ပွဲပျော်ည
ကျောင်းစောစောဆင်းလို့ ဒီညနေလည်း ကျွန်မ ပွဲခင်းထဲရောက်သွားပြန်တယ်။ ဒီတစ်ခါ ကင်မရာ ယူသွားမိတယ်။ အစ်မက အိမ်ကနေ လျှောက်မရိုက်နဲ့နော်လို့ မှာတယ်။ အစ်မမှာတာကို နားမလည်ပေမယ့် အင်းပါဆိုပြီး ကျွန်မခေါင်းညိတ်လိုက်တယ်။
ပွဲဆိုတော့ ထုံးစံအတိုင်းပဲ ရောင်စုံမီးတွေ၊ ကာလာလူတွေ၊ စားစရာအစုံနဲ့ စည်ကားလို့နေတယ်။ ဟိုဖက်က အသံချဲ့စက်မှာ "လာနော်.. လာနော်.. ၁ ဆထိုးရင် ၂ ဆလျော်မယ်" လို့ အော်ရင် ဒီဖက်က အသံချဲ့စက်ကလည်း အားကျမခံ "ရပ်ကြည့်နေရင် အမြတ်မရှိဘူး။ လှံထမ်းလာတာ မြင်ပေမယ့် ကံထမ်းလာတာ မမြင်ဘူး" ဆိုတာတွေနဲ့ ပွဲက အသက်ဝင်လို့နေတယ်။
ပွဲဈေးထဲမှာ လျှောက်ရင်းငေးရင်း ဂလုံ၊ ဂလုံဆိုတဲ့ အသံကြားလို့ လှည့်ကြည့်တော့ ငါးတွေ၊ ဖားတွေ၊ ကြွက်တွေ၊ ဆင်တွေ လှိမ့်ဆင်းလာတာကို တွေ့လိုက်တယ်။ အဲ ဖားတွေဘေးမှာလည်း စားပွဲခုံသေးလေးနဲ့ မဲနှိက်ပြီးပေါက်ရင် စားလို့ရတဲ့အကောင်တွေ ရောင်းနေတယ်။ ဟော.. ရှေ့မှာလည်း ဘတ်စကက်ဘော ဘောလုံးကို ဂဏန်းတွေ ရေးထားတဲ့ စက္ကူပေါ် လှိမ့်ပြီးကစားနေကြတယ်။ အမယ်.. ဟိုဖက်မှာလည်း အပြိုင်အဆိုင်ပဲ.. ကိုယ့်လက်ဖြောင့်မဖြောင့် ခြင်းလုံးနဲ့ နို့ဆီခွက်ကို ပစ်မလား? ပူစီဖောင်းကို မြှားနဲ့ပစ်မလား? သေနတ်နဲ့ အရုပ်လေးတွေကို ပစ်မလား? လူတွေပျော်ရွှင်အောင် ပွဲကို ဘက်ပေါင်းစုံကနေ အားဖြည့်ထားတယ်။
အပေါ်က ပြောသွားတဲ့ ကစားနည်းတွေနဲ့ ကစားလို့မှ မဝသေးရင် ရဟတ်စီးလို့လည်းရတယ်။ လေတွေထိုးထားတဲ့ လေအိမ်ကြီးထဲ လျှောသွားစီးလို့လည်း ရနိုင်သေးတယ်။ (ကိုယ့်ကိုယ် ကလေးလို့ ထင်တဲ့သူတွေ ဝင်လျှောနိုင်ပါတယ်) ဒါမှ မကျေနပ်သေးရင် အံစာတုံးကို ရီမုကွန်ထရိုးကားနဲ့ ဂဏန်းရေးထားတဲ့ ကပ်ထူစက္ကူပေါ် တိုက်ချပြီး ကံစမ်းနိုင်သေးသလို လိုချင်တဲ့ ပစ္စည်းကိုမှန်းပြီး မဲနှိက်ကစားနည်းလည်း ကစားနိုင်သေးတယ်။ အဲ.. ပွဲမပြန်ခင် ပျော်စရာ ရွှင်စရာ တင်ပိုလာ ကစားဖို့လည်း မေ့မသွားနဲ့ပေါ့။
ဒါမျိုးကို ကျွန်မ ခုမှမြင်ဖူးတာပါ။ ကြာဇံ၊ ထမင်း၊ ဝက်သားနဲ့လုပ်ထားတဲ့ ထိုင်းဝက်သားချဉ်လုံးဖြစ်ပါတယ်။
ဝက်သားချဉ်လုံးကို ဒီလိုကင်ပြီး ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားတဲ့ ဂျင်း၊ မုန်လာထုပ်၊ နံနံပင်နဲ့ ဟိုတစ်ကိုက် ဒီတစ်ကိုက် ရောစားရတယ်။
ကစားဝလို့ ဗိုက်ဆာပြီဆို ပွဲဈေးထဲ တစ်ပတ်ပတ်ကြည့်လိုက်... မမြင်ဖူးတဲ့အစာ၊ မစားဖူးတဲ့ အစာတွေကို တစ်ဝတစ်ပြဲ စားနိုင်သေးတယ်။ ခုနား ကံစမ်းလို့ ပိုက်ဆံကုန်သွားခဲ့ရင်တော့ အနံ့ပဲ ခံပေါ့နော်း) ညနက်လေ လူစည်လေ၊ အသံချဲ့စက်က ပိုဆူလေ၊ အသားကင်နံ့က ပိုမွှေးလေပါပဲ။ တာချီလိတ်တစ်မြို့လုံး ပွဲခင်းထဲ ရောက်နေသလား ထင်ရလောက်အောင် ပွဲက စည်ကားလို့နေတယ်။ ကျွန်မတို့ ပြန်လာတဲ့အချိန် ည ၇နာရီခွဲအထိ စတိတ်ရှိုး မစသေးပါဘူး။ ခုချိန်ထိလည်း မစသေးပါဘူးး) ပွဲခင်းထဲက ရိုက်လာတဲ့ စားစရာပုံတစ်ချို့ကို ပွဲကြိုက်သူတွေအတွက် တင်လိုက်ပါတယ်။ အစ်မပြောတဲ့ လျှောက်မရိုက်နဲ့ဆိုတာတွေ ကျွန်မ မရိုက်ခဲ့တာကို နားလည်ပေးကြပါလို့....း)
ဒီအသားကင် ပိုင်ရှင်ကို ပုံရိုက်လို့ ရလားလို့ ခွင့်တောင်းတော့ နိုင်ငံခြား ပို့မလို့လားလို့ မေးပါတယ်။ ဟင့်အင်း... ဘလော့ပေါ် တင်မှာလို့း) သူကြောင်ပြီး ကျန်ခဲ့တယ်
ကင်မရာက မကောင်းရတဲ့ ကြားထဲ အလင်းထည့်ပြီး ရိုက်တာ လူတွေဝိုင်းကြည့်ခံရတယ်။ ကျွန်မပြောတာကိုပဲ နားမလည်လို့ပဲလား ဘာလားတော့ မသိဘူး... တစ်ချို့စားစရာတွေ တောင်းရိုက်တာ ပေးမရိုက်ဘူး ခေါင်းပဲခါပြတယ်။ ရှမ်းအဘိုးကြီးတစ်ယောက် ရောင်းတဲ့ ကစားစရာတွေကို ခွင့်မတောင်းဘဲ ရိုက်မိတာ မျက်နှာမာနဲ့ ဘာအတွက်လဲလို့ လာမေးတယ်။ ကျွန်မက လှလို့ရိုက်တာပါဆိုပြီး ကစားစရာတွေပဲ ရိုက်ထားကြောင်း ပုံကိုပြလိုက်ရသေးတယ်။ အဲတာကြောင့် အစ်မက လျှောက်မရိုက်နဲ့လို့ မှာတာထင်တယ်။ မတတ်နိုင်ဘူးလေ ... ဝါသနာက တားလို့မှမရတာနော်း)
နိုင်းနိုင်းစနေ
ကျွန်မရဲ့ တူ၊ တူမလေးတွေ
အစ်မရဲ့သား အကြီးဆုံးကို စိုင်းလင်းထွန်းလို့ ခေါ်တယ်။ စတုတ္ထတန်း တက်နေပါပြီ။ ရှမ်းနဲ့စပ်မွေးထားတဲ့အတွက် အသားဖြူပြီး မျက်လုံးပြူးပါတယ်။ ဝဝကစ်ကစ် ချစ်စရာကောင်းပေမယ့် ကလေးနဲ့ မတူအောင် လည်လွန်း၊ ဆော့လွန်းတယ်။ အဆော့လွန်းတာက ကလေးသဘာဝဆိုပေမယ့် သူဆော့ပုံက တစ်ခြားကလေးထက် ပိုလွန်းနေတယ်။ ဥပမာ- သူ့ညီမ အရုပ်တွေကို တစ်စစီဖြုတ်ပြီး ဗိုက်ထဲမှာ ဘာရှိမလဲ ဆိုပြီး ဗိုက်ခွဲကြည့်တာတို့၊ စက်ရုပ်တွေကို တစ်စစီဖြုတ်ပြီး အပိုင်းလိုက် တစ်ခြားကလေးကို ပြန်ရောင်းစားတာတို့၊ စတိုးဆိုင်ရောက်ရင် မော်ဒန်အရုပ်တွေရဲ့ အကျီင်္ကိုဆွဲပြီး ရင်ဘတ်ကို လိုက်ချောင်းကြည့်တာတို့ (မမီရင် ခုံခုကြည့်တတ်တယ်လို့) လုပ်တတ်တယ်လို့ အစ်မက ပြောပြပါတယ်။
တစ်ခါက အတန်းထဲက ကျောင်းသားအချင်းချင်း သူ့အဖေက ဘာလုပ်တယ်၊ ငါ့အဖေက ဘာကွ ပိုက်ဆံပိုရှိတယ်ဆိုပြီး ကလေးပီပီ အကြွားတွေပြိုင်ကြတော့ ဒီတူတော် စိုင်းလင်းထွန်းက "ငါအဖေက ပိုပိုက်ဆံရှိတယ်ကွ.. ငါ့အဖေက ဖာရောင်းဖာဝယ်လုပ်တယ်" လို့ ကြွားလုံးထုတ်လိုက်တယ်။ ဒါကို အတန်းပိုင်ဆရာမက သိတော့ စိုင်းလင်းထွန်းအဖေ ဘာလုပ်သလဲဆိုပြီး တအားစိတ်ဝင်စားခဲ့တယ်။ တစ်နေ့ ကျောင်းဆင်းချိန် အစ်မကလေးသွားကြိုတော့ ဆရာမက အစ်မကို မေးတော့တယ်။ ကလေးအဖေ ဘာလုပ်သလဲပေါ့။ အစ်မက ဆိုးလွန်းတဲ့သူ့သား တစ်ခုခု လုပ်ထားပြီဆိုတာသိလို့ ဆရာမကို ဘာဖြစ်လို့လဲလို့ ပြန်မေးလိုက်တယ်။ ဆရာမက ဒီလိုဒီလိုကြားထားပါတယ်ဆိုတော့ အစ်မမှာ ရီလိုက်တာ... တကယ်လည်း အစ်မယောက်ျားက ဖာရောင်းဖာဝယ်လုပ်ပါတယ်။ စက္ကူဖာတွေ လိုက်ဝယ်၊ လိုက်စုပြီး ပြန်ရောင်းတာပါ။ ဒါကို တူတော်က ကလေးပီပီ ကြွားချင်လွန်းပြီး အကြွားမတတ်တော့ လူကြီးတွေမှာ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။
အငယ်မက နန်းခမ်းဖူးဖူးလို့ ခေါ်တယ်။ နာမည်က အပျံစား.. နှာခေါင်းပြားပြား ကျွန်မနဲ့ဆင်လို့တဲ့ အစ်မက သူ့သမီးကို ရုပ်ဆိုးမလို့ အမြဲစတယ်။ ဒီတူမကို ဒီရောက်မှ ကျွန်မတွေ့ဖူးပေမယ့် သူ့အကြောင်းကို အစ်မပြောပြလို့ အရင်ကတည်းက သိရခဲ့တယ်။
အမေဆုံးတုန်းက အနားမှာ ကျွန်မမရှိခဲ့လို့ ဝေယျာဝိစ္စအားလုံး အစ်မပဲ ဒိုင်ခံလုပ်ခဲ့ရတယ်။ အစ်မပြောပြတာက အမေဆုံးတော့ အစ်မက အမေကို အဝတ်အစားလဲပေးဖို့ လိုက်ဝယ်ခဲ့တယ်။ အဲဒီတုန်းက ညကြီးဖြစ်နေလို့ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ဖွင့်တဲ့ဆိုင်မှာလဲ အမေနဲ့တော်တယ်ဆိုလို့ အပန်းရောင် အင်္ကျီတစ်ထည်ပဲ ကျန်ခဲ့တယ်။ နောက် နှုတ်ခမ်းနီဝယ်တော့လည်း အပန်းရောင်ပဲရခဲ့တယ်။ အဲလိုနဲ့ အမေကို သင်္ဂြိုလ်ပြီး ဆွမ်းတွေ ဘာတွေကျွေးပြီးနောက် အစ်မအိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်က ကျွန်မအမေလေ အထုပ်အပိုးနဲ့ အစ်မအိမ်ရှေ့မှာ လာရပ်နေပြီး ငါနင်တို့နဲ့အတူ နေမယ်ဆိုပြီး ရောက်လာခဲ့တယ်တဲ့။ အစ်မကလည်း နေပါဆိုပြီး ခွင့်ပြုလိုက်တယ်။ အဲဒီနောက် အစ်မ ဒီတူမ နန်းခမ်းဖူးဖူးကို ကိုယ်ဝန်ရှိလာခဲ့တယ်။
ဒီကလေး ကြီးလာတာနဲ့ သိတတ်တဲ့အရွယ်က စပြီး ဘာမဆို အပန်းရောင်ပဲ ကြိုက်တယ်လို့ အစ်မကပြောတယ်။ စကားပြောတတ်စကလည်း "ငါအိမ်ပြန်မယ်၊ ငါ့လယ်၊ ငါ့နွားတွေ ကြည့်မယ့်လူ မရှိဘူး" လို့ပဲ ပြောနေတတ်တယ်လို့ ပြောတယ်။ အမေများဝင်စားတာလားဆိုပြီး ဒီတူမကို ကျွန်မအရမ်းတွေ့ချင်ခဲ့မိတယ်။ အစ်မကိုလည်း ဒီကလေးရဲ့ ညာဖက်ခြေမက ခြေသည်းကွဲနေလားလို့ မေးရသေးတယ်။ အမေညာခြေမ ခြေသည်းက ကွဲနေလို့လေ။ တဖြေးဖြေး ကြီးလာတော့ အဲဒီအကြောင်းတွေ သိပ်မပြောတော့ပါဘူး။ အခုဆို တူမလေးက ၇ နှစ် ဒုတိယတန်း ရောက်နေပါပြီ။ မိန်းကလေးမို့လားမသိ သူ့အစ်ကိုလို မဆော့ပါဘူး။ ဒါကြောင့် ခြေမလည်း ကွဲမနေပါဘူး။
ကျွန်မအောက်က ညီမလေးမွေးတဲ့ သားနာမည်က ညီဖုန်းခ တဲ့။ အမေက အချစ်ဝတ္ထုတွေ အဖတ်များလို့လား မသိဘူး သားကိုပေးထားတဲ့နာမည်က လှန်ထွက်နေတယ်။ ဒီတူလေးက သနားဖို့ကောင်းတယ်။ ငယ်ငယ်လေးကတည်းက အမေ့ရင်ငွေ့နဲ့ မကြီးခဲ့ရဘူး။ သူ့အမေ ကျွန်မညီမက အိမ်မှာ အဆင်မပြေလို့ သူ ၂နှစ်ခွဲသားအရွယ်မှာ ညီမအငယ်နဲ့ ပစ်ထားခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ထွက်သွားခဲ့တယ်။ ဒါကြောင့် အမေ မေတ္တာငတ်နေတဲ့ ဒီကလေးက သူ့ကိုနည်းနည်း ပိုချစ်ပြ၊ ပိုဂရုစိုက်ပြ၊ ပိုချီးမွမ်းပေးရင် အရမ်းပျော်နေတတ်တယ်။
သူ ဒီအရွယ် (၇)နှစ်ရောက်မှ သူ့အမေကို တွေ့ခဲ့ရတယ်။ သူ့အမေကို မှတ်မိလားလို့မေးတော့ ပထမပိုင်းမှာ ဇဝေဇဝါပုံစံနဲ့ နောက်တော့ သွေးက စကားပြောတယ်ထင်ပါရဲ့ အမေ့မျက်ခုံးပေါ်က မှဲ့နက်ကြီးကို မှတ်မိတယ်လို့ ဖြေခဲ့တယ်။ အဲဒီနောက် သူ့အမေပေါင်ပေါ်က မဆင်းတော့ဘူး။ ရိုးသားတဲ့ ကလေးငယ်တွေလို့ဆိုပေမယ့် ဒီလိုအဖြစ်မျိုးနဲ့ ပတ်သက်လာရင် သူတို့ရင်ထဲမှာလည်း ဝမ်းနည်းခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ခံစားမိကြမှာပဲ။ အသက်အရွယ် ငယ်သေးလို့သာ ခံစားတာတွေကို သူတို့ထုတ်ဖော် မပြောတတ်ကြသေးတာပဲရှိမယ်။ တကယ်လို့ နောင်တစ်ချိန်မှာ မှတ်မိနေအုန်းမယ် ဆိုရင်တော့ ကျွန်မတို့လို ကဗျာ ဒါမှမဟုတ် စာအဖြစ် သူတို့ဆက်ခံစားကြအုန်းမှာပဲ။
(၅)နှစ် မပြည့်တတ်သေးတဲ့ ညီမအငယ်ဆုံးရဲ့ သမီးနာမည်က စောနဒီခမ်း ဖြစ်ပါတယ်။ ပအိုဝ့်စပ် အမေတူသမီးပါ။ အအိပ်မက်ပြီး စာအုပ်ဖတ်ကြိုက်တဲ့ သူ့အမေလို ဗလာစာအုပ် တစ်အုပ်များရရင် တစ်ယောက်ထဲ ရေးချင်တာရေးပြီး ဆိုချင်တာ ဆိုနေတတ်သူဖြစ်တယ်။ သူ့အမေက "မောင်လေးက ငယ်သေးတယ်။ ဘာမှ နားမလည်သေးဘူး။ မောင်လေးကို သနားတတ်ရမယ်နော်။ မောင်လေးရိုက်ရင် ပြန်မရိုက်ရဘူးနော်" လို့ မှာထားဖူးတော့ သူ့မောင်လေး အနိုင်ကျင့်သမျှ ငြိမ်ခံနေတတ်သူလဲဖြစ်တယ်။ ချစ်စရာကောင်းတဲ့အရွယ်မို့ သူတို့ဘယ်လိုပုံစံနေနေ ချစ်စရာကောင်းနေပါတယ်။
ညီမအငယ်ရဲ့ ၃နှစ်မပြည့်သေးတဲ့ သားအငယ်ဆုံးက ကျွန်မအချစ်ဆုံးပေါ့။ အိမ်အခေါ်က "မောင်းပေး" (ပအိုဝ့်လို လူကလေးလို့ အဓိပ္ပါယ် ရပါတယ်) ဖြစ်ပြီး ချူချာတဲ့အတွက် သူ့အဘွားက ခွန်ဆုံလို့ ပေးထားပါတယ်။ မွေးလာကတည်းက မကြာခဏ ဖျားနာတတ်သူဖြစ်ပြီး အဖျားကြီးရင် တက်သွားတဲ့အထိပါပဲ။ ကျွန်မ အိမ်ပြန်ရောက်တဲ့ညက စက်တင်ဘာ ၁၄ရက်နေ့ လမုန့်ကျွေးတဲ့ညပေါ့။ လမုန့်ကျွေးတယ်ဆိုတာ လကိုကန်တော့ပြီး တစ်အိမ်သားလုံး မိသားစု စုံညီ မုန့်စားကြတာပါ။ အဲဒီမှာ ဒီတူလေးက ကိုယ်အပူနည်းနည်းရှိနေတယ်။ ဒါကို ညီမငယ်က အမှုမဲ့အမှတ်မဲ့ ထားခဲ့တယ်။ ညရောက်တော့ တီဗွီကြည့်နေရင်း ကုတင်ပေါ်က ပြုတ်ကျပြီး တက်ပါလေရော..
ဒီလိုအဖြစ်မျိုးကို ပထမဆုံးကြုံဖူးတဲ့ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ တက်ခဲ့ဖူးတဲ့ ကြက်ခြေနီ ပြုစုနည်းကိုလည်း သတိမရတော့ဘူး။ ညီမငယ်ကတော့ ကျွန်မလိုဖြစ်မနေဘူး။ သူ့သားကို ကောက်ချီပြီး CPR လုပ်တော့တယ်။ ကလေးက ကုတင်ပေါ်ကလည်း ပြုတ်ကျထားတော့ တော်တော်နဲ့ သတိပြန်မလည်လာဘူး။ လက်တွေလဲ စုတ်ကုန်ပြီ၊ သွားတွေလဲ စေ့ကုန်ပြီ၊ အသားတွေလဲ ပြာကုန်ပြီ။ ကျွန်မကြောက်လိုက်တာ...... ရင်ဘတ်ကို ဖိဖိပေးမှ သတိပြန်လည်လာတော့တယ်။ သတိပြန်လည်လာတဲ့ တူလေးက အားကုန်ပြီး ပျော့ခွေနေပြီ။ မျက်တောင်ဖို့တောင် သူ့မှာ အားမရှိခဲ့ဘူး။ အသက်ကို လုလုရှုနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မ သနားလိုက်တာ..... ညတွင်းချင်းပဲ ဆရာဝန်ပြဖို့ တောင်ကြီးတက်ခဲ့ရတယ်။ အဲဒီညက မိသားစုစုံညီ လမုန့် မစားခဲ့ရပါဘူး။ တစ်ညလုံး ကျွန်မ ဒူးတွေ၊ လက်တွေ တုန်နေခဲ့တယ်။
နေကောင်းနေရင် မျောက်ရှုံးအောင် ဆော့တယ်။ အိမ်မှာ မွေးထားတဲ့ ကြောင်က သူ့အသံကြားတာနဲ့ ထွက်ပြေးတော့တာပဲ။ အမြီးပဲ လိုက်လိုက်ဆွဲလို့။
ခေါက်ဆွဲစားမယ်တဲ့.. ခွံကျွေးတော့လည်း မရဘူး။ တူနဲ့ သူကိုယ်တိုင်စားမယ်တဲ့။ ပအိုဝ့်သွေးပါလို့လား မသိ.. ပဲပုပ်ချက်ပါရင် ထမင်းအရမ်းစားတာ။ အစပ်တွေဆို ကြိုက်မှကြိုက်.. ခုလဲကြည့်ပါအုန်း မာမားချဉ်စပ်ကို အားရပါးရ စားနေလိုက်တာ အောက်ကိုတောင် မဖုံးနိုင် မဖိနိုင်တော့ဘူး.. ဟား..ဟားး)
သူ့ကို ဓာတ်ပုံရိုက်ပေးရင် အဲလို ပြုံး, ပြုံးနေတတ်တယ်။ မျက်နှာမြင် ချစ်ချင်ပါစေဆိုတဲ့ အစားထဲကပေါ့။ သူ့ကို အမြဲတမ်းကျန်းမာနေပါစေလို့ ဆုတောင်းလိုက်တယ်။
ကျွန်မရဲ့ငယ်ဘဝ တစ်ပိုင်းတစ်စမှာလည်း အဒေါ်တွေ ပါဝင်ခဲ့ပါတယ်။ နုနုယ်တဲ့ ကျွန်မမှတ်ဥာဏ်ထဲမှာ အဒေါ်ဆိုတာ ဆိုးတယ်၊ ကြမ်းတယ်၊ ဆင်းရဲတဲ့ ကျွန်မတို့ကို နှိမ်တယ်။ ဘယ်တော့မှ အကောင်း မမြင်ပေးဘူးဆိုတာပဲ ရှိခဲ့တယ်။ ကျွန်မကော? ဒီတူ၊ တူမလေးတွေရဲ့ မှတ်ဥာဏ်ထဲမှာ ဘယ်လိုအဒေါ်မျိုး ဖြစ်ခဲ့မလဲ? ကျွန်မကိုယ်တိုင်လဲ မပြောတတ်သေးဘူး.... သေချာတာတစ်ခုက ခုထိ ကျွန်မအပျိုကြီး ဖြစ်နေတာ သူတို့ကြောင့်ပဲလား မသိဘူး ...း(
နိုင်းနိုင်းစနေ
You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.