Thursday, November 20, 2008

[သက်ဝေ] 1 New Entry: ထိုနောင်တ

ထိုနောင်တ

ဟိုး ငယ်ရွယ်စဉ် သူငယ်ချင်း ဘ၀ ကထဲက ရင်းနှီး ခင်မင်ခဲ့ရသော သူမကို အချိန်တွေ ရှည်ကြာလာသည်နှင့်အမျှ ရင်ထဲက နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်ခင် စုံမက်ခဲ့သော်လည်း ရှင်းပြရခက်ခဲလှသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော နှလုံးသား တံခါးကိုပိတ်၊ ကြေငြာခဲ့ပြီးသော အချစ်စိတ်တို့ ကို မြိုသိပ်ကာ သူမ အပါအ၀င် သူငယ်ချင်းတစ်စုတို့ နှင့် ဝေးဝေးကို ဖယ်ခွာရှောင်ရှားကာ တစ်ယောက်တည်း အထီးကျန် ဆန်လှသော၊ ပျင်းရိငြီးငွေ့  ဖွယ် ကောင်းလှသော… နေ့ ပေါင်း ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာကို အလုပ်ထဲတွင် အချိန်ပြည့် ခေါင်းစိုက်ရင်း ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ… ထိုတစ်နေ့ အထိ…။

ထိုတစ်နေ့ …
သူမနှင့် မတွေ့ ခင် ထိုနေ့ မနက်အထိ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် လုပ်ရပ်အပေါ် တွင် စိုးစဉ်းမျှ သံသယမရှိ၊ နောင်တဆို၍ အမှုန်တစ်စမျှပင်မရှိ၊ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ရှိနေခဲ့ကြောင်းကို သူ ရဲရဲကြီး သစ္စာဆိုဝံ့ပါသည်။ ထိုတစ်နေ့ အထိပေါ့လေ..

*****

သူမကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆိုပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော ထိုအချစ်တို့ ကို ပြန်လည် ရုပ်သိမ်းပါသည်ဟု (ရင်ထဲမှာ မောပန်း ဆို့ နင့် ကြေကွဲနေသော်လည်း) ပေါ့ပေါ့ဆဆ ဟန်ပန် အမူအရာမျိုးဖြင့် သူမကို စိမ်းကားခဲ့ပါသည်။ မယုံကြည်နိုင်သော၊ အံ့သြနေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းကလေးများကို ရယ်မောချင်ယောင်ဆောင် ဥပက္ခာပြုရင်း… ထိုနေ့ က ကိုယ့်ဘ၀ကို ကိုယ် နာကျည်း ၀မ်းနည်း ကြေကွဲစိတ်တို့ ဖြင့် ဘယ်သူမှမသိအောင် တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုခဲ့မိပါသည်။ အကြောင်းသိ ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်စုတို့ ၏ နားမလည်နိုင်လွန်းသော အကြည့်များ၊ အပြစ်တင်စွပ်စွဲသံများ၊ ကဲ့ရဲ့  ရှုံ့ ချသံများ... အားလုံးကို ဘာမှ ဖြေရှင်းချက် မပေးတော့ဘဲ… အားလုံးကို ကျောခိုင်း… အားလုံးနှင့် ဝေးရာ… အဝေးဆုံးနေရာ တစ်ခုသို့ …။

သူမနှင့်ဝေးရာမှာ နေထိုင်ရင်း သူမကို သတိရ လွမ်းဆွတ်မိသည့် အချိန်တွေတိုင်းမှာ ထို အလွမ်းစိတ်တို့ ကို ဖြေဖျောက်နိုင်ရန် စိတ်၏ တစ်ခုတည်းသော ထွက်ပေါက်အနေဖြင့် အလုပ်များကို လောဘတကြီး ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ ဟိုမှ သည်မှ၊ သူငယ်ချင်း အချို့  ထံမှ တစ်စွန်းတစ်စ ကြားသိရတတ်သော သူမ၏ သတင်းများကို ကြားချင်သော်လည်း မကြားချင်၊ သိချင်သော်လည်း မသိချင်၊ သူမလေးကို မြင်ချင်သော်လည်း မမြင်ရဲ၊ တွေ့ ဖို့  အခွင့်အရေးရှိနေပါသော်လည်း မတွေ့ ရဲဖြင့် အစစ အရာရာကို ထိန်းချုပ်ကာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အချိန်များကို ကုန်လွန်စေခဲ့ပါသည်။ သေသေချာချာ ပြန်တွက်ကြည့်ရလျှင် ကုန်လွန်ခဲ့သော အချိန်များမှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့လေပြီ။ သူ့ ကိုယ်သူ ထူးဆန်းစွာ အံ့သြခဲ့သည်မှာ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းလာရင်း မကြာခဏ တွေ့ မြင် ကြုံဆုံရတတ်သော မိန်းကလေးငယ်များ၊ လွယ်လင့်တကူ ကြည်ဖြူ လိုက်လျောကြမည့် မိန်းကလေးငယ်များ အပေါ်တွင် နည်းနည်းလေးမျှ စိတ်မ၀င်စား စိတ်မကစားမိခြင်းပင်…။

*****

ကိုယ်တိုင်ရွေးချယ်ခဲ့သော လမ်းကို တည့်တည့်မတ်မတ် လျှောက်လှမ်းခဲ့သောကြောင့် ရင်းနှီးပေးဆပ်ခဲ့သော အချိန်ကာလများ၊ ကြိုးစားမှုများ၏ အကျိုးကို ချိုမြိန်စွာ စားသုံးနေရသော အချိန်တွင် အရာရာ အတန်အသင့် ပြည့်စုံသည့် ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဟု ယူဆကာ စိတ်အစဉ်တို့ သည် ဟိုး အဝေး ကာလတစ်ခုဆီက သူမလေးဆီသို့  လွင့်မျော….။ သူ့ ကို နာကျည်းနေမည်ဟု ယူဆရသော သူမကလေး… သူ့ နှလုံးသားကို အချိန်ပြည့် လွှမ်းမိုးနေခဲ့သော.. အချိန်တိုင်း ဘယ်တော့မှ မေ့မရခဲ့သော သူမလေး…။ သူ၏ စိတ်ကူးအိပ်မက်တို့ သည်… အနည်းငယ် အဓိပ္ပါယ်ရှိလာ…။ အို.. ဘာဘဲဖြစ်ဖြစ် အမှားတွေကို ခွင့်လွှတ်ဖို့ ဆိုတာ ကိုယ်က အရင် တောင်းပန်ကြည့်ဖို့ တော့ လိုမှာပေါ့လေ…။

သူမနှင့် သူ၏ ဆက်စပ် ပတ်သက်ခဲ့သော အနေအထားကို ဟိုး ကကြီးမှသည် အ အထိ အစ အဆုံးသိနေခဲ့သော ငယ်သူငယ်ချင်း တစ်ယောက်နှင့်အတူ သူမကို သူ သွားရောက်တွေ့ ဆုံရန် ကြိုးစားခဲ့ပါသည်။ သာယာလှပသော ပြာလွင်သော မိုးကောင်းကင်ကြီး အောက်တွင် ရင်ခုန် လှိုက်မောဖွယ်ကောင်းလှစွာဖြင့် သူမကို သူ တွေ့ ခွင့်ရခဲ့ပါသည်။ ဆယ်နှစ်တာကာလအတွင်း ဘာမှထူးထူးခြားခြား မပြောင်းလဲဘဲ ဟိုးငယ်ငယ်တုန်းကလို နုနယ်ပျိုမြစ်၍ လှပနေသော၊ ချစ်စရာကောင်းသော၊ အေးချမ်းသိမ်မွေ့ ဆဲဖြစ်သော သူမကို သူ အံ့သြတကြီး ငေးကြည့်နေမိပါသည်။ သို့ သော်… သူမ ဘ၀၏ အကြီးမားဆုံး ပြောင်းလဲမှုကို သူမကိုယ်တိုင် ဖွင့်ဟ ပြောဆို လာသောအခါ… ။

ထိုနေ့ က သူမအတွက်.. တိတိကျကျပြောရလျှင် သူ၏ တွေဝေခဲ့မှု နှင့် အစားထိုးမရသော ကုန်လွန်ခဲ့ချိန် များစွာတို့ အတွက် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တ အနည်းငယ် ရခဲ့မိပါသည်…။ သို့ သော် ထိုနောင်တတို့ ကို မာနတရားတို့ ဖြင့် ဖုံးလွှမ်းဖို့  ကြိုးစားရင်း သူမရှေ့ တွင် ဘာမှမဖြစ်လေဟန် ကောင်းကောင်း ဟန်ဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်ပိုင်းလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံးဖြစ်နေရင်း…။

*****

ထိုတစ်နေ့ …
ထိုတစ်နေ့ …
ထိုနေ့ က သူမနှင့် ဒုတိယအကြိမ်အဖြစ် တွေ့ ဆုံရန် အကြောင်းဖန်လာပါသည်။ ဒုတိယအကြိမ် ဆုံတွေ့ ရချိန်သည် ပထမအကြိမ်နှင့် ဆယ်စုနှစ် တစ်ခုနီးပါး ကွာခြားခဲ့ပြန်ပါသည်။

သူမ…
သက်တူ ရွယ်တူ သူငယ်ချင်းများစွာတို့ ကြားတွင် ဘာမှပြောင်းလဲသွားသည်ဟု မထင်ရသော သူမ…။ သူမကို ချစ်ခင်ကြင်နာသော အိမ်ထောင်ဖက်နှင့်အတူ… ချစ်စဖွယ် စကားတွေ တီတီတာတာ ဆိုတတ်နေသော သားကလေး တစ်ယောက်နှင့်အတူ… သာယာ ချမ်းမြေ့သော မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သော သူမ…။ ဟိုးအရင်တုန်းကလို နုနယ်ပျိုမြစ်ခြင်းများ အပြည့်ဖြင့် လှပနေဆဲ သူမ…။ ဘ၀ကို စိတ်အေး ချမ်းမြေ့စွာ ဖြတ်သန်းခဲ့ရသော သူမ…။

ထိန်းချုပ်လို့ မရ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသော ကိုယ့်ရဲ့ စိတ်အစဉ်တွေသည်…
ရေခဲတမျှ အေးစက်နေသော ကိုယ့်ရဲ့ ခြေဖျား လက်ဖျားတွေသည်…
ခန္ဒာကိုယ် နေရာအနှံ့ မှာ တဒိတ်ဒိတ်ခုန်တိုးနေသော ကိုယ့်ရဲ့  နှလုံးသွေး တွေသည်…
နောက်ဆုံးမှာတော့ မျက်ဝန်းထဲမှ မျက်ရည်ကြည်များအဖြစ်သို့  ကူးပြောင်းခါနီးဆဲဆဲ…

ကြည်ကြည်လင်လင် ရယ်မောနှုတ်ဆက်နေသော သူမကို ပြန်လည်နှုတ်ဆက်ရန် ကြိုးစားပမ်းစား ကိုယ်အားယူနေဆဲမှာေ၀၀ါးသွားသော မြင်ကွင်းကြောင့်... အို.. ကိုယ့်ရဲ့  နောင်တတွေ အတ္တတွေ လွှမ်းမိုးနေတဲ့ မျက်ရည်တွေကို သူမလေး ရိပ်မိသွားမှာ စိုးလှပါသည်…။

အဆုံးမှာတော့…
နှစ်ပေါင်းများစွာ ကြာရှည်အောင် သော့ခတ် သိမ်းဆည်းထားခဲ့သော ကိုယ့်ရဲ့  နှလုံးခုန်သံကို ကိုယ်တိုင် မယုံကြည်နိုင်စွာဖြင့်… အပြင်ပန်းက ကြည့်လျှင် အစစအရာရာ ပြည့်စုံသည်ဟု ဆိုနိုင်သော်ငြားလည်း ရုပ်ဝတ္ထုအားဖြင့်သာ ပြည့်စုံပြီး အဖက်ဖက်က လိုအပ်ချက်ပေါင်း များစွာဖြင့် ကိုယ့်ရဲ့ အေးစက်စက် အထီးကျန် ဘ၀ကို ကိုယ်တိုင်ကြေကွဲစွာ… ။
ခိုင်မာသော ဆုံးဖြတ်ချက်တွေနှင့်အတူ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်း ခဲ့သော ကိုယ့်ဘ၀လမ်းကလေးမှာ သံသယတွေ၊ နောင်တ တရားတွေ ဖြင့် ပြည့်နှက်… ပြန်လည် ပြင်ဆင်ခွင့် မရှိတော့သော ဘ၀များ…။
ဘာနဲ့ မှ လိုက်လို့  မမှီနိုင်အောင် နောက်ကျခဲ့ပြီဖြစ်သော အချိန်ကာလများ… ပြန်လည်ဆုံဆည်းခွင့်ကို ဆု အဖြစ်တောင် တောင်းယူ၍ မရနိုင်တော့သော ကိုယ့်အဖြစ်ကို ကိုယ်တိုင် နာကျင် နာကျည်းစွာဖြင့်…။
သက်ပြင်းတွေကို အခါခါချရင်း တွေ့ ဆုံချိန်တွေကို အတတ်နိုင်ဆုံး ဆွဲဆန့် ထားလိုက် ချင်သော်လည်း လူ့ ဘ၀၏ နိယာမတွေအရ အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ ကိုယ့်ရဲ့  ပြန်ပြင်မရသော မှားယွင်းမှုတွေနဲ့ အတူ နောင်မှရသော နောင်တတရားတွေ၊ ယူကျုံးမရ စိတ်တွေ ရင်ထဲမှာ အပြည့်အနှက်ဖြင့်…။

*****

သူမကို ဘ၀တသက်လုံး ဘယ်တော့မှ မေ့လို့ မရနိုင်သော်လည်း ကိုယ်တိုင် ရွေးချယ်မှုနှင့် ဖြတ်တောက်ခဲ့ပြီးသော ကြိုးတစ်စ… ပြန်လည်၍ ဆက်သွယ် ထုံးနှောင်ရန်လည်း အခွင့်အရေးက မရှိတော့ပြီ… သူ့ အတိုင်းသာ ရှိပါစေတော့.. ။ သူမ ဘ၀ကလေး အစဉ်အမြဲ လှပ ပျော်ရွှင်စေနိုင်ရန် သူမ၏ စိတ်ကလေး အစဉ်သဖြင့် အေးချမ်း ပြည့်စုံစေနိုင်ရန် ဆုတောင်းပေးရုံမှတပါး….။

စာကြွင်း ။ ။ ဒီသီချင်းလေးနဲ့  အတူတူ နားထောင်ရင်း ဖတ်ကြည့်ပါနော်…။
အေးချမ်းမေ - ဇာတ်ဆရာ အလိုကျ


You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.