Thursday, November 20, 2008

[ဒေါင်းမာန်ဟုန်] 3 New Entries: NLD(LA-Japan Branch)မှ အမျိုးသားအောင်ပွဲနေ့ကျင်းပမည်

NLD(LA-Japan Branch)မှ အမျိုးသားအောင်ပွဲနေ့ကျင်းပမည်

တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီ"

(သတင်းစာဆရာကြီး ဦးဝင်းတင်)

ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၆ ရက် ၂၀၀၈ ညပိုင်းအစီအစဉ်

မြန်မာစစ်အစိုးရဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြောဆိုထားပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုလို ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာဟာ ဘယ်လို သဘောပါလဲ။ မကြာခင်က ထောင်က လွတ်မြောက်ခဲ့တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

- အတိုက်အခံတွေအပေါ် အစိုးရကထားတဲ့သဘောထားဟာ အရင်က အခြေအနေထက် ပိုပြီးတော့ ဆိုးလာနေ ပါပြီလားခင်ဗျ။

"သိပ်ဆိုးတာပေါ့၊ သာမန်အားဖြင့်ဆိုရင် လူသတ်မှုတောင်မှ အနှစ် ၂၀ လောက်ပဲချတဲ့ဟာကို အခုဟာက ဒီကျောင်းသားလူငယ်တွေက အများဆုံး သူတို့ကို အပြစ်တင်နိုင်တဲ့ လက်ညှိုးထိုးစရာဆိုတာက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်းတို့ ဘာတို့ ဒီလို ပြဿနာတွေပေါ်မှာတည်ပြီးတော့ ငြိမ်းချမ်းစွာ သူတို့ရဲ့ဆန္ဒကို ဆန္ဒပြခြင်း ဒါသာလျှင် ထောက်ပြနိုင်တာပေါ့။ ကျန်တဲ့ အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ဆိုတာတွေက ရှင်းရှင်းပြောရရင် ဒါ နိုင်ငံရေးသမားကို ဒီလိုဟာမျိုးနဲ့ ပုဒ်မတောင် တပ်စရာမလိုတဲ့ ဟာတွေကို လုပ်တာ။ တိုင်းပြည်အတွက် အလွန်အဖိုးတန်တဲ့ ခေါင်းဆောင်မှုအတွေ့အကြုံတွေရှိတယ်၊ စည်းရုံးမှု အတွေ့အကြုံတွေရှိတယ်၊ လှုပ်ရှားနိုင်တဲ့ လှုပ်ရှားမှုအတွေ့အကြုံတွေရှိတယ်။ ဒီလောက်အဖိုးတန်တဲ့ လူငယ်တွေကို အခုလို နှစ်ရှည်လများ ချတယ်ဆိုတာဟာ ဘာနဲ့တူလဲဆိုရင် ဗမာပြည်ရဲ့အနာဂတ်နိုင်ငံရေးရဲ့ ခေါင်းဆောင်မှုကို သားကြောဖြတ်ပစ်တဲ့ သဘောကို ဆောင်နေတယ်"

- ဟုတ်ကဲ့ပါဆရာ၊ ဆရာတို့အန်အယ်လ်ဒီပါတီကလည်း စေ့စပ်ဆွေးနွေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာ တယ်။ ကျောင်းသားခေါင်းဆောင်တွေကလည်း ဆွေးနွေးရေးကို ထပ်ပြီးတော့ တင်ပါတယ်၊ ဒါပေမယ့် အစိုးရဘက်ကသဘောထားက အခုလို ဖိနှိပ်ဖို့ကိုပဲ ရည်ရွယ်နေတယ် ဦးတည်နေတယ်ဆိုတော့ ဆွေးနွေးရေး လမ်းကြောင်းက မျှော်လင့်ချက် ရှိပါဦးမလားခင်ဗျ။

"ဆွေးနွေးပွဲလမ်းကြောင်းဆိုတာက ၁/၉၀ ကြေညာထားတဲ့အချိန်ထိကတော့ ဆွေးနွေးပွဲလမ်းကြောင်း ရှိတယ်လို့ ပြောလို့ရတယ်။ အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်ခေါ်ပေးမယ်၊ ပြီးတော့ လွှတ်တော်ကပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ Constitution တွေ ဆွဲနိုင်တယ်။ ဆိုတဲ့အခါကျတော့ ၁/၉၀ အရကတော့ Dialogue က လမ်းပွင့်နေတာဗျ၊ သဘောတရားအရဖြင့်ပြောတာပေါ့။ ၂၀၀၃ ခုနှစ် Road Map ဆိုတာ ပေါ်တဲ့အချိန်ကစပြီးတော့ အမှန်အတိုင်းပြောရရင် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီခင်ဗျ"


- တခုလောက် ဖြတ်မေးပါရစေဆရာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားပြီ မရှိတော့ဘူးဆိုရင် နိုင်ငံရေး ထွက်ပေါက်အားလုံးက ပိတ်သွားပြီလား၊ ဘာဆက်လုပ်လို့ရမလဲဆရာ။


"ဒါ သဘောတရားအားဖြင့်ကို ကျနော်ပြောနေတာ၊ ပိတ်တယ်ဆိုတာ။ သူတို့ဘက်တော့ သူတို့ပြောဖို့ အနေအထား ရှိနေတယ်။ ကမ္ဘာကလည်း သိတယ်လို့ မယူဆဘူး။ ဒါကြောင့်မို့ ယူအန်တို့ဘာတို့ဆိုရင် အခုရက်ပိုင်းအတွင်းမှာ ဆိုလို့ရှိရင် တရုတ် အပါအဝင် အီးယူ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲလုပ်ပါဆိုတဲ့အသံတွေ ပိုပြီးတော့ မြင့်မားလာ တယ် ခင်ဗျ၊ ဒေါ်စု အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပါ။ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပါ ဆိုတဲ့ လမ်းတွေကလည်း အခုထိ ရှင်သန်နေတုန်းပဲ။ အဲတော့ ခုနပြောတဲ့ဟာတွေက ကျနော်ပြောတာ သဘောတရားအားဖြင့်တော့ ပိတ်နေပြီ၊ ကျနော်တို့ဘက်တော့ တွေ့နေတယ်၊ တွေ့တိုင်းလည်း ဆက်တောင်း ဆိုမယ်၊ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဒါတွေ ရှိသမျှ ပြဿနာတွေအားလုံး ဆွေးနွေးမယ်ဆိုပြီးတော့ တွေ့ဆုံဆွေးနွေးရင်းနဲ့ နိုင်ငံရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာမှ မဖြစ်တော့ဘူးဆိုရင် ကျန်တဲ့ကိစ္စတွေလည်း မဖြစ်တော့ဘူးပေါ့"

- အခု ဒီ ကျောင်းသားခေါင်းဆောင်တွေကို ဘယ်လိုစိုးရိမ်ပူပန်မှုမျိုးကြောင့် ဒီလောက်ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချမှတ်တာလို့ ဆရာအနေနဲ့ မြင်သလဲခင်ဗျ။

"ခြိမ်းခြောက်တာပေါ့ခင်ဗျာ၊ ခြောက်လှန့်တာပေါ့ဗျာ၊ နိုင်ငံရေးလောကတခုလုံးကို ခြိမ်းခြောက်မှုပဲ သို့မဟုတ်ရင် လည်း တိုင်းသူပြည်သားများ တရပ်လုံးပေါ်မှာလည်း တမင်ခြောက်လှန်မှုပဲလို့ ကျနော်ကတော့ အဲလိုယူဆပါ တယ်"

- ဆရာအခုပြောသလိုပေါ့နော်၊ ခြိမ်းခြောက်မှုတွေ ဒီလို ဖိနှိပ်မှုတွေရဲ့အောက်မှာလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အခြေအနေကရော၊ ဒီရွေးကောက်ပွဲအပေါ်မှာ လူတွေရဲ့ လေးစားယုံကြည်မှုက ဒီဖိနှိပ်မှုတွေကြောင့် ရုတ်လျော့ မသွားနိုင်ဘူးလား ဆရာ။

"ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်စိတ်ချရမှုတွေ ရှိအောင်လုပ်ဖို့ကတော့ ကျနော်တို့ တာဝန်မဟုတ်ဘူး၊ သူတို့ တာဝန်ပဲခင်ဗျ။ ကျနော်တို့ကတော့ ဘယ်လိုလဲဆိုတော့ Dialogue တွေမရှိဘူး။ Dialogue လုပ်တဲ့ အဆင့်ထိမှ လမ်းဖွင့်မပေးဘူး၊ Dialogue လမ်းကို ပိတ်မယ်ဆိုရင်တော့ ကျနော်တို့က ရွေးကောက်ပွဲကို လုံးဝ မစဉ်းစားဘူး ခင်ဗျ"


သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ထောင်ဒဏ် ၁၂ နှစ် ကျခံရ

နယူးဒေလီ။ ။ ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးတွင် ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား ယမန်နေ့က အင်းစိန်ထောင် အထူးတရားရုံးတခုမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။

သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် အင်းစိန်ထောင်တွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ယခုလို ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အာဏာပိုင်များက သူ့အား လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅ (ခ)၊ သာသနာ ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့်

မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲထားသည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က စစ်လုံခြုံရေး တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

အဖမ်းအဆီးမခံခင်က သူသည် ဆန္ဒပြပွဲနှင့် နအဖ စစ်အစိုးရမှ နောက်ဆက်တွဲ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့်အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။

အလားတူ ယမန်နေ့က အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသအား ပုဒ်မ ၁၇ (၂၀)၊ ၁၇ (၁) နှင့် မတရားအသင်းပြစ်မှုများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန်အတွက် စီတန်းလမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုတော်မူသော ရဟန်းတော်များအား ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် ဖွဲ့စည်းလိုက်သော သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် စက်တင်ဘာလအတွင်းက တနိုင်ငံလုံးသို့ ပြန်ပွားခဲ့သည်။

စစ်အစိုးရက အဆိုပါ လှုပ်ရှားမှုကြီးအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြ သံဃာတော်များ၊ အတိုက်အခံ ပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးကာ ပြီးခဲ့သည့် တပတ်အတွင်းမှ စတင်ကာ အင်းစိန်ထောင်ရှိ အထူးခုံရုံးများမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လာခဲ့သည်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.