Friday, January 2, 2009

[အတွေးရပ်ဝန်း] 1 New Entry: ၂၀၀၈ မှာ …

၂၀၀၈ မှာ …

ဒီနေ့က ၂၀၀၈ ရဲ့ နောက်ဆုံးနေ့ရက်… ဒီနေ့ည ၁၂ နာရီတိတိမှာ လူတွေက HAPPY NEW YEAR လို့ တပျော်တပါးအော်ဟစ်ပြီး ၂၀၀၉ ကို ကြိုကြတော့မယ်။ ၂၀၀၈ တုန်းကလဲ ဒီလိုပဲ ကြိုခဲ့ကြတာပါပဲ.. ဒီလိုပဲ ပျော်ခဲ့ကြတာပါပဲ။ ကျွန်မကိုယ်တိုင်လဲ ၂၀၀၈ ကို မျှော်လင့်ချက်တွေနဲ့ ကြိုခဲ့ပါတယ်။ ဘာတွေကို ဘယ်လိုလုပ်မယ် ဆိုတဲ့ အစီအစဉ်တွေနဲ့ပေါ့…။ ဒါပေမယ့် အခုချိန်မှာ ပြီးခဲ့တဲ့နေ့ရက်တွေကို ပြန်တွေးကြည့်လိုက်တော့ ရည်ရွယ်ထားသလို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ခဲ့ဘူးဆိုတာပါပဲ။ တစ်ချို့အရာတွေက ကိုယ်တိုင် ကြိုးစားအားထုတ်မှု နည်းခဲ့လို့… တစ်ချို့ကျတော့ အချိန်နဲ့ ငွေကြေးက မျက်နှာသာ မပေးခဲ့လို့… ဒီလိုနဲ့ပဲ ၂၀၀၈ ဟာ သိပ်မထူးခြားလှစွာနဲ့ ကျွန်မကို လက်ပြနှုတ်ဆက်ရင်း ထွက်ခွာသွားတော့မယ်။

ဒီတော့ အချိန်မီလေး ၂၀၀၈ ရဲ့ ရက်စွဲတွေကို ပြန်လှန်ကြည့်လိုက်ပါဦးမယ်… အရင်အရင့် နှစ်တွေထက်စာရင်တော့ ပြီးခဲ့တဲ့တစ်နှစ်လုံး ကျွန်မ အလုပ်များခဲ့ပါတယ်။ ဘာမှ မလုပ်ဖြစ်ခဲ့ဘူးလဲ ဆိုသေး… ဘာတွေ အလုပ်များနေတာလဲ ဆိုရင်တော့ မလုပ်ဖြစ်ခဲ့တာက ကိုယ်လုပ်ချင်တာတွေပါ။ ဒီလိုပြောတော့ မလုပ်ချင်တာတွေနဲ့ အလုပ်များနေခဲ့ရတယ်လို့လဲ ပြောလို့မဖြစ်သေးပါဘူး။ လူဆိုတာ ထမင်းစားဖို့အတွက် အလုပ်ကတော့ လုပ်ရမှာပဲလေ။ ဒါပေမယ့် ကိုယ်လုပ်သမျှ အလုပ်တိုင်းမှာ စေတနာတွေ မလျော့ပါးခဲ့ဘူးဆိုတာကိုတော့ တစ်နှစ်လုံးစာအတွက် ကျွန်မ အခိုင်အမာ ပြောရဲပါတယ်။

ငွေကြေးအတွက် အလုပ်လုပ်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ငွေကြေးအတွက် မဟုတ်ဘဲ ကျွန်မ လုပ်ခဲ့တာတွေလဲ ရှိပါတယ်။ ၂၀၀၈ ရဲ့ နာဂစ်အပြီး အလုပ်နားနေရတဲ့ရက်တချို့မှာ ကျွန်မ ဆေးကုအဖွဲ့နဲ့ လိုက်ကူခဲ့ပါတယ်။ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှုမှာ လုပ်အားဒါန ပါဝင်ခွင့်ရခဲ့တဲ့ နေ့ရက်တွေကိုတော့ စိတ်မကောင်းမှုတွေကြားထဲကနေ ပီတိဖြစ်စွာနဲ့ အမြဲ အမှတ်ရနေပါတယ်။ ၂၀၀၈ မှာ ပညာရပ်ပိုင်းဆိုင်ရာ အနေနဲ့တော့ ဘာကိုမှ သေချာ မလေ့လာဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ၂၀၀၈ ကို ကျွန်မ တာဝန်မကျေခဲ့ပါဘူး။ သူပေးခဲ့တဲ့ အချိန်တွေကို ကျွန်မ ခွဲဝေသုံးစွဲတာ ညံ့ခဲ့ပါတယ်။ ဘာသာရေးဘက်ကိုလဲ ပုံမှန် ဘုရားရှိခိုး ပုတီးစပ်တာလောက်ကလွဲရင် အချိန်မပေးဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ၂၀၀၈ မှာ သူငယ်ချင်းအသစ်တွေ တိုးလာခဲ့ပါတယ်။ ကျွန်မရဲ့ ဘလော့လေး အရှိန်ရလာတာနဲ့အမျှ ဘလော့ရပ်ဝန်းထဲကနေ မောင်နှမအရင်းအချာလို ခင်မင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရခဲ့ပါတယ်။ သူတို့တွေကြောင့် ကျွန်မရဲ့နေ့ရက်တွေ သံယောဇဉ်တွေနဲ့ ပြည့်စုံနွေးထွေးခဲ့ရပါတယ်။ အဲဒီလိုပဲ ၂၀၀၈ မှာ လေးစားခင်မင်ရတဲ့ အစ်ကိုတစ်ယောက် ကျွန်မတို့ မျက်စိရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ တစ်နေ့မှာ ပြန်လာမယ်ဆိုတာ သိနေပေမယ့် သတိရမိတိုင်း စိတ်ထဲမှာ ၀မ်းနည်းမိတယ်။ ကျွန်မပို့စ်တစ်ခု ရေးပြီးတင်တိုင်း သူ့ကို ဖတ်စေချင်သလို သူ့ဆီက ကော်မန့်ရလို့ ပျော်ခဲ့ရတဲ့ အချိန်ကာလတွေကို ပြန်လွမ်းမိတယ်။

၂၀၀၈ ဒိုင်ယာရီကို ပြန်ကြည့်မယ်ဆိုရင် သြဂတ်စ်လရဲ့ တနင်္ဂနွေရက်စွဲတစ်ခုကို ကျော်သွားလို့ မဖြစ်ပါဘူး။ အချစ်ဆိုတာကို ခံစားတတ်စေခဲ့ပြီး အလွမ်းအဆွေးတွေလဲ ပေးတတ်တဲ့သူတစ်ယောက် အဲဒီနေ့မှာ ကျွန်မဘ၀ထဲကို မထင်မှတ်ဘဲ ၀င်လာခဲ့တာပါ။ ၂၀၀၈ ရဲ့ နောက်ပိုင်းနေ့ရက်တွေဟာ သူ့ကြောင့် ပိုပြီး အသက်ဝင်လှပခဲ့တယ်။ ဒါဟာ ၂၀၀၈ ကနေ ကျွန်မကိုပေးတဲ့ ကံကောင်းခြင်းလက်ဆောင်တစ်ခုပါပဲ။

အားလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ ၂၀၀၈ မှာ ပုံမှန် လည်ပတ်လှုပ်ရှားနေတာကလွဲလို့ ဘာမှသိပ်ထူးထူးခြားခြားကြီး မလုပ်ဖြစ်ခဲ့ပါဘူး။ ကောင်းမှုကုသိုလ်တွေ များများစားစားကြီး မလုပ်ဖြစ်ခဲ့ပေမယ့် မကောင်းမှုအကုသိုလ်တွေလဲ ကင်းခဲ့ပါတယ်။ ကျွန်မ ဘယ်သူ့ကိုမှ စိတ်ထားယုတ်ညံ့စွာ မဆက်ဆံခဲ့ဘူး။ သူများအကျိုးစီးပွား ပျက်စီးအောင်လဲ မလုပ်ခဲ့ဘူး။ မတတ်သာလို့ ပြောခဲ့တဲ့ မုသားစကားအချို့ကလွဲပြီး သူတပါးနစ်နာအောင် လိမ်လည်လှည့်ဖျားတာမျိုး မလုပ်ခဲ့ဘူး။ အဲဒီအတွက် ၂၀၀၈ ကို လိပ်ပြာသန့်စွာနဲ့ နှုတ်ဆက်လိုက်ပါရစေတော့…။

( အကိုတော်ရေ… ရှိစုမဲ့စုလေးကို ခြစ်ခြုတ်သုံးသပ်လိုက်ပြီနော်… မကောင်းရင်လဲ ခွင့်လွှတ်တော်မူပါ :P )

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.