Sunday, November 9, 2008

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 3 New Entries: ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့ အိတ်ဖွင့် ပေးစာ ၊

ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့ အိတ်ဖွင့် ပေးစာ ၊

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာ…ဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..


မောင်သက်ပြင်း ( အင်းယားမြေ )

( ၇ . ၁၁ . ၂၀၀၈ )

သူတို့ပြန်လာကြမှာပါ

ရေးသူ- လူထုစိန်ဝင်း


ရိန်းဒရိန်း လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်းလူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။ စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာအဲဒီခေတ်မတိုင်မီကနိုင်ငံခြားထွက်သွားခဲ့ကြတဲ့တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊ မြန်မာတွေပြန်လာကြပါ့မလားလို့လည်း

သူကမေးပါတယ်။ ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့လည်းပြောပြီး အပြစ်တင်ပါတယ်။ မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကာင်းကောင်းနားလည်ပါတယ်။


ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု စတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာ လူငယ် ပညာတတ်ကလေးတွေချည့်ပါ။ ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊အင်ဂျင်နီယာနဲ့စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကအများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။


ဟုမ်းဆွိဟုမ်း

အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်း ပတ်စပို့တို့ဗီဇာတို့ရဖို့ မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကိုရောက်နေရတယ်။

အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။ ဒါကြောင့် သင်တန်းမှာ There is no Place like home. HomeSweetHomeအစချီတဲ့ကဗျာလေးကိုအမြဲသင်ပေးပြီးထွက်သွားတဲ့ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း HomeSweetHomeလို့စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။ ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်
ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ် ကလူငယ်သာမကရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံးအဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း
လယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။

ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။


ပဋိရူပဒေသ


ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြော တာဖြစ်တယ်။ ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်
မပျောက်ဘူးဆိုတာ ပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်းမြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာ သူတို့အား လုံးသိနေကြလို့ပါပဲ။

တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင်လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။ ငတ်လို့ထွက်တာမဟုတ်ဘူး နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။ တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း ပညာလောက်တော့တတ် ထားကြသူတွေဖြစ်တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။


ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီးအရှိဆုံးသူတစ်ယောက်အနေနဲ့ပြောရရင် အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာဖြစ်တယ်။ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်းကျေးဇူးဆပ်ချင်လို့ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို
အပြစ်မတင်ချင်တာဖြစ်တယ်။ပညာသင်ချင်တာနဲ့မိဘကျေးဇူးဆပ်ချင်တာဟာမွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။ မပူနဲ့စိတ်ချနေဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။


ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေ
ပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။ 'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။

တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။


ရည်ညွှန်း- Weekly Eleven News Journal No.4,Vol.3


ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …

အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …

လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊ ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကိုကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် …

ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ … လူတော်တွေဘယ်လောက်များလည်း မသိသေးလို့ပါ …။

တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ … ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ …အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှမရှိသေးဘူး …။

အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizenမခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။ ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။ ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။


အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကိုပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ ..

India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ် … ၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTCတစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် …

Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။ Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ …
အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ။

ကျွန်တော်တို့ ပြန်လာမှာပါ …..

သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။

တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံဝင်ခွင့် ဗီဇာများကို ဗြိတိသျှအစိုးရ ပယ်ဖျက်

Bangkok Post/The Nation ၈ နိုဝင်ဘာ ၂၀၀၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့်ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့်ဗီဇာများကို တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်သည်။

မစ္စတာ တပ်ဆင်နှင့်ဇနီးဖြစ်သူတို့ အင်္ဂလန်နိုင်ငံပြင်ပ ခရီးသွားနေစဉ် ၄င်းတို့ ကိုင်ဆောင်ထားသည့် ထိုင်းပတ်စ်ပို့များ၌ ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့်ဗီဇာများ တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မစ္စတာ တပ်ဆင်နှင့်ဇနီးဖြစ်သူတို့အနေနှင့် အင်္ဂလန်နိုင်ငံသို့ ထိုင်းပတ်စပို့ကိုင်ဆောင်ပြီး ၀င်ရောက်ခွင့်ရှိတော့မည် မဟုတ်ပေ။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့်ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့်ဗီဇာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး မစ္စတာ တပ်ဆင်နှင့်ဇနီးဖြစ်သူတို့အား အင်္ဂလန်နိုင်ငံသွားမည့် ခရီးသည်အဖြစ်လက်မခံရန် သက်ဆိုင်ရာ လေကြောင်းလိုင်းများကိုပါ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ အကြောင်းကြားထားသည်။

မည်သည့်အတွက် မစ္စတာ တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့်ဗီဇာများကို ဖျက်သိမ်းကြောင်းကိုမူ သံရုံးမှလေကြောင်းလိုင်းများသို့ပေးပို့သည့်အီးမေး၌ ဖော်ပြထားခြင်း မရှိပေ။

ခေတ်ပြိုင်

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.