော့်ကိုကြည့်ပြီး ရီနေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

အဘိုးအိုက ခုနားအဖြစ်အပျက်ကို မြင်ပြီး ကျွန်တော့်ကို လှောင်ရီနေပုံရတယ်။ ကျွန်တော် ပိုဒေါသထွက်ပြီး သူ့ဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားလိုက်တယ်။

"အဘိုးကြီး.. ခင်ဗျား ဘာရီတာလဲ" လေသံခပ်မာမာနဲ့ ကျွန်တော်မေးလိုက်တယ်။

"ဘောလုံး မင်းလက်ထဲရောက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အဘိုး သင်ပေးလို့ရတယ်။ ဒါပေမယ့် မင်းစိတ်နဲ့ ထွက်သက်ဝင်သက်ကို ငြိမ်အောင်အရင်ထားပြီး အဘိုးပြောမယ့် ပုံပြင်ကို နားထောင် ဟုတ်ပြီလား"

ကျွန်တော် မကျေမနပ် ရေရွတ်ရင်း အဘိုးအိုဘေး ဝင်ထိုင်ချလိုက်တယ်။ အဘိုးအိုက အသံနေအသံထားနဲ့ ပုံပြင်စပြောတော့တယ်။

"တစ်ခါတုန်းက နေနဲ့လေဟာ ဘယ်သူအင်အားပိုကြီးသလဲဆိုပြီး ငြင်းခုန်ကြသတဲ့။ လေက "ကျွန်တော်တို့ ပြိုင်ပွဲတစ်ခု လုပ်ကြရအောင်။ ဟောဟိုက အနွေးထည် ဝတ်ထားတဲ့ အဘိုးအိုကို မြင်လား? အနွေးထည်ကို အဘိုးအို အမြန်ဆုံးချွတ်အောင် လုပ်နိုင်သူဟာ အင်အားအကြီးဆုံးဖြစ်တယ်။ ကျွန်တော်အရင် စပြိုင်မယ်ဆိုပြီး ပြိုင်ပွဲကို စခဲ့တယ်"

"နေက တိမ်ထဲဝင်ပြီး လေကို အရင်စပြိုင်စေခဲ့တယ်။ လေက အဘိုးအိုက ဦးတည်ပြီး ခပ်ကြမ်းကြမ်းတိုက်လိုက်တယ်။ လေကတိုက်လေ ကြမ်းလေ နောက်ဆုံး လေဗွေကြီးတစ်ခုဖြစ်အောင် တိုက်ပစ်လိုက်တယ်။ အဘိုးအိုက လေကြမ်းလေ အနွေးထည်ကို တင်းနေအောင် ဆွဲစေ့ထားလေပေါ့။ နောက်ဆုံး လေလက်လျှော့ပြီး တဖြေးဖြေး ငြိမ်သွားခဲ့ရတယ်။ လေငြိမ်တော့ နေထွက်လာတယ်။ သူ့ရဲ့ နွေးထွေးတဲ့ အပြုံးရောင်ခြည်နဲ့ အဘိုးအိုအပေါ် ပက်ဖြန်းပေးလိုက်တယ်။ မကြာဘူး အဘိုးအိုဟာ ပူလာဟန်တူပြီး ကိုယ်ပေါ်က အနွေးထည်ကို ချွတ်လိုက်တယ်"

"အဲဒီအချိန်မှာ နေက လေကို "တွေ့လား? နွေးထွေးမှုနဲ့ ကြင်နာမှုက ကြမ်းတမ်းမှုနဲ့ အကြမ်းဖက်မှုထက် အင်အားပိုကြီးတယ်ဆိုတာကို တွေ့ပြီမဟုတ်လား" လို့ ပြောလိုက်တယ်"

ပုံပြင်ပြောအပြီး အဘိုးအိုက ကျွန်တော့်ကို ရီပြပြန်တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းကို ပွတ်သပ်ပြီး "သွား.. ဟိုကလေးတွေကို သွားတောင်းပန်လိုက်။ ယဉ်ယဉ်ကျေးကျေးနဲ့ ခင်မင်မှုကိုသုံးရင် လိုချင်တာ မင်းရနိုင်ပါတယ်"

အဘိုးအိုကို ဦးညွှတ်ပြီး ကျွန်တော် အရိုအသေပေးလိုက်တယ်။ နောက်ဆုံးမှာ အဆင်ပြေပြေနဲ့ ဘောလုံးပွဲမှာ ကျွန်တော်ပါဝင်ခွင့်ရခဲ့တယ်။ အဘိုးအိုပြောတဲ့ ပုံပြင်က ကျွန်တော့်အတွက် အဲဒီနေ့ရဲ့ ကစားပွဲထက် ပိုအမှတ်ရစေခဲ့တယ်။

အဲဒီနေ့ကစပြီး နေ့တိုင်း အိမ်ကမထွက်ခင် မှန်ရှေ့မှာရပ်ပြီး "နေနဲ့တူအောင်လုပ်" လို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးတတ်တယ်။ ပြီးတော့ အိမ်ကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ခဲ့တယ်။ အခုဆိုရင် ကျွန်တော့်မှာ သူငယ်ချင်းတွေ အများကြီးရှိနေပါပြီ။ ကျွန်တော်ဒုက္ခရောက်ချိန်မှာ ကျွန်တော့်ကို သူတို့ အမြဲကူညီခဲ့ကြတယ်။

မူရင်း။ အမေရိကန် စာရေးဆရာ Elbert Green Hubbard (1856-1915)

နိုင်းနိုင်းစနေ ဘာသာပြန် ခံစားသည်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.