Penang ရှိ Meditation Center
ပီနန်မြို့မှာရှိတဲ့ Bukit Mertajam မြို့နယ်မှာ မြန်မာ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းရှိပါတယ်။

အဲဒီအနီးအနား တရုတ်လူမျိုး မဟာယန ဗုဒ္ဓဘာသာဝင်တွေအားလုံး ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင် ဒီဆရာတော်က ကြိုးစားခဲ့ပါတယ်။ ဆရာတော်ကြီးက တရုတ်လူမျိုးပါ။ ပျံလွန်တော်မူသွားတာ ကြာပါပြီ။ နောက်ပိုင်း ကျောင်းထိုင်တွေကတော့ မြန်မာပြည်က မြန်မာဘုန်းကြီးတွေပါ။

real nobody ကို ရေးသားခဲ့တဲ့ ဆရာတော်ပါ။ ကျွန်မ ပို့စ်တင်ဖူးပါတယ်။ အခုလည်း ဓာတ်ပုံရိုက်လာလို့ ထပ်တင်ထားပါတယ်။

ဒီတရားစာချိုးလေးကို ဓာတ်ပုံထဲမှာ ဖတ်မရရင် ပို့စ်မှာ သွားဖတ်နိုင်ပါတယ်။

ဒီကျောင်းမှာ မဟာစည်ဆရာတော်တွေ ကျောင်းထိုင်ပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီးပုံ

ဘုန်းဘုန်းတို့က ၀ိနည်းနဲ့အညီ သပိတ်နဲ့ပဲ ဆွမ်းဘုဉ်းပေးပါတယ်။

ဒါကတော့ ခုလက်ရှိ ယာယီကျောင်းထိုင်ဆရာတော်ပါ။ တကယ့်ကျောင်းထိုင်ဆရာတော်ကတော့ မြန်မာပြည်မှာ ၀ါဆိုနေရပါတယ်။ သူ့ကျောင်းမှာ ၀ါပြန်မဆိုရင် ကျောင်းကို သိမ်းပစ်မယ်ဆိုတာကြောင့်ပါ။

ကျောင်းထိုင်ဆရာတော်ပုံပါ။ ဘုန်းဘုန်းက ရန်ကုန်မှာဆိုတော့ ကျွန်မ မဖူးခဲ့ရပါဘူး။

ဆွမ်းဟင်းခွက်ပေါင်း ၅၀ ကျော်ပါတယ်။ အချိုပွဲကလည်း ၄၀ ကျော်လောက်ရှိတယ်။

ဘုန်းဘုန်း ဆွမ်းဘုဉ်းပေးချိန်မှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူပေါင်း ၅၀ ကျော်လောက် လာလှူကြတာပါ။ အဲဒါ နေ့တိုင်းပါပဲ။ ဘုန်းဘုန်းကို တစ်ယောက်ချင်းစီ ဆွမ်းကပ်၊ ပြီးရင် တရားနာ၊ ပြီးတော့ ဘုန်းဘုန်းက အခန်းတံခါးပိတ်ပြီး တပါးတည်း ဆွမ်းဘုဉ်းပေး။ လူတွေကလည်း အပြင်မှာ တပျော်တပါးကြီး စားကြနဲ့။ တကယ့်ကို ဗမာရွာလေးကျနေတာပဲ။

ဘုန်းဘုန်းတွေအနေနဲ့ သာသနာပြုရတာလည်း မလွယ်ပါဘူး။ Dictionary စာအုပ်အထူကြီးပေါင်းစုံနဲ့ လေ့လာနေရတာပါ။ ဘုန်းဘုန်း စားပွဲပေါ်က Dictionary စာအုပ်တွေ ရေကြည့်တာ ၉ အုပ်ကျော်ပါတယ်။ ကျွန်မတို့ မပြန်ခင် တစ်ရက်က တရုတ်လူမျိုး ဒကာတစ်ယောက် သူ့အိမ်ဘုရားစင်အတွက် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဘုန်းကြီးကျောင်းမှာ အနေကဇာ လာတင်ပါတယ်။ ဘုန်းဘုန်းက ပရိတ်တွေရွတ်၊ ပဋ္ဌာန်းတွေရွတ် နာရီဝက်ကျော်၊ ၁ နာရီလောက် ရွတ်ပေးပါတယ်။ အဲဒီ ဆင်းတုတော်ရှေ့မှာ ကျွန်မတို့က ကိုယ်သောက်မယ့် သောက်ရေသန့်ဗူးလေးတွေ အဖုံးဖွင့်ပြီး ကပ်ထားတယ်။ ပရိတ်ရေသဘောမျိုးပေါ့။ ဘုန်းဘုန်းရွတ်ပြီးတာနဲ့ ကိုယ့်ရေဗူးလေးတွေ ကိုယ်ယူကြတော့ အဲဒီတရုတ်လူမျိုး လင်မယားတွေကလည်း လိုချင်ကြတယ်။ ဒါနဲ့ ဘုန်းဘုန်းဆီက သူတောင်းတာလေးက သဘောကျစရာ။ သူလည်း "လိုချင်လို့ပါ" ဆိုပြီး တောင်းတော့ ဘုန်းဘုန်းက "အဖုံးဖွင့်ထားတဲ့ တဗူးကို ယူလိုက်"လို့ ပြောတာ။ သူက "အဖုံးမဖွင့်ထားလည်း ဘုရားရှေ့မှာ ကပ်ထားတာဆိုတော့ တူတူပဲ မဟုတ်လား"ဆိုပြီး "နှစ်ဗူး ယူမယ်နော်"လို့ ပြောရင်း ဘုန်းဘုန်း ဘာမှ ပြန်မပြောနိုင်ခင် ဗူးအသစ်တလုံးကိုပါ သူ့မိန်းမအတွက် ဆတ်ကနဲ ကောက်ယူလိုက်တာ။ ကျွန်မမှာ ရယ်နေရသေးတယ်။ နောက်တော့ ဆရာတော်က "မြတ်စွာဘုရားကို ရေချမ်း၊ ပန်း နေ့တိုင်း ကပ်ရဲ့လား" မေးတော့ သူက "ကပ်ပါတယ်"ပေါ့။ "ပန်းကတော့ နေ့တိုင်းမဟုတ်ဘူး"တဲ့။ "သောက်တော်ရေကတော့ နေ့တိုင်းနီးပါးပါပဲ"တဲ့။ "မအားတဲ့နေ့တော့ တခါတလေ မကပ်ဖြစ်ပါဘူး" ပြောတော့ ဘုန်းဘုန်းက အနည်းငယ် စိတ်ပျက်လက်ပျက်နဲ့ ရယ်ပြီး ကျွန်မတို့ မျက်နှာကို လှမ်းကြည့်တယ်။ ပြီးတော့ "ဒီလို ဗုဒ္ဓရုပ်ပွားတော်ကို သောက်တော်ရေကပ်ဖို့ ၈ နှစ်နီးပါး တရားဟောရတယ်" လို့ ပြောတယ်။ ဩော်... ပြည်ပမှာ သာသနာပြုရတာလည်း တကယ်မလွယ်ပါလားနော်။

အဲဒီကသူတွေက ဘုန်းဘုန်းတို့ကို "ဆရာတော်"လို့ပဲ တရုတ်သံဝဲ၀ဲလေးတွေနဲ့ ခေါ်ကြပါတယ်။ ပြီးရင် ငါးပါးသီလတွေ၊ ဩကာသတွေ အကုန်ရပါတယ်။ တကယ့်ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကို ဖြစ်နေတာပဲ။

စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင်တော့ ဒီထက် လူများပါတယ်။ ညဘက်တွေမှာလည်း တရားပွဲရှိတယ်။ ကျွန်မတို့ သွားတဲ့ တနင်္ဂနွေတုန်းက အောက်တိုဘာလနဲ့ နိုဝင်ဘာလမွေးတဲ့သူတွေက သူတို့မိဘတွေအတွက် စုပေါင်း Birthday ကျင်းပပြီး ကျေးဇူးတင်ကြောင်း ဂါရ၀ပြုတဲ့ ပွဲရှိပါတယ်။ (ကိုယ့်မွေးနေ့အတွက် ကိုယ်ကျင်းပတာ မဟုတ်ဘဲ မိဘတွေကို ကျင်းပပေးတာပါ။) သူတို့အခေါ်တော့ မိဘတွေကို ဂုဏ်ပြုကျေးဇူးတင်တဲ့ မွေးနေ့ပွဲပေါ့။ ယဉ်ကျေးမှုကအစ မြန်မာယဉ်ကျေးမှုနဲ့ တူသွားတယ်။ မိဘကို ကျေးဇူးတင်ရကောင်းမှန်း၊ ရိုသေသိတတ်စေတဲ့ ပွဲတော်လေး တခုပါ။

ကျောင်းအ၀င်ဝပုံကို ရိုက်လာတာ။ ည ၈ နာရီကျော်ရင် တရားလာထိုင်တဲ့သူတွေက နေ့လယ် ဆွမ်းလာကပ်သလိုပဲ များပါတယ်။
ကျန်တဲ့ ဓာတ်ပုံတွေကို နောက်ရက်မှ တင်တော့မယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
s0wha1
You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.