Monday, November 17, 2008

[ကြိုးမဲ့စွန်၏ ရင်ဖွင့်သံစဉ်များ] 1 New Entry: နေလွမ်းသူ ထံမှ ပေးစာတစ်စောင်

နေလွမ်းသူ ထံမှ ပေးစာတစ်စောင်

ဤဘလော့၏ မူလ ပိုင်ရှင်အစစ်ကြီးဖြစ်ပေသော နေလွမ်းသူမှာ မြန်မာပြည် ပြန်သွားကတည်းက ပေါ်မလာ အတော်ကြာ လုပ်နေလေရာ ကျွန်တော့်မှာ နေ့စဉ် ရက်ဆက် သူ့အား မေတ္တာကောင်းကောင်း ပို့နေမိလေသည်။ စာဖတ်သူ မိတ်ဆွေတို့က ပို့စ် အသစ်တင်ရန် နားပူနားဆာ လုပ်ကြလေတိုင်း ဘလော့ကို ပစ်ထားလေသော အဆိုပါ သကောင့်သားကိုသာ ပြေးပြေးပြီး ပိတ်ကန်လိုလှပေသည်။ သူကား ယောက်ျားချင်းတော့ ခပ်ပါးပါး ပေါ့ ဟူသည့် အတိုင်း ကျွန်တော့်ထံ သတင်းလေးတောင် အကြောင်းမကြားသည်မှာ ကြာလှပေပြီ။ ယခုတော့ ဘာစိတ်ကူးပေါက်သည် မသိ။ မေးလ် တစ်စောင်ပို့လိုက်လေသည်။ သတင်းပို့စာလိုလို၊ မေတ္တာစာလိုလို ဘာမှန်းမသိရသော ထိုစာအား နေလွမ်းသူ၏ ချစ်မိတ်ဆွေများလည်း ဝေငှ ခံစားနိုင်ရန် အလို့ငှာ တင်ပေးလိုက် ရပါသတည်း။

" ကိုဥာဏ်ရေ ကျွန်တော်တို့မြို့လေးမှာတော့ လျှပ်စစ်မီးတွေအမြဲရတယ်။ ခင်ဗျားတို့ ကျုပ်တို့ ကျောင်းသားဘဝကလို ဖယောင်းတိုင်တွေ ဘတ္ထရီအိုးတွေ အားကိုးစရာမလိုတာတော့ အမှန်ပဲဗျာ။ ဆိုင်ကယ်တွေတော့ တော်တော်သောင်းကျန်းတယ်။ မိုး ကတော့ အရင်လို ခေါင်ဆဲပဲပေါ့။ တောင်သူတွေ အခြေအနေ မလီကြဘူး။ ဟိုးအရှေ့ဘက်ဒေသက ကျောက်တွင်းတွေကြောင့် အဲဒီရွာကလူတွေ ထောတဲ့သူတွေထောကုန်ကြပြီ။ ရဲတွေ အခြေ အနေကောင်းသလိုပဲ။ အင်ကြင်းကျောက် လေဗျာ ကိုဥာဏ်တို့လည်း ကြားမှာပေါ့။ ဆိပ်လူးကန်ထန်းတောကို ရောက်တော့ ထန်းရေခါးအိုးတွေမြင်ပြီး အဟီးဟီး သတိရလိုက်တာ ကိုဥာဏ်ရာ ပြောမနေနဲ့။ ဂေါက်ကွင်း ကိုတော်တော်လေး ပြင်ဆင်ထားတယ်။ အံမယ် သူက ဟိုအရင်ကလို အလေ့ကျ မြက်မဟုတ်တော့ဘူး။ နိုင်ငံခြားဖြစ်မှ လူတွေအလေးထားလာကြ လို့လားမသိဘူး နိုင်ငံခြားမြက်တွေ စိုက် ရေတွေအမြဲပေးလို့။ ကျောက်လုံးကြီးအတက်ကနေ ဆင်းလာလာချင်း ဂေါက်ကွင်းကိုမြင်ပြီး သြတွေအံ့မိသွားတယ်။ မြို့အနောက်ထိပ်မှာလည်း များလိုက်တဲ့ ဓါတ်ဆီဆိုင်တွေဗျာ။

နာဂစ်ဖြစ်ခဲ့တဲ့ဒေသတွေလည်းရောက်ပါ့။ ရန်ကုန်-ပုသိမ် ကားလမ်းကြီးတော့ နာဂစ်ကို ပြန်လည် ထူထောင်ရေးအတွက် လိုသမျှပို့တဲ့ကားကြီးတွေကြောင့် ချိုင့်တွေထကုန်တာ။ အရင်က ရန်ကုန်-ပုသိမ်က ၄ နာရီဝန်းကျင်က အမလေးဗျာ ၉ နာရီလောက်မောင်းယူ ရတယ်။ ခါးတွေလည်းညောင်းလို့ ကားစီးရတာ။ အခုတော့ပြန်ပြင်နေပြီ။ လပွတ္တာက အောင်ချမ်းသာ ။ ၄ မိုင် အစရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေလည်း ပြန်ရုတ်သိမ်းသွားပြီ။ ကိုယ့်အိမ်လေးတွေ စားစရာတွေနဲ့ဖြစ်ကုန်ပြီ။ တန်ဖိုးနည်းအိမ်ယာလေးတွေ မိုက်တယ်ဗျ။

ဧရာဝတီတိုင်းမှာ စပါးခင်းတွေကောင်းလွန်းလို့။ စပါးဈေးတွေလည်း တော်တော်ကျတယ်။ ပုသိမ်ကနေ မြောင်းမြကို ဆိုင်ကယ်နဲ့ လစ်တာ။ မြောင်းမြကြိုးတံတားကြီးလည်း အရင်လို ပါပဲ။ မြစိမ်းတောင်ဆရာတော်ကြီး မေတ္တာကြောင့် မြောင်းမြမြို့ ဘာမှမဖြစ်တာလို့ ပြောကြ တာပဲ။ မော်ကျွန်း ဝန်းကျင်းကရွာတွေ၊ ဘိုကလေးဘက်ကရွာတွေ၊ လပွတ္တာခရိုင်ထဲက ရွာတွေနေရာခပ်များများ CDMA တွေက လယ်ကွင်းထဲ စပါးစိုက်နေရင်းကို ဖုန်းပြောနေကြ တာဗျာ။ ကျွန်တော်လည်း ပုသိမ်ရောက်တာနဲ့ (၀၉၈၅၅၉xxx ) လေးနဲ့မှ ဆက်သွယ်မှုဧရိယာ ပြင်ပ မရောက်တော့တာ။ ပိုးလောင်း ၊ ဟိုင်းကြီး တို့မှာလည်း စီဒီအမ်အေ တွေပြောလို့……. သြော် ပြောရဦးမယ် ဧရာဝတီတိုင်းမှာ အရင်က လပွတ္တာက မြောင်းမြခရိုင်လက်အောက်ခံလေ၊ အခု သူက လပွတ္တာခရိုင် ဆိုပြီး မော်လမြိုင်ကျွန်း၊ ဟိုင်းကြီး၊ပြင်စလူမြို့နယ်ခွဲ တွေနဲ့ အသစ်ဖွင့် ပစ်လိုက်ပြီ…ဆိုတော့ အနော်တို့ ဧရာဝတီတိုင်းမှာ ခရိုင် ၆ ခုဖြစ်သွားပြီဗျ။ ဟဲဟဲ

ပုသိမ် ဟာလဝါ လုပ်ငန်းတွေ အေးဆေး။ ပုသိမ်ထီးလေးတွေရော အရင်လိုလှဆဲပါဗျ။ မြောင်းမြ ဒေါ်ချိုမုန့်ဟင်းခါး လည်း ဥပုသ်နေ့တစ်ရက်ပဲ ဈေးပြင်ထွက်ရောင်းတယ်။ ကျန်ဈေးဖွင့်ရက် အတွင်းထဲမှာရောင်းတာပေါ့။ Overseaက မြန်မာတွေစားတဲ့ မြောင်းမြ ဒေါ်ချို အသင့်စား အထုပ်လေးတွေကတော့ ရန်ကုန် လက်ခွဲ ကနေထုတ်တာပေါ့ဗျာ။ ကိုဥာဏ်တို့ စားရအောင် မြောင်းမြပုဇွန်ချဉ် နဲ့ ဝက်အူချောင်းကို အိမ်တွေကိုပို့ပေးထားမယ်သိလား။ ( ယုံရခက်ကြီးပါကွယ် … (ကိုဥာဏ်(စက်မှု))…)

ဥာဏ်ကြီးရေ အချိန်မရလို့ ဒီလောက်ပဲ ရေးထားလိုက်ဦးမယ် နော…. တာ့တာဗျာ အားလုံးလိုအင်ဆန္ဒ ပြည့်ဝပြီး ကိုယ်စိတ်အေးချမ်းကြပါစေသား……………………………( နေလွမ်းသူ )"

You received this email because you are subscribed to the real_time feed for http://naylwanthu3.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.