Thursday, November 20, 2008

[Freedom For All] 1 New Entry: အစမ်းသေ

အစမ်းသေ


ရှေးရှေးတုန်းက ဘာမင်းကြီးဆိုလားပဲ။ သူ့ရဲ့ hair stylist က သူ့ဆီပို့လိုက်တဲ့ SMS လဲရပြီးရော "အော်၊ သေမင်းတောင် အလံဖြူလာစိုက်ပါကရောလား"လို့ သတိသံဝေဂရပြီး ထီးနန်းလွှဲ၊ တောခို ပြည်ပြေးလုပ်....အဲ့...တောရိပ်ခိုပြီး တရားဘာဝနာအားထုတ်တော်မူတယ်တဲ့။


ဟိုတရက်က မှန်ရှေ့မှာ ခေါင်းဖြီးနေတုန်း (အတိအကျပြောရရင် ဘီးကိုကိုင် ခေါင်းပေါ် လေးငါးချက်ဝဲလိုက်တာပါ။ ဘီးကမှန်တင်ခုံပေါ်မှာမို့ မှန်ရှေ့ရောက်ရတာပါ။ တသက်လုံးဖြီးလာတဲ့ခေါင်း မှန်ကြည့်ဖြီးမှ ဖြစ်တာမဟုတ်ပါဘူး။ မိန်းခလေးတွေကတော့ မှတ်ဥာဏ်မကောင်းရှာဘူးထင်တယ်။ ခေါင်းဖြီးရင် မှန်ကို တနာရီလောက်ကြည့်ပြီးဖြီးမှ ပြီးတာကိုး) အမှတ်မထင် သေမင်းရဲ့ အလံဖြူကိုတွေ့လိုက်ရတော့ တော်တော် တုန်လှုပ်သွားတယ်ခင်ဗျ။ စိတ်ကို ငြိမ်ငြိမ်ထားပြီး သေသေချာချာကြည့်တော့မှ စိတ်သက်သာရာရသွားတော့တယ်။ အလကား၊ သေမင်းက ချစ်လို့ လာစတာနေမှာ။ အလံဖြူလာစိုက်တာ နေရာမှားနေတယ်လေ။ နောက်ပြီး ပြောင်းပြန်ကြီးလာစိုက် သွားတယ်။ ခေါင်းမှာစိုက်ရမှာကို မေးစေ့မှာ လာစိုက်သွားလေရဲ့။

သိတ်တော့ စိတ်မချရဘူးပေါ့ဗျာ။ ခေါင်းမှာ အလံဖြူစိုက်စရာ နေရာလွတ်မရှိတော့လို့ စိတ်ပေါက်ပေါက်နဲ့ ရတဲ့နေရာ စိုက်သွားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ တခေါင်းလုံးလဲ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သွားတာ ထုံးဗူးမှောက်ကျထားသလား မှတ်ရတယ်မဟုတ်လား။ အလံဖြူစတွေ့ကထဲက သံဝေဂရရင် ခုလောက်ဆို ဈာန်တွေ ဘာတွေတောင် ပျံနိုင်နေလောက်ပြီကိုး။ တရားမရသေးလို့ ဘလော့ဂ်နေတာ မဟုတ်လား။ အေးလေ ဘယ်လိုပဲဖြစ်ဖြစ် မလိုလဲ၊ လိုလဲ တကယ်လို့ သေရတော့မယ်ဆိုရင် မသေခင် ဘာလုပ်မလဲလို့တော့ စဉ်းစားထားအုန်းမှ။

ဘာစလုပ်ရမလဲဆိုတော့ "ဖြစ်ချင်တာတွေရယ်၊ ဖြစ်သင့်တာတွေရယ်၊ ဖြစ်နိုင်တာတွေရယ်" တန်းစီရောက်လာတာပဲ။ လက်တွေ့ကျကျ "ဖြစ်နိုင်တာတွေ" ပဲ စလုပ်ရမှာပေါ့နော။

ပထမဆုံးလုပ်မှာကတော့ ရှိစုမဲ့စုနဲ့ ၀ယ်ထားပြီး ဟိုတရွက်၊ ဒီတအုပ် ပြန့်ကျဲနေတဲ့ အာမခံပေါ်လစီလေးတွေ တစစီလိုက်ကောက်ရမှာပေါ့။ Celebrity တွေလိုတော့ ခြေသလုံးမွှေးအာမခံတို့၊ လက်သည်းအာမခံတို့ ဘယ်ဟုတ်မလဲ။ မတော်တဆထိခိုက်မှုအာမခံ (မကြည်တဲ့သူ များတယ်မဟုတ်လား။ ချောင်းရိုက်ခံရရင် အာမခံရအောင် လုပ်ထားရတာ။ ဘောင်ဝင်အောင်တော့ လိမ်သင့်လိမ်ရမှာပေါ့လေ)၊ နာမကျန်းအာမခံတို့လောက်တင်ပါ။ ကျန်ရစ်မဲ့သူတွေကို ပေးသင့်တာပေး၊ လွှဲသင့်တာလွှဲ၊ မှာသင့်တာမှာ လုပ်ရဦးမယ်။ တခြားတော့ မှာစရာ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ "အာမခံက ရတာကို ကြွေးဆပ်လိုက်" လို့ မှာလိုက်ရင် လုံလောက်တာပါပဲ။

မသေခင် ရဟန်းခံသွားချင်သေးတာ။ ဒါပေမဲ့ ရဟန်းခံဖို့ကိစ္စကိုတော့ "ဖြစ်ချင်တာ"ဆိုတဲ့ စာရင်းထဲပဲထည့်ထားရတော့ မှာပဲ။ စလုံးမှာ ရဟန်းခံလို့တော့ဖြစ်ပါတယ်။ ရန်ကုန်ပြန်ပြီး မိဘဆွေမျိုးတွေနဲ့လဲ နောက်ဆုံးတွေ့ချင်သေးတယ်။ ဆိုတော့ကာ ရွှေခေါင်းပြောင်ပြောင်နဲ့ မြန်မာပြည်ပြန်ဝင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တော်ကြာ ပြောင်ပြောင်လေးကို ဆီးကြိုခေါ်ဆောင် ကျွေးမွေးချင်တဲ့ အမည်မသိတွေ ပေါ်လာရင် ဒုက္ခမဟုတ်လား။ ရန်ကုန်ရောက်မှ ရဟန်းခံဖို့တော့ မစဉ်းစားနဲ့။ ဘုန်းဘုန်းတို့ကို အလကားဒုက္ခသွားပေးသလိုဖြစ်နေမယ်။ ဘုန်းကြီး ၅ပါး ဆွမ်းကပ်ချင်တာတို့၊ သိမ်ဝင်ဖို့တို့ အခက်အခဲရှိတယ်။ ၅ပါးနှင့်အထက် မစုဝေးရဆိုတဲ့ ပုဒ်ထီးလဲမဟုတ်၊ ပုဒ်မလဲမဟုတ်တဲ့ လိုရာဆွဲသုံးနေတဲ့ နှစ်ဖက်ချွန် ပုဒ်အခြောက်နဲ့ တွေ့သွားမယ်။ ရသေ့စိတ်ဖြေအနေနဲ့ ၀တ်ဖြူစင်ကြယ်ဝတ်ပြီး ဖိုးသူတော်လုပ်နေဖို့ကလဲ မဖြစ်ပြန်ဘူး။ တော်ကြာ အဖြူဝတ်တယ်ဆိုပြီး ၆၅နှစ်စာရင်းထဲ ထည့်နေအုန်းမယ်။

ရွှေတိဂုံစေတီတော်ကြီးလဲ ဖူးချင်သေးတာပေါ့။ သာသနာရောင်ဝါ ထွန်းလင်းတောက်ပနေတဲ့ ခေတ်ကာလကြီးဆိုတော့ ဘုရားစေတီပုထိုးတွေကို ပိတ်မထားရင်တော့ ဖူးရမှာပဲ။ ကံပေါ့လေ။ ကြားဘူးတယ်မဟုတ်လား။ အကုသိုလ်သိတ်ကြီးတဲ့သူတွေဆို ဘုရားစေတီပုရ၀ုန်ရောက်တာတောင် ဘုရားစေတီတွေကို မမြင်ရဘူးတဲ့။ ကလူသစ်ကတော့ အဲ့လောက် အကုသိုလ်ကြီးတာ မလုပ်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဘုရားစေတီတွေကို မဖူးရဘူးဆိုရင်တော့ ငရဲသားတွေ၊ ပြိတ္တာတွေက ကွယ်ထားလို့ပဲဖြစ်မယ်။

Tag ဗေဒင်အရ သေမဲ့နေ့မှာတော့ စိတ်အေးအေးချမ်းချမ်းလေးနေချင်တယ်။ အဲ့ဒီနေ့ကျရင် Ipod လေးနဲ့ ဘီယာတကဒ်လောက်ဆွဲ၊ အာလူးကြော်တထုပ်လောက်နဲ့ စိတ်အေးလက်အေးဖြစ်နိုင်တဲ့ နေရာကို သွားမယ်။ Ipod ထဲက မျိုးကြော့မြိုင်ရဲ့ "လူဖြစ်ရတဲ့ ဒုက္ခ" သီချင်းကိုတော့ ဖျက်ထားရမှာပေါ့။ တော်ကြာစောင်းဆိုတယ်ထင်လို့ ပုဒ်အခြောက်နဲ့ မရအရလိုက်ဆွဲနေအုန်းမယ်။ အေးအေးဆေးဆေးနေရာဆိုတာက ဆိုပါစို့၊ ကွင်းပြင်ကျယ်ကျယ်မှာ သစ်ပင်ထီးထီးတပင်ရှိမယ်။ စမ်းချောင်းလေးလဲရှိချင် ရှိမယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေ ရှိမယ်။ မြက်တွေက ခုမှ ပေါက်ခါစ အသစ်စက်စက် စိမ်းစိမ်းလန်းလန်းကြီး ဖြစ်စရာမလိုပါဘူး။ မြက်ခင်းသစ်က နွားပေါတယ်မဟုတ်လား။ မျက်စိနောက်လို့။ တော်ရုံတန်ရုံ မြက်ခင်းလေးဆိုရပြီ။ အဲ့လိုနေရာမျိုးမှာ စိတ်လွတ်လက်လွတ်အေးဆေး ထိုင်နေမယ်ဗျာ။

ယောက်ဖကိုတော့ ညနေကျရင် လာကြိုဖို့ မှာထားတယ်။ ဟုတ်တယ်လေ။ စိတ်ကူးနဲ့ အစမ်းသေကြည့်တာမဟုတ်လား။ တကယ်မသေမချင်းထိုင်နေလို့မှ မဖြစ်တာ။ မနက်ဖြန်လေဆိပ်ဆင်းဖို့ ပစ္စည်းတွေ သိမ်းရအုန်းမယ်။ ပြန်မှဖြစ်မှာ ခွင့်က သိတ်ရတာမဟုတ်ဘူး။




You received this email because you are subscribed to the real_time feed for http://luthit.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.