ပေါ့ပေါ့ပါးပါး ရယ်မောမိသောနေ့တစ်နေ့
မနေ့တုန်းက ရုံးမှာ စာသင်နှစ်ကုန်ပြီဖြစ်လို့ ဆရာ၊ ဆရာမတွေ အားလုံးကို စိတ်လက်ပေါ့ပါးပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှ ကစားနည်းလေးတစ်ခုအမောပြေ ကစားစေပါတယ်။ ၀န်ထမ်းအားလုံးရဲ့ ကားတွေကို သုံးပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး ကားမောင်းရင်း ကစားကြရတာပါ။ ကားပေါင်း ၂၂ စီးနဲ့ လူပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ကစားနည်းပါ။
ပထမဆုံးကိုယ့်ရဲ့ Group ကို ကိုယ်စားပြုမယ့် အလံအရင်လုပ်ရတာပါ။ Canvas တွေ၊ ဖောင်တိန်မျိုးစုံ၊ ရောင်စုံ၊ ကော်၊ ဖဲပြားအကုန်လုံး ပေးထားတာပါ။ ၁၅ မိနစ်အတွင်းကြိုက်နှစ်သက်သလို Design လုပ်ရတာပါ။ အဲဒီအလံကို ကားပေါ်တင်ယူသွားရတာပါ။ ကားတွေထွက်ခါနီးမှာ စီစဉ်သူတွေက ၃ ချက်မှာလိုက်ပါတယ်။
- မေးနိုင်သမျှမေးပါ။
- Emergency Case ကလွဲရင် ဒိုင်တွေကို ဖုန်းမခေါ်နဲ့
- ဆုက Million Dollars မဟုတ်တဲ့အတွက် Safety က အရေးကြီးဆုံးပါပဲ။
ဆုံမှတ် (စင်္ကာပူအရှေ့စွန်း) ကနေကားတွေအားလုံးကို မနက် ၁၀ နာရီ တိတိမှာ File လေးတစ်ခုရယ်၊ ၂၈ ဒေါ်လာရယ် ပေးပြီး လွှတ်လိုက်တာပါ။ ၂ နာရီခွဲအတွင်း သက်မှတ်ထားတဲ့ နေရာကို ပြန်ရောက်ကြရမှာဖြစ်ပြီး File ထဲမှာပါတဲ့ ညွှန်ကြားချက်တွေ အကုန်ယူလာနိုင်ရမှာပါ။ ထည့်ပေးလိုက်တဲ့ ၂၈ ဒေါ်လာထဲက ၂၀ က ဓါတ်ဆီဖိုးဖြစ်ပြီး ၈ ဒေါ်လာက လိုအပ်တာတွေ ၀ယ်ဘို့ပါ။ အများဆုံး ငွေပြန်အမ်းနိုင်တာကလည်း Point တွေနဲ့ အမှတ်ပေးတဲ့ထဲမှာ ပါပါတယ်။
သွားရမယ့် နေရာတွေကတော့ စင်္ကာပူ အနောက်ပိုင်းက နွားခြံတစ်ခုရယ်၊ ငါးမွေးကန်ရယ်၊ နောက်ပြီး Bukit Timah Nature Reserve ရယ်၊ Little India ရယ်၊ နောက်တစ်ခုကတော့ ဓါတ်ပုံပေးထားပြီး လိုက်ရှာခိုင်းထားတဲ့ နေရာလေးတစ်ခုရယ်ပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုက်သလိုသွားနိုင်ပြီး ၂ နာရီခွဲအတွင်းပြန်ရောက်ပြီး ပစ္စည်းအားလုံးယူလာနိုင်တဲ့ အဖွဲ့က နိုင်တာပါပဲ။ သွားရမယ့် လိပ်စာတွေကလည်း အတိအကျမပေးထားပါဘူး။ သဲလွန်စတွေနဲ့ နာမည်တွေပဲ ပေးထားတာပါ။ ကိုယ်တို့အဖွဲ့က ယောင်္ကျားလေး (၃) ယောက်၊ မိန်းကလေး (၂) ယောက်ပါ။ ကားမှာ ကိုယ့် Group ရဲ့ နံပါတ် စတစ်ကာ ကပ်ရပါတယ်။ တစ်ယောက်က Driver ၊ တစ်ယောက်က မြေပုံလမ်းညွှန်တဲ့လူ၊ နောက် (၃) ယောက် သက်ဆိုင်ရာ Check Point တွေမှာ ပြေးလွှားလှုပ်ရှားဖို့ပါ။
ကားပေါ်တက်လိုက်တာနဲ့ မြေပုံအညွှန်းကိုင်တဲ့လူက Driver အတွက် GPS ကို အရင်ဖွင့်လိုက်တယ်။ ကျန်တဲ့လူတစ်ယောက်က ဖုန်းထဲက အင်တာနက်မှာ ငါးဆိုင်နာမည်ရိုက်ထည့်ပြီး Confirm လုပ်တယ်။ GPS ပြတဲ့အတိုင်းသွားရင် ကြာချင်ကြာနေမှာစိုးလို့ မြေပုံရှာပြီးကြည့်တယ်။ ကျန်တဲ့လူတစ်ယောက်က Yellow Pages မှာရှာတယ်။ အားလုံး Data ရှာတွေ့ပြီး အနီးဆုံးလမ်းကို သိတဲ့ အချိန်မှာ ကားအရှိန်ကလည်း ၁၂၀ ကီလိုမီတာ နှုန်းနဲ့ ပြေးနေပါပြီ။ အဲဒီမှာ လုပ်ရမှာက သုံးခုပါ။ တစ်ခုက အဲဒီငါးဆိုင်ရဲ့ Vision ကိုကူးယူရမှာပါ။ တစ်ခုက ရသလောက် ငါးဖမ်းရမှာပါ။ နောက်တစ်ခုကတော့ Black Dragon ငါးဘယ်နှစ်ကောင် ရှိသလဲလို့ ပြတိုက်ထဲမှာ ၀င်ရှာရမှာပါ။
ငါးမွေးတဲ့ခြံက တော်တော် လေးကို စနစ်ကျပါတယ်။ General office ရှိတယ်။ ပြတိုက်ရှိတယ်။ ငါးအစားအစာနဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိတယ်။ အလုပ်သမား တန်းလျားတွေ စနစ်တကျ ရှိပါတယ်။ ငါးကန်ရှေ့မှာ ကားရပ်လိုက်တာ တပြိုက်နက် လေးယောက်အမြန်ဆင်းပြီး တစ်ယောက်က Vision ဘယ်မှာရေးထားသလဲ အမြန်လိုက်ရှာရပါတယ်။ ကျန်တဲ့တစ်ယောက်က ငါးဘယ်မှာဖမ်းရသလဲ မေးပါတယ်။ ငါးဖမ်းဘို့ ပိုက်လေးနဲ့ ပလတ်စတစ်ခွက်လေးတစ်ခုကို ၅ ဒေါ်လာနဲ့ဝယ်ရပါတယ်။ ပြီးတော့ အမြန်ပြေးပြီး ငါးဖမ်းရတာပါ။ ငါးဖမ်းတဲ့ နေရာက မြောင်းလေးတွေလုပ်ပေးထားပြီး ပိုက်သေးသေးလေးနဲ့ မြောင်းဘောင်ပေါ်ကနေ လိုက်ဖမ်း၊ ပလတ်စတစ်ခွက်ထဲထည့်၊ ထည့်ထားတဲ့ ငါးကလည်း အရမ်းလျှင်ပြီး ဖမ်းရခက်တဲ့ ငါးပိစိလေးတွေပါ။ ဖြစ်ချင်တော့ မူကြိုကလေးတွေကလည်း အပျော်ငါးလာဖမ်းနေတဲ့ အချိန်၊ ၀ုန်းဒိုင်းကြဲပြီး ရောက်လာတဲ့လူကြီးတွေကို အထူးအဆန်းလို ကြည့်လို့။ ငါးကဖမ်းရခက်နေတော့ ကိုယ့်သူငယ်ချင်းက ဘောင်းဘီကိုခေါက်၊ မြောင်းဘောင်ဘေးကနေရေထဲကို လက်နှစ်ဖက်လုံးထည့်ပြီး ငါးတွေကို ထောင့်တစ်ခုမှာ စုအောင်လုပ်၊ ကျန်တဲ့လူတစ်ယောက်က ပိုက်ကလေးနဲ့ အမြန်ဆယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကလေးလေးတွေဆီမှာ ငါးလိုက်တောင်းပါတယ်။ တချို့ကလေးတွေကတော့ ကိုယ့်သူငယ်ချင်း ကိုယ်လုံးကို ကြောက်လို့လား။ မျက်နှာငယ်ငယ်လေးကိုပဲ သနားလို့လားမသိ။ ကြည်ကြည်ဖြူဖြူပဲပေးလိုက်ပါတယ်။ တချို့ကတော့ သူတို့ငါးခွက်လေးကို ပွေ့ပြီးအော်လိုက်တာ လွန်ရော။ ကိုယ့်သူငယ်ချင်း ကတော့ ရသလောက် တောင်းတာပါပဲ။ Black Dragon ငါးသွားရှာတဲ့ကောင်မလေးကလည်း တစ်မျိုး။ ပြတိုက်ထဲမှာ သူရှာတာ မတွေ့တာတော့ အဲဒီနားက အလုပ်သမားကို မေးတာ မဖြေဘူး။ ဒါနဲ့ ပြောပြပါ။ ငါတို့တခြားနေရာတွေသွားရဦးမှာ၊ ဘာညာသာရကာ လုပ်လိုက်တော့ Black Dragon ငါးမရှိဘူးတဲ့။ တမင်တကာ အချိန်ကုန်အောင်လုပ်ထားတာ သူသိလာပါရော။ ဒါနဲ့ပဲ ညွှန်ကြားချက်အတိုင်း ငါးပြတိုက်ရှေ့မှာ Group Photo ရိုက်ပြီး အမြန်မောင်းလို့ နွားခြံဆီကို ခရီးဆက်ရပြန်ပါတယ်။
နွားခြံမှာ နွားမငါးကောင်က နို့ညှစ်ခံရန်အသင့်။ နွားနို့ညှစ်ရမယ်ဆိုတော့ ကိုယ်တော့ အားလုံး ပြိုင်တူ "အားလားမား" လို့အော်မိကြတယ်။ နို့ခြံက ကုလားက ညှစ်နည်းပြတယ်။ Group တစ်ခုမှာ တစ်ယောက်ပဲ ညှစ်ရမှာဖြစ်ပြီး ကိုယ်တို့အဖွဲ့ထဲက အမျိုးသမီးက သူညှစ်မယ်ဆိုပြီး ဆင်းသွားတယ်။ သူလဲ အနားရောက်ရော နွားမ တစ်ကောင်က အီအီးပါလိုက်တာ ဘာပြောကောင်းမလဲ။ စင်္ကာပူမ အော်ပြီး ပြေးလိုက်တာ ကိုယ်တို့တွေ သူ့ကိုကြည့်ပြီး အူတတ်မတတ်ရယ်မောကြရတယ်။ နောက်တစ်ခေါက်ကျတော့ ညှစ်လိုက်တာ မညှစ်တတ်တော့ နို့ကမထွက်။ ဒါနဲ့ပဲ ကိုယ်လဲစမ်းကြည့်မယ် ဆိုပြီး ကုလားပြတဲ့အတိုင်း ဆွဲတာပေါ့။ ကုလားကတော့ ညှစ်ပြီးဆွဲခိုင်းတာ၊ ကိုယ်ကနာမလားဆိုတဲ့ စိတ်နဲ့ မဆွဲရဲ။ ဒါနဲ့ပဲ မလေးတစ်ယောက်က ငါလုပ်မယ်ဆိုပြီး တစ်ကောင်ပြီးတစ်ကောင် လိုက်ညှစ်ပါလေရော။ ပလတ်စတစ်အိတ်နဲ တော်တော်လေးရတော့ နွားတွေနဲ့ Group Photo ရိုက်ရသေးတယ်။ ပြီးတာနဲ့ Bukit Timah Nature Reserve ကို ခရီးဆက်ရပြန်တယ်။
Bukit Timah မှာ "S" နဲ့စတဲ့ အပင် (၃) မျိုးရဲ့နာမည်ရယ်၊ ကျားနဲ့ ဓါတ်ပုံရိုက်ဘို့ရယ်။ နားနေဆောင်လေးတစ်ခုနဲ့ ဓါတ်ပုံရိုက်ဘို့ရယ် (၃) ခုလုပ်ရတာပါ။ နှစ်ယောက်က သစ်ပင်လိုက်ရှာ၊ နောက်တစ်ယောက်က ကျားလိုက်ရှာ၊ ကျားက ပြတိုက်ထဲက အစာသွတ်အရုပ်ကြီးကို ပြောမှန်း တောင်ပေါ်၊ တောင်အောက် နှစ်ခါလောက် အတက်အဆင်းလုပ်ပြီးမှပဲ သိတော့တယ်။ အဲဒီမှာ ဟိုလူမေး၊ ဒီလူမေးနဲ့ ကျားအရှင်မရှိဘူး။ မျောက်အရှင်ဘဲရှိတယ်ဆိုလို့ ပြတိုက်ထဲဝင်ကြည့်မှ ကျားကြီးကို တွေ့တော့ အော်ဟစ်လိုက်ကြတာ ဆူညံလို့။ ဓါတ်ပုံရိုက်ဘို့ ဘေးနားက အဘိုးကြီးကို အကူအညီတောင်းတော့ သူက မရိုက်တတ်။ ရိုက်တတ်တဲ့လူလာပြန်တော့ ကိုယ့်တို့လူတွေက ကွယ်နေလို့ ကျားကို မမြင်ရနဲ့ အခါခါပြန်ရိုက်ပြီး ပျာယာကို ခတ်နေကြတာပါပဲ။ ဒါနဲ့ပဲ နောက်တစ်နေရာ Little India ဆီ အပြေးမောင်းရပြန်တယ်။
Little India မှာ (၃) ခု လုပ်ရတာပါ။ ပထမတစ်ခုက Madras Hotel နားမှာ Red Indian ပုံကြီးရှိတဲ့ Pub ကိုရှာပြီး အဲဒီ Red Indian အရုပ်ကြီးနဲ့ Group Photo ရိုက်ဘို့ပါ။ နောက်တစ်ခုက ကုလားမတွေ လက်မှာဆွဲတဲ့ ၃ လလောက်ခံတဲ့ ကုလား tatoo သွားဆွဲရတာပါ။ နောက်တစ်ခုကတော့ စံပါယ်ပန်းကုံးရှာဝယ် ရတာပါ။ အဲဒီ Hotel
ကို ရှာတွေ့ပြီး Pub ရှေ့မှာ ဓါတ်ပုံရိုက်ပြီးတဲ့ အချိန်ကိုယ်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကို ကုလားမဆီမှာ ပုံသွားဆွဲဘို့၊ အရိုးဆုံးနဲ့ အမြန်ဆုံးပုံဆွဲပေးပါဆိုတော့ ကုလားမက စက်ဝိုင်းတစ်ခုထဲမှာ စင်္ကြာလိုလို၊ ဘာလိုလို ဆွဲပေးပြီး ၁ ဒေါ်လာ ယူလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က လမ်းကနေ Little India မှာနေတဲ့ သူ့ကောင်မလေးကို စံပါယ်ပန်းကုံးဝယ်ခိုင်းပြီး အိမ်ရှေ့က ထွက်စောင့်ခိုင်း၊ သွားဝယ်ဘို့အချိန်က မရှိတော့ဘူးလေ။ ကောင်မလေးကိုယ်တို့ ကားရပ်ရပ်ချင်း အမြန် ပန်းကုံးပေး။ ဒါနဲ့ပဲ နောက်တစ်နေရာကို ဆက်မောင်းရပြန်တယ်။ အချိန်က ၂၅ မိနစ်ပဲ ကျန်တော့တယ်။
နောက်ဆုံးတစ်ခုကတော့ ဓါတ်ပုံပြထားပြီး အဲဒီနေရာမှာ ကိုယ်တို့ စောစောက Design လုပ်ထားတဲ့ အလံကြီးကို ကိုင်ပြီး ဓါတ်ပုံရိုက်ခိုင်းတာပါ။ ကံကောင်းတာက အဲဒါဘယ်နေရာလဲဆိုတော့ ကိုယ်တို့ အဖွဲ့ထဲကတစ်ယောက်က ဓါတ်ပုံမြင်လိုက်တာနဲ့ သိတာပါ။ သူသောက်နေကျ ကော်ဖီဆိုင်ရှေ့ကမြင်ကွင်း ဆိုပဲ။
ဒါနဲ့ပဲ ကိုယ်တို့တွေ အဲဒီနေရာကိုရောက်တဲ့ အချိန် မီးပွိုင့်တွေက မီးနီနေလို့ ကားတွေမလာသေးတဲ့ တခဏလေးမှာ လမ်းမဘေးကားထိုးရပ်၊ အားလုံးဆင်း အလံကြီးကိုကိုင်ပြီး ဘတ်စ်ကားဂိတ်က အစ်ကိုကြီးကို အကူအညီတောင်းဓါတ်ပုံရိုက်ရတာပါ။ ကားတစ်စီးအမြန်မောင်းလာပြီး လမ်းမပေါ်ရပ်၊ ကားပေါ်ကလူတွေအကုန်လုံး ပြာလောင်ခတ်ပြီး ဆင်းလာကြ။ ပေါက်ကရလျှောက်ဆွဲထားတဲ့ အလံကြီးကို မြှောက်ပြီး အရှက်မရှိတဲ့ မျက်နှာတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို မျက်နှာခြင်းဆိုင်က ကော်ဖီဆိုင်တွေ၊ ထမင်းဆိုင်တွေ အထဲက ပြည့်သိပ်နေတဲ့ လူတွေ ဘယ်လိုကြည့်နေကြမလဲဆိုတာ စဉ်းစားသာကြည့်ကြပေရော့။ အဲဒီတုန်းကတော့ ရှက်ရကောင်းမှန်းမသိ၊ ပြီးတာနဲ့ အမြန်တက်ပြီး Down Town East သို့ခရီးနှင်ပေါ့။
Down Town East ကိုရောက်တော့ ၁၂း၃၀ အတိ။ အဲဒီမှာ ရှိတဲ့ Sakura Internation Buffet ဆိုင်မှာ နေ့လည်စာကျွေးပါတယ်။ မောမောပန်းပန်းနဲ့ စားလိုက် ကြတာ ၀က်ဝက်ကွဲပါပဲ။ ကျန်တဲ့ အဖွဲ့တွေလည်း ရောက်လာကြ။ တဖွဲ့နဲ့ တဖွဲ့ အတွေ့အကြုံတွေပြောပြီး တ၀ါးဝါးရယ်ကြနဲ့ တဆိုင်လုံးဆူညံလို့။ စားပြီးသွားတော့ အလုပ်ရှိတဲ့ နေရာကို ပြန်ပြီး ရုံးခန်းမထဲမှာ ဒိုင်တွေက အမှတ်တွေ ပေါင်းပါတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းအားလုံးကို ရောင်စုံစာရွက်တွေပေးပြီး ကိုယ့် နာမည်ကိုယ်ရေးခိုင်းပါတယ်။ ပြီးရင်အဲဒီ နာမည်ရေးထားတဲ့ စာရွက်ကို ကိုယ်ထိုင်တဲ့ စားပွဲမှာ ထားခဲ့ခိုင်းပြီး လူတွေကို နေရာ ပြောင်းပါတယ်။ ကိုယ်ရောက်သွားတဲ့ နေရာက စာရွက်မှာ သူ့အတွက် ကိုယ့်ရဲ့ အမှတ်တရ စာတိုလေးတွေရေးရ ပါတယ်။ နေရာတွေ အများကြီး ပြောင်းပြီး ဖွင့်ပေးထားတဲ့ Music မပြီးမချင်းရေးလိုက်တာ၊ သီချင်းဆုံးလို့ ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်အတွက် ရေးပေးထားတဲ့ စာတိုလေးတွေ A4 စာရွက်နဲ့ အပြည့်ပါပဲ။ ပြီးလည်းပြီးရော အမှတ်တွေ
ကြေငြာတော့ ကားနံပါတ် ၁၇ က ပထမရပါတယ်။ ၉ က ဒုတိယ ရပါတယ်။ ၂ က တတိယ ရပါတယ်။ ၁၇ က ဘယ်သူပါတဲ့ အဖွဲ့ရှိရမှာလည်း။ ကျွန်တော်ပါတဲ့ အဖွဲ့ပေါ့ဗျာ။
ဒီနိုင်ငံရောက်ပြီး မှတ်မှတ်ရရ ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ နေ့ပါပဲ။ တစ်နှစ်တာ ပင်ပန်းထားတဲ့ Stress၊ မိသားစုအတွက် စိတ်ပူရတဲ့ Stress၊ ကိုယ်အပင်ပန်းခံပြီး ကူညီခဲ့ပေမယ့် ကိုယ်ကတကယ် လိုအပ်တဲ့အခါ Busy ဒါမဟုတ် မေ့သွားလို့လို့ ပြန်ပြောတတ်တဲ့ မိတ်ဆွေတချို့ကပေးတဲ့ Stress၊ အလိုက်ကန်းဆိုးမသိတဲ့ ဆွေမျိုးတချို့ကပေးတဲ့ Stress၊ ငါ အလုပ်ပြုတ်နိုင်လားလို့ တွေးနေရတဲ့ ခေတ်ကပေးတဲ့ Stress၊ ဒါတွေအားလုံး ပြေဘို့ကတော့ တစ်ရက်တည်း ရယ်မောယုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အချိန် ခဏလေးတော့ မေ့သွားပါတယ်လို့ ၀န်ခံရတဲ့ နေ့တစ်နေ့ပါဘဲ။
စုလျားရစ်ပတ် လက်ထပ် တဲ့ ပွဲ
နိုဝင်ဘာလ ၁၅ ရက်နေ့ကျရင် အရမ်းခင်မင်တဲ့ သူငယ်ချင်းက ရန်ကုန်က Sedona Hotel မှာ သူချစ်တဲ့ "ကို" နဲ့ လက်ထပ်မယ်တဲ့။ အဝေးမှာရောက်နေတဲ့ သူငယ်ချင်းတွေဆီကို Email ကနေ ဖိတ်စာတွေ ဝေလိုက်တယ်။ ကျွန်းပိစိမှာနေတဲ့ ကိုယ်တို့တွေလည်း သူ့မင်္ဂလာဆောင်မှာပြန်ကဲချင်လို့ ရွစိရွစိ။
မြန်မာပြည်က သတို့သမီးကလဲ "ငါ ဘာလက်ဆောင်မှ မလိုချင်ဘူး၊ နင်တို့မျက်နှာတွေပဲ မြင်ချင်တာ။ ငါ့ ဟန်းနီးမွန်းလဲ နင်တို့ကို ခေါ်သွားချင်တာ" ဆိုတော့ခွင့်ယူလို့မရတဲ့ ဒီဘက်က သူငယ်ချင်းတွေရင်ထဲ နေလို့ထိုင်လို့ မကောင်း။ ပြန်ဆုံဖြစ်ကြရင် အရမ်းကို ပျော်စရာကောင်းမှာ သေချာသိနေပေမယ့် ဘ၀ပေးအခြေအနေတွေက အဲဒီ ပျော်ရွှင်ခွင့် ဆီရောက်အောင်မသွားနိုင်။ ဒါနဲ့ပဲ "ငါတို့ဆီကို ဟန်းနီးမွန်း လာခဲ့လေ။ နင်တို့ လိုချင်တဲ့၊ လိုအပ်တဲ့ ပစ္စည်းစာရင်းကိုလဲ ငါတို့ ဘာဝယ်ရမလဲ သိအောင် ပို့ပေးလိုက်ဦး။" လို့ချော့မော့ပြောရတယ်။ လက်ဖွဲ့ပစ္စည်းကို သူတို့လိုချင်တာ၊ လိုအပ်တာလေတွေပဲရစေချင်တဲ့ စေတနာနဲ့ပါ။ ဒီကိစ္စနဲ့ပဲ စုလျားရစ်ပတ်ခွင့် မရရှာသေးတဲ့ ဒီကျွန်းလေးပေါ်က ကိုယ်တို့တတွေ ဆိုင်တစ်ဆိုင်မှာ ထိုင်မိကြတယ် ဆိုပါတော့။
ရင်းနှီးသူတွေ၊ မောင်နှမလိုနေသူတွေ တွေ့ဆုံကြတော့ တစ်ယောက်တစ်ပေါက် အော်ကြ၊ ဟစ်ကြ၊ ရင်ဖွင့်ကြ။ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ကြတာဆိုတော့ မင်္ဂလာဆောင်တာနဲ့ ပတ်သက်တဲ့ စကားတွေပဲ ပြောဖြစ်ကြတယ်။ ဘယ်သူတွေ က ဘယ်လိုချဲ့တာ။ ဘယ်သူကတော့ ဒီမှာပဲဆောင်လိုက်တာ စသည်ဖြင့်ပေါ့။
တချို့တွေလဲ မင်္ဂလာရေစင်ဖျန်းဘို့ ရေသန့်သန့်ကို မေခ၊ မလိခမြစ်ဆုံက နေ လေယာဉ်နဲ့ ရန်ကုန်အထိ သယ်တဲ့ အကြောင်း၊ တချို့လဲ တင်တောင်းတဲ့ ပစ္စည်းနဲ့ တကယ်ပေးတဲ့ ပစ္စည်းနဲ့ ကွာနေလို့ ယူပြီးပြီးချင်း ပြန်ကွဲကြတဲ့ အကြောင်း စုံလို့ပါပဲ။ သေချာတာတော့ ကိုယ်တို့တစ်တွေအားလုံး ပြောချင်တာတွေ ပြောပြီးတဲ့နောက်မှာ မြန်မာပြည်က သူငယ်ချင်းလေးအတွက် ပျော်ရွှင်စွာ ဆုတောင်းပေးခဲ့တယ် ဆိုတာပါပဲ။
ကိုယ့်သူငယ်ချင်းက အချစ်နဲ့ ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ဒဏ်ရာရဖူးတဲ့သူ။ အရှိုက်ကို အထိုးခံလိုက်ရသလို နာကျည်းရှာသူဆိုတော့ သူတသက်လုံးနာနာကျင်ကျင်ကြီး နေသွားမှာ ကိုယ်တို့တွေက မမြင်ချင်ကြဘူး။ သူ့နှလုံးသားလေး အသစ်တဖန်ပြန်နိုးလာမဲ့နေ့ကို ကိုယ်တို့ အားလုံးမျှော်လင့်ခဲ့ကြရတာ။
အခုလက်ထပ်တော့မယ့် သှုက ဒီဒဏ်ရာရှင်လေးကို ဆေးထည့်ပေးခဲ့သူပါ။ အနွံ့အတာခံကုသခဲ့သူပါ။ ဒါနဲ့ပဲ ကိုယ်တို့ သူငယ်ချင်းတတွေ ဒီဒုတိယလူကို အမှတ်ပြည့်ပေးခဲ့ကြတယ်။ သူတို့နှစ်ယောက် စိတ်ဆိုးစိတ်ကောက်ရင်တောင် ပြဿနာကို မေးမနေကြတော့ပဲ သူငယ်ချင်းမကို နင်မှားတာပဲ နေမှာလို့ ပြောလို့ရအောင် ကောင်းတဲ့လူ။ ကိုယ့်သူငယ်ချင်းမကတော့ ပြောရှာတယ်။ "နာကျင်ဘူးတဲ့လူက ပိုပြီး ကြင်နာတတ်ပါတယ်ဟာ၊ နင်တို့ ငါ့ကိုချည်း အပြစ်မတင်ကြနဲ့တဲ့" ။
ဒီလိုနဲ့ စကားဝိုင်းက မယူဖြစ်သေးတဲ့သူတွေ ဘယ်တော့ယူကြမလဲ၊ ဘာလို့မယူကြသေးတာလဲဆိုတဲ့ ဘက်ကိုရောက်သွားပြန်ရော ။
သူငယ်ချင်းတစ်ယောက်ကတော့ သူ့ညီလေးဒီနိုင်ငံရောက်လာပြီး အလုပ်အကိုင်၊ အခြေတကျဖြစ်ပြီးမှ ယူတော့မယ်တဲ့။ မင်းကောင်မလေးက စောင့်နိုင်ပါ့မလားဆိုတော့ သူ့ဘက်ကလဲ သူ့ညီမလေးကို ရောက်လာစေချင်သေးတယ်တဲ့။ နှစ်ဦး သဘောတူဟန်ကိုကျလို့။
နောက်သူငယ်ချင်းကောင်မလေးကတော့ "ငါဖြင့်အေးချမ်းပျော်ရွှင်နေတဲ့အိမ်ထောင်ရေးကို ငါ့အဖေဘက်မှာရော၊ အမေဘက်မှာရော၊ နောက်ဆုံး ငါမိဘတွေ မှာရော မတွေ့ဘူးပါဘူး။ အယုံအကြည်မရှိပါဘူးဟာ" တဲ့။ ဒါဆိုရင် "နင်မယူတော့ဘူးပေါ့" ဆိုတော့ "အေး...ထင်တာပဲ" တဲ့။ ဒါဆိုသူတခြားလူနဲ့ ယူသွားရင်ကောဆိုတော့
"ဒါတော့ သူ့သဘောပဲလေ၊ ငါအယုံအကြည်မရှိတာကြီးကို ဘယ်လိုလုပ်မလဲ" တဲ့။ သူ့ကိုချစ်တဲ့အစ်ကိုကြီး သူ့ကိုပြောင်းလဲနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။
နောက်တစ်ယောက်ကတော့ "ငါရော၊ သူရော နောက် ၅ နှစ်အထိ သူ့မိသားစု၊ ကိုယ့်မိသားစု အတွက်ပဲနေဦးမယ်လို့ ဆုံးဖြတ်ထားတယ်" တဲ့။ "ငါအမေကလဲ ငါအိမ်ထောင်ပြုသွားမှာ စိုးရိမ်နေသလို ကောင်မလေးအဖေကလဲ သူ့ကို အိမ်ထောင်မပြုစေချင်သေးဘူး" တဲ့။ ညိုလို့ရနေလို့ တော်သေးရဲ့။
နောက်တစ်ယောက်ကတော့ နောက်နှစ်မယူရင် မယူတော့ဘူးလို့ သူ့ချစ်မမက ရာဇသံပေးထားလို့ အသည်းအသန်ငွေစုနေရတယ်။ အိမ်ငှားနိုင်ဘို့၊ တင့်တောင့်တင့်တယ်ထားနိုင်ဘို့၊ သူ့မိဘ၊ ကိုယ့်မိဘ ဂုဏ်ရှိအောင် တင့်တင့်တယ်တယ် ပွဲလေးလုပ်နိုင်ဘို့ပေါ့။ စုထားတဲ့ ပိုက်ဆံပြည့်ပြီလားဆိုတော့ "ဟီးဟီး..အိမ်ကနည်းနည်းတော့ တောင်းရမယ်ထင်တယ်" တဲ့။ ၀ိုင်းရယ်ခံရတာပေါ့။
နောက်ကောင်မလေးတစ်ယောက်ကတော့ "ငါကတစ်ယောက်တည်း မနေတတ်တာတော့ သေချာတယ်။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေ မှနေတတ်တာလဲ ဟုတ်တယ်။ ဒါပေမယ့် ငါ့အဖော်က ယောကျာင်္းတစ်ယောက်ဖြစ်နေစရာလည်း မလိုဘူး။ မိန်းမတစ်ယောက်ဆိုလဲ ရပါတယ်။ အခြောက်တော့ မဖြစ်ဘူးပေါ့ဟယ်၊ လူတစ်ယောက်ဖြစ်ရင် ပြီးတာပဲ" တဲ့။ သူမို့ ရှာရှာဖွေဖွေ။ အားလုံးက သူ့ကို ဘာပြောရမှန်းမသိ။
နောက်တစ်ယောက်ကတော့ ရှင်းတယ်။ "ဘာမင်္ဂလာဆောင်ပွဲမှ မလိုပါဘူးဟာ၊ လက်မှတ်ထိုးပြီး အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် ဖိတ်လိုက်ပြီးရော"။ လက်ရှိ သူ့ချစ်သူခမျာ ဘာပြောရမှန်း မသိတဲ့ မျက်နှာနဲ့။ ကြောင်တောင်တောင်လေး သူ့ရည်စားကို ကြည့်လို့။ "စိတ်ပေါက်တဲ့နေ့၊ ငါ့အတွက် ကောင်းမယ်လို့ ယုံကြည်ပြီး၊ ငါကလဲ ပြန်ကောင်းနိုင်မှာ သေချာတဲ့နေကျရင် ယူမှာပေါ"့ တဲ့။
စကားတလုံးဝင်မပြောတဲ့ ကိုယ့်သူငယ်ချင်း ဖက်တီးလေးကတော့ ငြိမ်လို့။ သူကြိုက်နေတဲ့ ကောင်မလေးကူရှေ့ပြေးလွှတ်လိုက်တဲ့ အောင်သွယ်ကို ပြန်ပြောလိုက်ပုံက ကြည့်ဦးလေ။ "မလုပ်ပါနဲ့ဟယ်။ သူ့ရုပ်ကို ငါဘယ်လိုမှ ခံစားလို့မရလို့ပါ။ ငါ မင်္ဂလာဦးညကျမှ ကုတင်ပတ်ပြေးနေရမှာကြောက်တယ်" တဲ့။ အောင်သွယ်တော်ကလဲ အောင်သွယ် ပီသစွာ အတိအကျ ပြန်ပြောလေတော့ ကိုယ့်သူငယ်ချင်း အသဲကွဲတာမဟုတ်၊ အသဲပြဲပြီး နောက်တစ်ယောက်ထပ်လိုက်ရမှာ ကြောက်တာနဲ့ မင်္ဂလာဆောင်ဆိုတာ သူနဲ့ လုံးလုံးမှ မဆိုင်သလို ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက် နားထောင်နေရဲ့။
နောက်သူငယ်ချင်းနှစ်ယောက်ကတော့ နောက်နှစ်ဆိုရင် သူတို့အလှည့် "အကြီးအကျယ်ကြီး မလုပ်တော့ပါဘူးဟာ၊ ဒီမှာပဲ အကျဉ်းချုံး လက်မှတ်ထိုး၊ ခင်မင်တဲ့ လူလောက်ပဲ ဖိတ်မှာ" တဲ့။ ဘာပဲဖြစ်ဖြစ် ချစ်သူတို့ ဘ၀ရဲ့ လမ်းဆုံးပန်းတိုင်က အချစ်တွေနဲ့ ချယ်မှုန်းထားရင် အလှဆုံးဖြစ်နေပြီပဲ မဟုတ်လား။
နောက်ကိုယ့်သူငယ်ချင်းကောင်မလေးကတော့ "ငါကတော့ မရဘူး။ အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တာ။ ပန်းဆိုလဲ နှင်းဆီန်ီတွေချည်း၊ ၀တ်စုံဆိုလဲ နှစ်စုံလဲရမှ၊ ဘယ်လောက်ကုန်ကုန်" တဲ့။ သူ့ ကိုကို အဲဒီနေ့က မျက်ခုံးလှုပ်နေမယ်ထင်ရဲ့။
ကျွန်တော်လား။ ကျွန်တော်လည်း ဘယ်နေမလဲ။ ချစ်လှစွာသော လီယိုမလေးကို မေးတာပေါ့။ ကျွန်တော့်ချစ်သူ ဂေါက်တီးဂေါက်တောက် လေးက...
"ကျွန်တော် အေးအေးချမ်းချမ်းလေး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လွတ်လပ် ပျော်ရွှင်နေတာ မကြည့်ချင်ဘူးလား၊ အချစ်ဆိုတာ ကောင်းမွန်သော စေတနာ အမြဲ ရှိနေတာတဲ့။ ခင်ဗျားပဲ အရမ်း စေတနာရှိတယ်ဆိုပြီးပြောပြောနေပြီးတော့။ ကျွန်တော်ဆှိ ခင်ဗျားကို စေတနာရှိတယ်။ မိဘလုပ်ကျွေးပြီး ပိုတဲ့ ပိုက်ဆံ Game ပဲ ဆော့ဆော့၊ ဘာပဲလုပ်လုပ် ပျော်ပျော်ရွှင်ရွှင် နေပါစေလို့ စဉ်းစားပေးထားတာ။ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ပူလောင် အလုပ်တွေရှုပ်ပြီး ဘာလုပ်မှာလဲ။" တဲ့။ " ဒီလက်ထပ်တဲ့ ကိစ္စကြီးပဲ ခဏခဏ ပြောပြောနေရတာ ခင်ဗျား ဗိုက်ကြီးနေတာတော့ မဟုတ်ပါဘူးနော်...ဟီးဟီး" တဲ့။
ဟင်း...ကဲ ဒါနဲ့ပဲ ကျွန်တော်တစ်ယောက် ကိုယ်စကားနဲ့ကိုယ် သူပြောတဲ့ စေတနာမျိုးရှိချင်ယောင်ဆောင်နေရဆဲ ဖြစ်ကြောင်းပါ အရပ်ကတို့ခင်ဗျာ။ ။
You received this email because you are subscribed to the real_time feed for http://seenbseen.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.