Tuesday, October 14, 2008

[K] 1 New Entry: သီတင်းကျွတ်အလွမ်း

သီတင်းကျွတ်အလွမ်း

ခြံတံခါးလေး ပိတ်ဖို့ အပြင် ထွက်လိုက်တော့..လရောင်က..၀င်းဖြဖြ။ ကောင်းကင် မော့ကြည့်တော့မှ.. လပြည့် ကာနီး ပြီ ဆိုတာ..အသေအချာ သတိ ရ လိုက်သည်။ သီတင်းကျွတ်လပြည့် ပြီ လေ။

လပြည့်တကာ့ လပြည့် တွေထဲ မှာ..သီတင်းကျွတ်လပြည့်ကို အချစ်ဆုံး။ ရာသီ တကာ့ ရာသီ တွေ ထဲမှာမှ.. သီတင်းကျွတ်လ ရဲ့ ကောင်းကင်ကြီး ကိုက..အကြည်လင်ဆုံး။ ပွဲတော်တကာ့ ၁၂လ ရာသီ ပွဲ တော် တွေ ထဲမှာ ဆိုရင်လည်း.. မီးထွန်း ပွဲ တော်ကို ပဲ..အပျော်ရွှင် ဆုံး။ ဒီ လ ဒီအချိန် တွေက..သူ့ရဲ့ ဆုံမှတ်တွေ.. ဦးတည် သတ်မှတ်ဖို့ အခြင်းအရာတွေ..။ ဒါပေမဲ့..ဒီ တနှစ် လည်း..သူ ချစ်တဲ့ မြေနီနီ ဖုန်ထူထူ သီတင်းကျွတ်လေး ဆီ မပြန် ဖြစ်သေး။

ခုချိန် လောက် ဆိုရင်တော့..သူ့ အမ တွေ..တူတွေတူမ တွေ တသိုက်ကြီး နဲ့..ဖုန်ထူ သီတင်းကျွတ်လေး ဆီ..ဦးတည်သွား နေ ကြ လောက်ပြီ။ အရင့် အရင် တွေ တုန်းကတော့..သူ လည်း ပါနေကျ ပေါ့။ မြို့တော်ကြီး ဆီ ကနေ.. တနှစ် တခါ ဆိုသလို မျိုးတော့ လူကြီး မိဘ တွေ ဆီ ပြန်လာ ကန်တော့ ဖြစ်ရင်း..အစဉ်အလာ တခုကို.. ကြည်နူးစွာ..ထိန်းသိမ်း ဖြစ် တုန်းက ပေါ့ ။ တကယ်ဆို..မြို့တော်ကြီး နဲ့..ခပ်ပြပြ မှာ တည်ရှိနေတဲ့..ဖုန်ထူထု မြို့လေးကို..သူ..သံယောဇဉ် သိပ် မရှိဘူးလို့...ထင်နေခဲ့ မိတာ....မှားနေပြီ ထင်သည်။

ဒီဖုန် ထူ မြို့လေး မှာ..ဘုရားပွဲ တော်ကြီး တခု..အထင် အရှား ရှိပေမဲ့..ဘာမှ မစည်ကားလှ တဲ့ မီးထွန်းပွဲလေး နဲ့ ယှဉ်လိုက်ရင်..ဘယ်တုန်းကမှ.. နှစ်နှစ်ခြိုက်ခြိုက် မရှိဖူးခဲ့ဘူး။ ဘုရားပွဲ တော်ရက် တွေ မှာ..ရန်ကုန်မြို့ကြီးက..ဆင်းလာပြီး.. ခန့်ခန့်ကြီး ဧည့်သည်လုပ်တတ်တဲ့ မြို့ကြီးသား တွေ.. အဆိုတော်..မနူးမနပ် တွေကို မျက်စိ နောက်လွန်း လို့.. အိမ်တွင်းပုန်းခဲ့ သမျှ.. သီတင်းကျွတ်ည တွေ ရောက် မှပဲ..အေးအေးချမ်းချမ်း .. လမ်းပေါ် ထွက် ဖြစ် ရတာ လေ..။

ငယ်ငယ်က ဆို.. သီတင်းကျွတ် ပွဲ ကို..ပထမ အစမ်း ပြီး တဲ့ ကျောင်းပိတ်ရက် တခု အဖြစ် နဲ့ လည်း..ပျော်ပျော် ရွှင်ရွှင် ရှိခဲ့တယ်။ နောက်ဆုံး ဘာသာ ဖြေပြီးတာနဲ့.. အိမ်ကို အပြေးပြန်ပြီး.. ရွှံ တွေခူး ရတယ်။ ရွှံတုံးလေး တလုံး လုံး..လက်ကလေး နဲ့ ပြား..ပြီး- အလယ်ခေါင် ကို..လက်ညှိုးလေး ထိုးပြီး အရာပေး လိုက်ရင်.. ဖယောင်းတိုင် ထဲ့ စိုက် ဖို့..အခံ တုံးလေး တွေ ရပြီပေါ့။ ဖေဖေက.. ၀ါး ခွေလေး တွေ နဲ့ မီးပုံး တွေ ချိုးပေး ထားတယ်။ ရိုးရိုး မှန်ကြည် စက္ကူ ရောင်စုံ လေး တွေ ကို..ပတ် ၀ိုင်း ပြီး..ကော် နဲ့ကပ် လိုက်တော့.. ကိုယ်တိုင် လုပ်တဲ့..မီးပုံး လေး တွေ ဖြစ်လာပါရော။ ဆိုင်က ၀ယ် ရတဲ့..ဂျပန် မီးပုံး လှလှ လေး တွေ ကိုတော့..သေတ္တာထဲ က..သေသေချာချာ ထုတ်ပြီး..အမြင့် ဆုံး နေရာ မှာ..ထွန်းရ တယ်။ လေး ငါး ဆယ်ခု ပဲ ရှိတာ ဆိုတော့.. မီးမကျွမ်းအောင်..အမြဲ ဂရုစိုက် ကြည့် နေ ရ တတ်တာမျိုး။ အဲဒါ နဲ့ မှ..အားမရ သေးရင်.. ပို နေတဲ့ ရွှံ တွေကို..လက်ဝါး လောက် အပြားထူထူ ကြီး လုပ်.. ဗန်ဒါ ရွက် နုနု လေး တွေ ခူး ပြီး..အရွက် ချင်း ယှက် ပြီး..အရိုးညှာလေးတွေ..ထောင်စိုက် လိုက် တော့.. သဘာဝ မီးပုံးလေး တွေ..လှမှလှ။

အိမ်ရှေ့ လမ်းပေါ် တက်ပြီး..ကိုယ့် အိမ်ကို ပြန် ငေး ပြီး မီးအလှ ကြည့် ရတာ လည်း..အမော။ ပြီးရင်..ကလေး တွေရော..ကလေး မဟုတ်..လူကြီးမဟုတ်တွေရော..စက်ဘီး စီးပြီး..တသိုက်ကြီး.. မြို့ကို ပတ်။ အမျိုးတွေ ကို လိုက် ကန်တော့။ မုန့်ဘိုး တောင်း။ တခါတလေ..ကိုယ် ကန်တော့တဲ့ မုန့်ကို..ကိုယ် တွေပဲ ပြန်ကျွေးလိုက် ရင်.. လောက်တောင် မလောက်။ ဟိုး..အဘိုး နဲ့ အဘွား ရှိ တုန်းက ဆို..သူတို့ စာသင် ပေးခဲ့တဲ့..ရွာ ၃ ရွာ က..ရွာလုံးကျွတ်..လှည်းကြီး တွေ နဲ့..လာကန်တော့တာ။ ခုနေ ပြန်ပြော ရင်..ယုံကြမှာ တောင် မဟုတ်ဘူး။ အဲဒီ သီတင်းကျွတ် ကန်တော့တဲ့..စပါးတွေ ဆိုတာ..အဘွားတို့..တနှစ်လုံး စားလို့တောင် မကုန်။ မုန့်ဖက်ထုပ် ဆိုတာ..တင်းတောင်းကြီး တွေနဲ့။ သူတို့ ကလေး တွေက.. ဘယ်လို စားလည်း ဆိုတော့.. ဖက် ကိုဖြေ..အလယ်က..ပဲ အနှစ်..သကြား အနှစ်တွေပဲ စားပြီး...မုန့်သား အဖြူ တွေကို..ဒီအတိုင်း..လွှင့်ပစ်တာပဲ။ အဲဒီလို ဂါရ၀ တရားတွေ..နွေး ထွေး တဲ့ ..ဆက်ဆံမူတွေ.. ရက်ရော တဲ့ ကြည်ဖြူမူ တွေ ကို.. သတိ ရ လိုက်ပါဘိတော့။

ပျော်ရွှင် လွတ်လပ် တဲ့ ကလေး ဘ၀ သီတင်းကျွတ် တွေ ပြီးတော့..ရန်ခုန် ကြည်နူး ရတဲ့.. ဆယ်ကျော်သက် သီတင်းကျွတ်တွေ လည်း..ထို နည်း ၄င်း ပါပဲ။ နဲနဲ လေး ပိုတာက..သီတင်းကျွတ်မှာ..ပြန်ပြန်လာကြတဲ့.. အဝေးရောက်နေတဲ့ မိသားစု တွေ..အထူး သဖြင့်..အထက ကျောင်းကြီးက..အာစရိယ ပူဇော်ပွဲ ကို ပြန်လာတဲ့..ဖေဖေ တို့ မေမေ တို့ မိတ်ဆွေ..သူငယ်ချင်းတွေ..။ သူတို့နဲ့ အတူ ပါလာ တတ်တဲ့..ရွယ်တူ ကောင်လေး..ကောင်မလေး တွေ..။ ဘုရားပွဲ တော်ရက် က..လာတဲ့ ရန်ကုန်သားတွေ ကို ကြည့်မရ ပေမဲ့..သီတင်းကျွတ် ကျောင်းပိတ်ရက် မှာ ရောက်လာ ကြတဲ့..ဧည့်သည် တော်လေး များကတော့.. စိတ်ကူးယဉ်စရာ လေး တွေပေါ့။း)

ဖုန်ထူမြို့ကလေး ကို ကျောပေး ရပ်နေခဲ့တဲ့..စူပုပ်ပုပ် ကောင်မလေး တယောက်ကတော့.. သီတင်းကျွတ်ပေါင်း များစွာ ကို.. ကျော်ဖြတ်လို့.. အပြုံးတု တွေ တောင်..ကောင်းကောင်း အသုံးချ တတ် နေ ပေပြီ။ မဝေးသေးတဲ့ အချိန်တခုက တောင်.. အပြုံးတု တချို့ အိမ်ပြန်လက်ဆောင် ယူသွားဖြစ်ခဲ့တဲ့ ...ဖုန်နံ့လေး တွေ ပြန်လည် ရှု ရှိုက် ဖြစ်ခဲ့ တဲ့.. သီတင်းကျွတ်ကလေး တခု ကို ..သတိ ရနေ မိ သေးသည်။ ကိုယ် တိုင် က တော့..ဧည့်သည် တော်ကြီး ဖြစ်နေခဲ့ပြီ။

လမ်းလေး ထဲမှာ..တချို့လူသစ်တွေ ကို မသိတော့.. ကလေးတွေ ကလည်း.. ကြီးတာ မြန်လိုက် ကြတာ..။ အိမ်ပေါ် ထပ်က..သေတ္တာတွေ ထဲမှာ..ငယ်ငယ်က..ချိုးခဲ့တဲ့..ရောင်စုံ မီးပုံး အကြည်လေး တွေ ကတော့..ကော်တွေနဲ့မို့..ပိုးကိုက် ကုန်ပြီပေါ့။ အစဉ် အဆက် သိမ်းထား ခဲ့တဲ့..ဂျပန် မီးပုံးလေး တွေ တော့..ရှိနေသေးသည်။ ဒါပေမဲ့..တရုတ် လျှပ်စစ် မီးကြိုး ရောင်စုံ လေး တွေက..ပို မလှလား..ပိုမလွယ်လား..။ အသီးလေး တွေ..အရွက်ကလေး တွေ နဲ့။ အိမ်ပုံလေးတွေ.. စန်တာကလေ့ ပုံလေး တွေ..စုံ----- လို့။

မုန့်ဖက်ထုတ် တထုတ် ဖြေစား ကြည့် တော့.. သကြား တွေ နဲသွားသလိုပဲ။ စားလို့ လည်း သိပ် မကောင်းတော့ ပေမဲ့..လွှင့်တော့..မပြစ် ရက်။ အိမ်ရှေ့လမ်း ပေါ် မှာတော့..တူတွေတူမတွေရော..တခြား ကလေး တွေရော..ဗျောက်အိုး တွေ..အသားကုန် ဖောက်နေ ကြသည်။ တော်ကြပါတော့ကွယ်..နားတွေ တောင်..အူနေပြီ။ နဲနဲပါးပါး လည်း မဟုတ်..။ မီးရှူးတွေက လည်း အမျိုးစုံ။ သူတို့ကို ရပ်ကြည့် နေတုန်း ..ရှူးကနဲ..ဖြစ် သွားတဲ့..ဗျောက်အိုး အသေ တခုကို..တူမောင်က..အားမလို အားမရ ကြည့်ရင်း..` အဲဒီ အနီပတ် နဲ့ဟာက..မှားဝယ်လာမိတာ..မကောင်းဘူး..တရုတ် ဗျောက်အိုးကမှ..အကျယ်ကြီး ပေါက်တာ ကွ.. ´ ဆိုပဲ။

လမ်း လေး ထဲ မှာတော့..တချို့အိမ်လေး တွေ လည်း..ရိုးရိုး ရှင်းရှင်း မီးထွန်း လို့.. တချို့အိမ် တွေ ကတော့..လှလှ ပပ ဆန်းဆန်းပြားပြား .. တချို့ အိမ် တွေကတော့.. ဘာမီး မှတောင်..မလင်း ။ လမ်းထဲက..ဆွမ်းရုံလေး မှာ..သီတင်းကျွတ် ဆွမ်းလောင်းဖို့.. ချက်ပြုတ် ထုပ်ပိုး နေကြတဲ့..ငယ်ပေါင်း ကြီးဖော်..လမ်းသူလမ်းသား တွေ ။ သူငယ်ငယ် က..ချီပိုး ထိန်းကျောင်းခဲ့တဲ့..မ--- တို့ ညီအမ အပျို ကြီး တသိုက် လည်း..ကြည့်ပါ ဦးတော့။ ဆံပင် တွေ ဖြူ ကုန်ပြီ ။ ဒါပေမဲ့..အရင် အတိုင်း.. ပျော်တတ်..အော်တတ်..ကူညီ တတ် တုန်း။
` ဟေး....လာ ဟေ့.. အမယ် ---- ကြီးက တကယ့် လူကြီး- ကြီး ကို ဖြစ်လို့..ခုည.. ကြက်သား ဆန်ပြုတ် ... လာ..လာ.. ကြက်သွန် ကူ နွှာ.. ´

`ဟယ့်..နင်က..အခု ဘယ်မှာ..´ လို့ မေးလာတဲ့..စပ်စု တတ်တဲ့..ဟို လမ်းထိပ် အိမ် က..အမ ကြီး ကလည်း..ပါးစပ် အဟောင်းသား နဲ့။ ဒီ လမ်းသား မဟုတ်တဲ့..ဘယ်က မှန်း မသိ တဲ့..လူကြီး တယောက် ကတော့.. ဘာမှန်း မသိ..ညာမှန်း မသိ..` အော်- နေပြည်တော် ရောက်နေတာလား..´ တဲ့။ ကဲ- မှတ်ကရော။

ဘာပဲ ပြောပြော..နွေးထွေးမူ တွေ ကတော့.. အရင် အတိုင်း ပါပဲ။ ခင်မင် မူတွေ လည်း..ဒီ အတိုင်း မပြောင်းလဲ..။ ပြောင်း လဲ နေတာက..ပြက္ခဒိန် တွေ ..။
-
ခု- သူ့ရှေ့ က.. ပြက္ခဒိန် မှာ.. ပြသာဒါး ရက်ရာဇာ မပါ။ ဝေနေယျသုခ..ရေချမ်းစင် တံဆိပ် မရှိ။ ဒီနေ့..Tuesday, 14 October လို့ပဲ ပြ ထားတယ်။ ဒါပေမဲ့..သူ သိပါတယ်။ ဒီနေ့.. သီတင်းကျွတ် လပြည့် ၁၅ ရက်။ ဥပုပ် အခါတော် နေ့။ ဂေါတမ မြတ်စွာ...နတ်ပြည်မှာ ရှိတဲ့ မယ်တော်ကို.. တရားဦး ဟော ပြီး..လူ့ပြည် ကို ပြန်ကြွ လာတဲ့ နေ့။ ကလေး တယောက် ပျော်ရွှင် ခဲ့တဲ့ နေ့။ ကောင်မလေး တယောက်.. မီးပုံး လှလှ လေး တွေ ချိတ် ခဲ့တဲ့ နေ့။ မိန်းကလေး တယောက်..မိဘ ဆီ ပြန်လာ လည် တဲ့နေ့။ အမျိုးသမီး တယောက်.. ငေးမော သတိ ရ နေတဲ့..နေ့။

You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.