Sunday, November 9, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် - Myanmar Astrology] 1 New Entry: နိဗ္ဗာန်သို့  မျက်မှောက် မပြုသော ပညာရပ်များ Vs ဗေဒင်ပညာ

နိဗ္ဗာန်သို့  မျက်မှောက် မပြုသော ပညာရပ်များ Vs ဗေဒင်ပညာ

*no astrological jargon*
နိဗ္ဗာန်သို့ မျက်မှောက် မပြုသော ပညာရပ်များ တွင် ဆေးပညာသည်လည်း တစ်ခုအပါအ၀င် ဖြစ်လေတော့သည်။


ဆေးပညာရပ်

ဆေးပညာရှင်များသည် ဗေဒင်ပညာရှင်များ မခန့် မှန်းနိုင် ၊ မဟောပြောနိုင်သည့် လူတစ်ဦး၏ ကျန်းမာရေး အခြေအနေများအား ဟောပြောနိုင်သည် ။ ဖျားနာနေသည့် လူနာတစ်ယောက်အား အဖျားပျောက်ဆေး ပေးပြီး နောက် ၂ ရက်လောက်ဆို ပျောက်သွားမည်ဟု အားပေးစကားလည်း ဆိုသေးသည်။ အသက်တော့ မဟုတ်လောက်ပါ.. ။ ထို့ အပြင် အဖျား မပျောက်ပါက ဆရာ့ထံ ပြန်လာပြရန်လည်း ပြောသေး၏။

ကင်ဆာဖြစ်နေသူ တစ်ဦးကို ၆ လအတွင်း အနိစ္စသဘောဖြင့် ကိစ္စချောမည်ဟု လူနာ၏ ဆွေမျိုးမိသားစုဝင်များအား ၉၅ % အာမခံချက်ဖြင့် နိမိတ်ဖတ်ကြသည်။ သက်သာစေရန်အတွက် ဓာတ်ကင်ခြင်း များ ပြုလုပ်ကြသလို ပျောက်ကင်းရန် အလို့ ငှာ ကင်ဆာဆဲလ်များအား လှီးထုတ်ပြစ်ရန် ကြိုးပမ်းကြကုန်၏။ မျက်စိ မကောင်းပါက မျက်စိခွဲမည်။ သွားကိုက်ပါက သွားနှုတ်မည်။ လက်ကျိုးပါက ပြန်ဆက်ပေးမည်။ မိုင်းနင်းမိသဖြင့် ခြေထောက်ပြတ်ကာ သွေးထွက်လွန်နေသူအား ခြေဖြတ်ပြီး အသက်ရှင်အောင် ကုသပေးမည်။ လူ့ လောကကြီးထဲသို့ ရောက်ရှိလာမည့်သူ တစ်ယောက်၏ ကံကြမ္မာသည် ခွဲစိတ်ဆရာဝန်၊ မွေးဖားပေးမည့် ဆရာဝန်မ ၏ လက်ထဲတွင် ရှိနေသလို လူ့ လောကမှ မထွက်ခွာသွားအောင် လည်း ထိုသူတို့ ၏ လက်ထဲတွင် ရှိနေပြန်သည်။ လူတစ်ယောက် ရှေ့ ရေးကံကြမ္မာသည် သူတို့ ၏ ဆေးထိုးအပ် ၊ ခွဲစိတ်ဓား ၊ မေ့ဆေးများ လက်အောက်တွင် ရှိနေသည်။

ကျန်းမာပြီး အသက်ရှည်စေရန်ဟု ဆိုကာ ဗိုက်တာမင် အေ မှ ဇက် အထိ စားသုံးခိုင်းကာ အသက်ကို ဆွဲဆန့် ပြန်သည်။ ထို့ အပြင် အိုမင်းရင့်ရော်သည့် ဒဏ်၊ ဇရာ၏ ဖောက်ပြန်မှုကို အံတုရန် စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ကာ အသားလှဆီ ၊ ပါးရေနားရေတွန့် ခြင်းမှ ကာကွယ်သည့် ဆေးဝါးအဖုံဖုံ ထုတ်လုပ်ကြလေ၏။

အသက်ရှည်စေမည့် ကံ မပါသူအား ဗိုက်တာမင် အေ တူ ဇက် တင်မက.. ကကြီးမှ အ အထိ စားခိုင်းပါစေ။ ရှည်မည် မဟုတ်ပါ။ ထို့ အတူ အတိတ်ဘ၀မှ ပြုလုပ်ခဲ့သည့် ကံအကြောင်းအားကြောင့် ယခုဘ၀တွင် မျက်ကြည်လွှာယိုယွင်း ပျက်စီးမည့်ကံပါသူအား မည်သို့ ပင် မျက်ကြည်လွှာ အစားထိုးကုသစေကာမူ ပြန်မြင်ရန် အကြောင်းမရှိပေ။

ဗုဒ္ဓဘာသာဝင်ဆိုသည်ကား မြတ်ဗုဒ္ဓ၏ အဆုံးအမ များကို လိုက်နာကျင့်ကြံသည့်သူဟု အရိုးရှင်းဆုံး ပြောနိုင်ပေသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမည်။ ဤကဲ့သို့  ယုံကြည်လိုက်ခြင်းအား ကမ္မဿကတ သမာဒိဋ္ဌိဉာဏ် ရှိသည်ဟု ဆိုလေသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာ အမှန်ဟု ရွတ်ဆိုနေပြီး အခြားသော လောကီပညာရပ်များ အပေါ်တွင် အားထားရာ အနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ အဘယ်ကြောင့်ဟု ဆန်းစစ်ကြည့်သော် ကံ၊ ကံ၏ အကျိုးအပေါ်တွင် ယုံကြည်ချက် အားနည်မှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှု များကိုတောင့်တ၊ မက်မောမှု များ၊ ခံစားနေရသည့် ဒုက္ခများ ကင်းပျောက်စေလိုသည့် အတွက်ကြောင့်ဟု သုံးသပ်မိသည်။

ထိုသို့ သော ဆေးပညာနှင့် ပတ်သက်သည့် ပညာရှင်များ သည် ဇာတိ ၊ ဇရာ ၊ မရဏ ဟု ဘုရားရှင်ဟောကြားတော်မူခဲ့သော ခန္ဓာ ကိုယ်ကြီး ဖြစ်လာမှု ဇာတိကြောင့် အိုမင်းရင့်ရော်မှု ဇရာ ဖြစ်ကာ မရဏ လမ်အား ကြွမြန်းရမည် ဆိုသည့် မိန့် ကြားချက်အား ဆေးဝါးအဖုံဖုံဖြင့် တားဆီးနေကြသူများဖြစ်ကြကုန်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်ပါက မြတ်စွာ ဘုရားနှင့် ဆန့်ကျင်သည်များကို ယုံပါက ဘုရား၊ တရား မယုံကာ မြတ်ဗုဒ္ဓ၏ အဆုံးအမအား ဖီလာကန့် လန့် ဆန့် ကျင်နေသည် ဖြစ်သဖြင့် အယူလွဲမှားပါက သရဏဂုံ ပျက်ပါသည်။


ကံနှင့် ကံ ၏ အကျိုးကို ယုံရပါမည်။ ဤကဲ့သို့ မဟုတ်ဘဲ ခွဲစိတ်ခန်း အားကိုး ၊ ဆေးထိုးအပ်အားကိုး ၊ သူနာပြုဆရာမ အားကိုးဖြင့် ဆေးပညာ၏ ညွှန်ကြားချက်များကို ယုံကြည်နေမည် ဆိုပါက ကံ နှင့် ကံ ၏ အကျိုးအား ပယ်ရာကျကာ ကမ္မဿတက သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာ ဒိဋ္ဌိ ဖြစ်သွားနိုင်ပါသည်။


ဘုရားရှင်ရှိစဉ်က ပုဏ္ဏား တစ်ဦးရှိလေ၏ (မာဂဏ္ဍီပုဏ္ဏား ဟု ဆိုကြသည်) မိမိကိုယ်ကိုယ် ဗေဒင်တွက်ကြည့်ရာ မဝေးတော့သော တစ်ခုသော လပြည့်ည သန်းခေါင်တွင် သေမည်ဟု ထွက်သဖြင့် ဘုရားရှင်အား မေးမြန်းလျှောက်ထားရာ ဘုရားရှင်မှလည်း သေမည် ဟု ပြန်လည်ဟောကြားတော်မူ၏ ။ ထိုအခါ ပုဏ္ဏားသည်လန့်ပြီး ငါသာ မျောက်ဖြစ်ခဲ့ပါက အစားအသောက်အလျှံအပယ်ရစေရန် ငှက်ပျောပင်များ စိုက်မည်၊ ငှက်ဖြစ်ပါက နေထိုင်နိုင်ရန်အတွက် ညောင်ပင်စိုက်မည် ၊ငါးဖြစ် ပါက နေဖို့ရန် အတွက် ရေကန်တူးမည် အစရှိသဖြင့် အမျိုးမျိုး စဉ်းစားကာ အပင်များ စိုက်ပျိုးခြင်း ၊ ရေကန်များ တူးဖော်ခြင်း အစရှိသည်တို့ ကို လုပ်ဆောင်ရာ လမ်းဖောက်သည်များအထိ မရည်ရွယ်ဘဲ ပြုမိလေသည် ။ သူသည် ကုသိုလ်ရေးအတွက် မဟုတ်သော်လည်း သူသေပြီးပါက တိရ စ္ဆာန် ဘ၀သို့ ရောက်ရှိပါက မည်သည့်အကောင်ပြန်ဖြစ်ပါစေ နေထိုင်ရေး အဆင်ပြေစေရန်အတွက် လုပ်ဆောင်ခြင်းသာ သို့ သော်လည်း သူစိုက်ပျိုးထားသည်များ ရှင်သန် ကြီးထွားလာသောအခါ မျောက် ၊ ငှက် အစရှိသည်များ စားကြ ၊သောက်ကြ၊နေကြ၊ နားကြ ဖြစ်နေလေတော့သည်။

သေမည့်ညတွင် သူသည် အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်၌ သေမည့် အချိန်ကို စောင့်နေသော်ငြား အာရုဏ်တက်ချိန်အထိပင် အသက် ဘယ်ကထွက်မည်မှန်း မသိသေးပေ။ သူ့ အား စိတ်ဆင်းရဲအောင် လုပ်ရမည်လောဟု ဘုရားရှင်အား စိတ်ဆိုး ၊ ရန်တွေ့ ခြင်း အလို့ ငှာ ဘုရားရှင်ဆီကို ထွက်လာလေသည်။

ဘုရားရှင်မှ သေမည်ဟု ဟောအပြီးနောက်ပိုင်း မည်သည့်အရာများ လုပ်လေသနည်းဟု မေးမြန်းလေသောအခါ သစ်ပင်စိုက်၊ ရေကန်တူး ၊ လမ်းဖောက်ခြင်းများအား ပြန်လည်လျှောက်ထားလေရာ ဘုရားရှင်မှ ထိုအရာများသည် အသက်ရှည်ရာ ကောင်းမှုများ ဖြစ်ကြောင်း ဇာတ်တော်ဆောင်ပြီး ဟောတော်မူလေသည်။



ဆေးပညာရပ်တွင်
အသက်ရှည်စေရန် ၊ အနာရောဂါ ကင်းစေရန် အတွက် သစ်ပင်စိုက်ပျိုး ပါ။ ရေတွင်းရေကန် တူးပါ။ တံတားခင်းပါ။ ဂီလာန သံဃာများ အား ပြုစုစောင့်ရှောက်ရန်၊ ဆေးဝါးချို့ တဲ့နေသူများအား ဆေးလှူဒါန်းပေးရန် အစရှိသည်များ မပါရှိချေ။



ဗေဒင်ပညာရပ်တွင် သာလျှင်
အသက်ရှည်စေရန် ၊ အနာရောဂါ ကင်းစေရန် အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ရေတွင်းရေကန် တူးခြင်း။ တံတားခင်းခြင်း၊ ဂီလာန သံဃာများ အား ပြုစုစောင့်ရှောက်ခြင်း၊ ဆေးဝါးချို့  တဲ့နေသူများအား ဆေးလှူဒါန်းပေးရန် အစရှိသည်များ ပါရှိသည်။

















( မယုံကြည်ကြပါကုန်လျှင် ယခု တိုင်းပြည်အုပ်ချုပ်နေသူများအား ရှုစားကြပါရန်။ လမ်းဖောက်ခြင်း ၊ တံတားဆောက်ခြင်း ၊ သစ်ပင်ပန်းမာန် စိုက်ခြင်း အထောက်အထား များစွာ ရှိလေ၏ ။ ထိုအရာများကား အုပ်ချုပ်မှု သက်တမ်း ရှည်စေသည့် ကောင်းမှုများပင် ဖြစ်သည်)


ထို့ အပြင် နာဖျားမကျန်းမာပါက ဗောဇ္ဈင်သုတ်အား ရွတ်ဖတ်ခိုင်းခြင်း၊ အဋ္ဌာနမေတံ ဖြင့်အစချီသည့် ဗုဒ္ဓမန္တာန်ဟု ဆိုသည်များကို ရွတ်ဖတ်ခိုင်း၏

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ၊
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ။
ဧတေန သစ္စ ဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။

မည်သည့် လောကီ ပညာရပ်တွင်မှ လမ်းညွှန်မှုမပေးသည့် ဘာသာတရား ကိုင်းရှိုင်းမှုအား မြန်မာ့ရိုးရာ ဗေဒင် ပညာရပ် တွင် မျက်ဝါးထင်ထင် တွေ့ မြင်ရမည် ဖြစ်သည်။

ဆေးပညာရပ်တွင် လောကီရေးရာအတွက် အကျိုးများလှသည့် ၃၈ ဖြာ မင်္ဂလာတရားအား လိုက်နာကျင့်ကြံခိုင်းဖို့ ဝေးစွ ၊ ဘာသာတရားလိုက်နာရန် အရွတ်အဖတ်လေးတောင် မပါချေ။ အသက်ရှည်မည်ဆိုပါက ၊ ရောဂါဝေဒနာ ပျောက်မည်ဆိုပါက စည်းစိမ်ပင် ပုံပေးပါမည်ဟု ဆိုသူများ ဒုနှင့်ဒေးပင်။
နာမကျန်းသူများမှာကား ဆရာဝန်အား ကယ်တင်ရှင်ကြီးသဖွယ် ကိုးကွယ်ဆည်းကပ်ကြကုန်၏ ။ ဦးချ ကန်တော့ကြလေသည်။

ထိုဆေးပညာရပ်များကို သင်ကြားနေသူများသည် ဇရာဟူသော အိုမင်းရင့်ရော်မှု ၊ မရဏဟူသော သေခြင်းတရားအား တားဆီးမှုများ ပြုလုပ်နေသဖြင့် ဘုရားဟောအား ဖီလာကန့် လန့် ဆန့် ကျင်သူများ ဖြစ်ရကား ဒိဋ္ဌိများ ဖြစ်နေလေတော့သည်။

လိမ်းဆေးအဖြစ် သုံးသင့်သည့် ဆေးအား သောက်သုံးမိပါက ပြဿနာ အကြီးအကျယ်တက်ပါလိမ့်မည်။ ဆေးပညာ နှင့် ဗေဒင်ပညာရပ်တို့ အား ပညာတစ်ရပ်တစ်ခု အနေဖြင့်သာ သုံးချင်သုံးနိုင်ပါသည်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်သော ဘုရား၊ တရား၊ သံဃာ တို့ထက် ပိုပြီး အလေးမြတ်ပြုသည်မှာ မသင့်တော်ပေ။

ထို့ ကြောင့် နိဗ္ဗာန်သို့ မျက်မှောက် မပြုသော ပညာရပ်များ တွင် ဆေးပညာသည်လည်း တစ်ခုအပါအ၀င် ဖြစ်လေတော့သည်။


ပညာရပ် နှင့် ဘာသာတရား ခွဲခြား သိမြင်နိုင်ကာ...
ကိလေသာ ဆိုက်ဝါးများ ကင်းစင်ပပျောက် ချမ်းသာရောက်လျှက်.... တရားစစ်တရားမှန်များ ရပြီး သူတော်ကောင်းတရားများ အားထုတ်နိုင်ကြပါစေ.....


(စုတုပြုသည်)

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.