Monday, November 17, 2008

[NYI LYNN SECK 18+ DEN] 2 New Entries: High Resolution Maps of Myanmar (7 States)

High Resolution Maps of Myanmar (7 States)

High Resolution Maps of Myanmar (7 States)


Kachin High Resolution Map




Kayah High Resolution Map




Karen High Resolution Map




Chin High Resolution Map




Mon High Resolution Map




Rakhine High Resolution Map




Shan High Resolution Map




Maps Dimension: 2048 x 2896
Size around (300K)

Creative Commons License

This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 3.0 Unported License.



ပထမ တင်ပေးလိုက်တဲ့ မြေပုံတွေမှာ လိုအပ်ချက်တွေ ရှိနေတာမို့ ပြန်ပြင်ထားပါတယ်။ အရင်ပုံတွေမှာ နာမည် ထင်ရှားတဲ့ မြို့တွေလောက်သာ ထည့်ထားခဲ့တော့ မပြည့်စုံပါဘူး။ ဒီတစ်ခေါက် ပုံတွေမှာတော့ တော်တော်လေး ပြည့်ပြည့်စုံစုံဖြစ်အောင် ဖြည့်ထားပါတယ်။ ပြည်ထဲရေးက ၂၀၀၈ ဖေဖော်ဝါရီ ရက်စွဲနဲ့ အတည်ပြုထားတဲ့ မြို့ရွာ စာရင်းထဲမှာ ပါတဲ့ မြို့နယ်၊ မြို့နယ်ခွဲတွေအထိ ထည့်ထားလိုက်တယ်။

ဒီမြေပုံတွေကို ကျွန်တော် အပင်ပန်းခံ ဆွဲထားတာ အကြောင်းရှိပါတယ်။ အရင် အင်တာနက်ပေါ်မှာ ရှိတဲ့ မြေပုံတွေက ရှုပ်ယှက်ခတ်နေတယ်။ ပြီးတော့ ဆိုဒ်သေးတယ်။ အခမဲ့ မဟုတ်ဘူး။ ဒီတော့ Research လုပ်သူတွေ၊ အကယ်ဒမစ်တွေ၊ ဝန်ထမ်းတွေအတွက် Plain Maps လေးတွေ ဆွဲမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီ Plain Map အပေါ်မှာ ကိုယ့်ပညာရပ်အလိုက် လိုအပ်တဲ့ ဒေတာတွေ အလွယ်တကူ ထည့်လို့ ရပါတယ်။ ဥပမာ သစ်တောကဆိုရင် မြန်မာပြည်မှာ ရှိတဲ့ သစ်တောတွေ တည်နေရာပေါ့၊ တကယ်လို့ လူဦးရေ ဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်တွေအလိုက် ကိန်းဂဏန်းလေးတွေ လိုက်ထည့်ရုံပေါ့။

ဒါပေမယ့် ဒီနေရာမှာ ချွင်းချက် တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဒီမြေပုံတွေဟာ အခမဲ့ ပေးထားတယ် ဆိုပေမယ့် Creative Common Lincese အရ စီးပွားရေးနဲ့ မပတ်သတ်တဲ့ နေရာတွေမှာသာ အသုံးပြုခွင့် ရှိပါတယ်။ ပြင်ခွင့် ရှိပါတယ်။ ဖြည့်စွက်ခွင့် ရှိပါတယ်။ ဖြန့်ဝေခွင့် ရှိပါတယ်။ စီးပွားရေးနဲ့ မပတ်သတ်တဲ့ ဘယ်နေရာမှာမဆို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ သူများ အပင်ပန်းခံ လုပ်ထားပြီး အခမဲ့ ပေးထားတာကိုတော့ လုပ်မစားပါနဲ့ အလွန်မုန်းပါတယ်။ ဒီပုံတွေကို ပြင်ဆင် မွမ်းမံပြီးရင်လည်း အခမဲ့ သုံးစွဲခွင့်၊ ဝေမျှခွင့်ပဲ ရှိပါတယ်။

မြေပုံမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဟိုဟာဒီဟာတွေ ထည့်မထားပါဘူး။ နယ်နိမိတ်၊ မြစ်ကြောင်းနဲ့၊ မြို့ တည်နေရာတွေပဲ ပါပါတယ်။ အထင်ကရ နေရာဆိုရင်တော့ သက်ဆိုင်ရာ အမှတ်အသား တစ်ခုခု ပြထားပါတယ်။ ဒီမြေပုံတွေထဲမှာ မှားနေတာ၊ လိုအပ်နေတာ ရှိခဲ့ရင် ထောက်ပြ အကြံပေးစေ လိုပါတယ်။ အခုကတော့ ပြည်နယ် ခုနစ်ခု ပုံပဲ တင်နိုင်ပါသေးတယ်။ တိုင်းတွေက ဆွဲနေဆဲပါ။ Mouse နဲ့ ဆွဲရတာက သိပ်အဆင်မပြေတာမို့ Wacom Tablet ဝယ်မလားလို့တော့ စဉ်းစားနေတယ်။ ပြောရရင်တော့ ဝယ်မယ် စဉ်းစားနေတာ ၃နှစ်လောက် ရှိပြီလေ။ :) ပျော်ရွှင်ပါစေ။


PS: အဆင်ပြေရင် တစ်ယောက်ယောက်က ဒီပုံလေးတွေကို .rar ဖိုင်တစ်ခု အနေနဲ့ စုပြီး တစ်နေရာရာမှာ တင်ထားပေးပါလားဗျာ။ တစ်စုတစ်ဝေးထဲ ယူလို့ရတာပေါ့။


ကဝါဘာတ



ကဝါဘာတ (Yasunari Kawabata) ကို ဂျွန်လ ၁၄ရက်၊ ၁၈၉၉ မှာ မွေးဖွားခဲ့တယ်။ ၁၉၆၈မှာ စာပေနိုဗယ်(လ်)ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံသား နာမည်ကျော် စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်စသိတာက ၂၀၀၄ ခုနှစ်ကျမှ ဖြစ်ပါတယ်။ မှတ်မှတ်ယယ ပုဂံဖိုရမ်မှာ သူရေးတဲ့ လက်တစ်ဖက် (One Arm) ဆိုတဲ့ ဝတ္ထုလေးကို အကိုကြီး ကိုရက်ကွန်ဒိုက်က တဝက်တပျက် မိတ်ဆက်ပေးခဲ့ရာက စပါတယ်။ သူတင်ပေးတဲ့ ဝတ္ထုဟာ အစလည်းမရှိ အဆုံးလည်း မရှိဘူးဆိုတာ မှတ်မိနေတယ်။ ဒါပေမယ့် ကျွန်တော် သိပ်စိတ်ဝင်စားခဲ့တယ်။ အဲဒီ ဝတ္ထုလေး ဖတ်မိတဲ့အချိန်မှာ ကျွန်တော်ဟာ ကြက်သီးတောင် ထမိတယ်။ အဲဒီကာလက ကျွန်တော်ဟာ စင်္ကာပူမှာ Art နဲ့ ပတ်သတ်ပြီး စာပေသီအိုရီတွေ၊ ပန်းချီသဘောတရားတွေကို သေအောင်လေ့လာနေရတဲ့ အချိန်လည်း ဖြစ်တော့ သူရေးထားတာကို ဖတ်လိုက်တာနဲ့ သူ့စာကို အတော်အတန် အကဲခတ်နိုင်ခဲ့တယ်။ 

ဒီဝတ္ထုကို ရေးသားတဲ့အချိန် ကြည့်လိုက်ပြန်တော့ ကျွန်တော်တို့ အာရှမှာ Surrealism သိပ်ခေတ်မစားသေးတဲ့အချိန် ဖြစ်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ဆရာကြီး ဦးခင်မောင်ရင်ရဲ့ နှမလက်လျော့ နေလေတော့ ဆိုတဲ့ ရုပ်ရှင်ကား ထွက်နေပြီနဲ့ တူပါတယ်။ ကံဆိုးချင်တော့ ဆရာကြီးရဲ့ ဂန္ထဝင်မြောက် ရုပ်ရှင်ကားဟာ အောင်မြင်မှု မရခဲ့ဘူး။ သူ့တန်ဖိုးကို သိတဲ့သူ သိပ်နည်းခဲ့ပြီး ဘာတွေရိုက်ပြမှန်း မသိဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ အဆုံးသတ်သွားခဲ့ရတယ်။ (စကားမစပ် အဲဒီ ဇာတ်ကား ဖလင်ထုပ် ရှိသေးလားလို့ ဆရာကြီးကို မေးခဲ့ဖူးတုန်းက လူတစ်ယောက်ဆီမှာ ရှိသေးတယ်လို့ သိရတယ်။ သိန်းသုံးဆယ်နဲ့ ဝယ်ထားတာဆိုလားပဲလို့ ဆရာကြီး ပြောတယ်။ ပိုက်ဆံတတ်နိုင်ခဲ့ရင် ဒီဇာတ်ကားကို ပြန်ဆေးကြောပြီး မြန်မာ့အနုပညာ သမိုင်းရဲ့ အထင်ကရ ဇာတ်ကား တစ်ခုအနေနဲ့ သိမ်းထားသင့်ပါတယ်) 

ကျွန်တော်ဟာ ဒီဝတ္ထုလေးကို စိတ်ဝင်စားတာနဲ့အမျှ စာရေးသူကိုပါ စိတ်ဝင်စားခဲ့တယ်။ သူ့အကြောင်းကို အင်တာနက်မှာ လိုက်လံ ရှာဖွေခဲ့တယ်။ ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်လောက်တုန်းက အခု ဒီနေ့လို Social Networking က အရမ်း ခေတ်စားသေးတာ မဟုတ်ပါဘူး။ က၀ါဘာတ အကြောင်းကို ဝီကီပိဒိယားမှာတောင် မတွေ့ခဲ့ဘူးထင်တယ်။ သတိရမိတာက သူနဲ့ ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ အချက်အလက် နည်းပါးနေသေးတယ် ဆိုတာပါပဲ။ သူရေးတဲ့ စာတွေ ဖတ်ချင်လို့ လိုက်ရှာလိုက်တာ ဂျပန် ဖိုရမ်တွေထဲလည်း ရောက်သွားခဲ့သေးတယ်။ ဂျပန်လို ရေးထားတာတွေ မဖတ်တတ်လို့ Babelfish နဲ့ ပြောင်းပြီး ဖတ်ကြည့်ရတယ်။ အင်္ဂလိပ် ဘာသာပြန် အီးဘွခ်တွေ လိုက်ရှာတယ်၊ မတွေ့ဘူး။ စင်္ကာပူ ကင်နိုကုနိယမှာ မွှေတယ်။ မတွေ့ဘူး။ ဒါနဲ့ အဲဒါလေးက ခိုးလိုးခုလု ရပ်တန့်နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ပေါ်လာတိုင်း သူနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို လိုက်ရှာကြည့်တယ်။ စာအုပ်ဟောင်း သမားတွေဆီမှာ လိုက်မေးတယ်။ 

ဒီလိုနဲ့ ပထမဆုံး ကျွန်တော် လက်ဝယ်ဖတ်ရတဲ့ စာအုပ်လေးက Snow Country လို့ခေါ်တဲ့ စာအုပ်လေး။ ဒီစာအုပ်ဟာ သူနိုဗယ်(လ်)ဆု ရစေခဲ့တဲ့ စာအုပ်သုံးအုပ်ထဲက တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ကျွန်တော့် ညီမလေးရဲ့ သူငယ်ချင်း ဂျပန်နိုင်ငံမှာ စာသင်နေတဲ့ မိုမိုက လက်ဆောင်ပေးတယ်။ ပြောရရင်တော့ ဒီစာအုပ်ဟာ ဝတ္ထုလတ် အမျိုးအစားလို့ ပြောလို့ရပါတယ်။ သိပ်အရှည်ကြီးလည်း မဟုတ်ဘူး။ ဘာသာပြန်သူကလည်း ကောင်းတာမို့ ကျွန်တော် တစ်ရက်ထဲနဲ့ အပြတ် ဖတ်ပစ်လိုက်တယ်။ နားမလည်တာတွေ ကျော်သွားတယ်။ ကျွန်တော်ဟာ သူ့ Art Sense ကို ရနေတာမို့ တချို့ဟာတွေမှာ ဘာသာစကား နားမလည်တာတောင် သူဆိုလိုချင်တာကို ကျွန်တော် ရနေခဲ့တယ်။ မရှေးမနှောင်းမှာပဲ ကျွန်တော် ကဝါဘာတ လိုက်ရှာနေတာသိတဲ့ စာအုပ်အဟောင်းသမား တစ်ဦးက အဲဒီ Snow Country ကို မြန်မာပြန်ထားတဲ့ ဆရာ နန္ဒသူရဲ့ နှင်းပွင့်တိုင်းပြည် ဆိုတဲ့ စာအုပ်လေး လာပေးတယ်။ ကျွန်တော့်မှာ ဝမ်းသာလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်အထိ "လက်တစ်ဖက်" ကို ကျွန်တော် မဖတ်ရသေးတာမို့ ဘဝင်က မကျနိုင်သေးဘူး။ ဟိုလူနဲ့ ရှာခိုင်းလိုက် ဒီလူနဲ့ ရှာခိုင်းလိုက်နဲ့ လည်နေခဲ့တယ်။ ဒီလိုနဲ့ ဒီနေ့တော့ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝလာခဲ့တယ်။ 

ဒီနေ့မနက် အဲဒီစာအုပ်လေး ရလာတော့ ပျော်လိုက်တာဆိုတာ။ ပါဆယ်ထုတ်လေးကို ဖောက်လိုက်တာနဲ့ ကျွန်တော် အနှစ်သက်ဆုံး ပန်းချီဆရာ Gustav Klimt ရဲ့ Wasserschlange ဆိုတဲ့ ပုံလေးကို မြင်လိုက်ရရင်ပဲ စာအုပ်ဒီဇိုင်းဆရာဟာ တော်လိုက်တာလို့ စိတ်ထဲက ချီးမွမ်းလိုက်မိတယ်။ ဟုတ်တယ်။ ကဝါဘာတရဲ့ စာတွေနဲ့ Klimt ပုံတွေနဲ့က သိပ်လိုက်ဖက်တယ်။ ဒီစာအုပ်ထဲမှာ ဝတ္ထု သုံးပုဒ်ပါတယ်။ 

  • House of the Sleeping Beauties 
  • One Arm
  • Of Birds and Beasts

စာအုပ် အချီးရေးသူကတော့ House of the Sleeping Beauties ကိုအရမ်း အမွှန်းတင်ထားတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့် အချစ်ဦး One Arm ကို စဖတ်တယ်။ တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ ကျွန်တော့် မျက်လုံးထဲမှာ မြင်ယောင်လာတဲ့အထိ။ ဇာတ်လမ်းက ဆာရီရယ်လ်ပါ။ ကောင်မလေးတစ်ယောက် သူမရဲ့ ညာဘက်လက်ကို လက်မောင်းရင်းကနေ ဖြုတ်ပြီး အိမ်ကို လက်ဆောင်ပေးလိုက်တဲ့ အကြောင်းလေးပါပဲ။ ဒါကို အစအဆုံး သေသေချာချာ ဖတ်ပြီးတဲ့ အချိန်မှာတော့ ကျွန်တော့် မသိစိတ်မှာ ဒီဝတ္ထု အပိုင်းအစလေး ဘယ်လောက်တောင် စူးနစ်ဝင်နေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် အိုင်ဒီယာ မဂ္ဂဇင်းမှာ ရေးခဲ့ဖူးတဲ့ (အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်) ဆိုတဲ့ ဝတ္ထုလေးဟာ တကယ်တော့ ဒီစွဲလမ်းမှုရဲ့ အကျိုးဆက်ပဲဆိုတာ ကိုယ့်ကိုကိုယ် သိလိုက်ပါတော့တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် အရမ်းပဲ စိတ်ကျေနပ် သွားခဲ့ရတယ်။ နောင်တချိန် ကျွန်တော် အတ္ထုပ္ပတ္တိ ရေးတဲ့အခါ ဒီဝတ္ထုလေးကို ကဝါဘာတရဲ့ လက်တစ်ဖက် လွှမ်းမိုးမှုနဲ့ ရေးခဲ့တာလို့ ရေးဖို့ အချက်တစ်ချက် ခိုင်ခိုင်မာမာ ရသွားခဲ့ပြီ။ ကျွန်တော် နောက်နှစ်ပုဒ်ကို ဆက်မဖတ်သေးပါဘူး။ ဒီဖီလင်လေးကို အမှတ်တရ ထိန်းထားလိုက်ဦးမယ်။ လောလောဆယ် ကျွန်တော် ဝတ္ထုတစ်ပုဒ်လောက် သိပ်ရေးချင်နေမိတယ်။ ခေါင်းထဲမှာ စကားလုံးတွေ ခုန်ပေါက်နေတယ်။ ဒါပေမယ့် ကျွန်တော် မရေးနိုင်သေးပါဘူး။ အလုပ်တွေ လုပ်ရဦးမယ်လေ။ 

ဒီစာအုပ်လေး တကူးတကရှာပြီး လက်ဆောင်ပေးခဲ့တဲ့ အမ မဖြူအိသိမ်းကို အရမ်းအရမ်းပဲ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ကဝါဘာတကို စပြီး မိတ်ဆက်ပေးခဲ့တဲ့ ကိုဒိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ (ကိုဒိုက်ကို အွန်လိုင်းမှာ မတွေ့ရတာ အတော်ကြာခဲ့ပြီ)။ ကဝါဘာတရဲ့ စာအုပ်တွေကို Amazon[Link]မှာ ကြည့်လို့ရပါတယ်။  နောက်ပိုင်း အချိန်ရရင်လည်း ဒီဝတ္ထုလေးတွေ အကြောင်းကို ကျွန်တော် ခံစားမိသမျှ ရေးသားပါဦးမယ်။ လောလောဆယ်တော့ ညာလက်မောင်းလေး တစ်ဖက်နဲ့ ကျွန်တော် အိပ်စက်တော့မယ်။ 



You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.