စပါးလင်က သီးတဲ့ငွေ
ပြီး
ခဲ့တဲ့ အပတ်က ရခိုင်ပြည်နယ်က လယ်ဧက ငါးသောင်းကို မြန်မာစစ်အစိုးရမှ ဘင်္ဂလားဒက်ရှ် အစိုးရထံသို့ ကန်ထရိုက်ပေးပြီး စိုက်ပျိုးဖို့ သဘောတူခဲ့တာကို မကျေနပ်လို့ ဆောင်းပါးတပုဒ်ရေးပြီး တင်ခဲ့ပါတယ်။ ကိုယ့်လယ်သမား ကိုယ်ပြန်နင်းတဲ့ လုပ်ရပ်မို့ ဒေါသလည်း ထွက်ရပါတယ်။ အဲသည့်တော့ ကျနော်ရေးခဲ့တဲ့ ဆောင်းပါးမှာ တောနယ်မှာ မြေကို ကနေ့အထိမှီပြီး အသက်မွေးရ တဲ့ လူဆင်းရဲတွေအတွက် ဆင်းရဲမွဲတေခြင်းဆိုတာ လျော့ချဖို့ လယ်သမားတွေမှာ ကိုယ်ပိုင် ထွန်ယက်မြေ ရှိဖို့လိုတယ်ဆိုပြီး တင်ပြခဲ့ပါတယ်။
အခု သူများနိုင်ငံတွေမှာ မြေကိုအားထားပြီး လုပ်ကိုင်စားသောက် အသက်မွေးရတဲ့ ကျောမွဲလူတန်းစားတွေရဲ့ ဆင်းရဲ နွမ်းပါးမှုကို နဂိုကထက် လျော့ကြသွားအောင် ဘယ်လိုရင်ဆိုင် ဖြေရှင်းကြသလဲဆိုတာ ထပ်ပြီးတင်ပြ လိုပါတယ်။
ကတ္တာပနားအရပ်၊ ကရယ်လာပြည်နယ်၊ အိန္ဒိယနိုင်ငံ။
ကတ္တပနားအဒေသတွင်းက မရာယော်နဲ့ ကန်သာလာ ကျေးရွာအုပ်စုနှစ်ခုဟာ တောင်ကုန်းတွေပေါ်မှာ တည်ရှိပါတယ်။ အဲသည့် အရပ်မှာ တောင်ပေါ်သား ရွာသားတွေ လယ်လုပ်စားဖို့ ပြန့်ပြူးတဲ့ မြေအနေအထား မရှိကြပါဖူး။ ဒါကြောင့် အစဉ် အဆက် ကတည်းက ထင်းအပါအဝင် သစ်တောထွက် ပစ္စည်းများကို မှီပြီး အသက်မွေးခဲ့ ကြရပါတယ်။ သို့သော်လည်း သစ်တော ဆိုတာ က အရိုင်းသဘာဝ အတိုင်းရှိနေတာမို့ အကန့်အသတ် ရှိပါတယ်။ ကိုယ်လိုချင်သလောက် ရောင်းချင် သလောက် ပစ္စည်းတွေကို ထုတ်လုပ်လို့မရပါ။ ဒါ့အပြင် ကိုယ်လိုချင်သလောက် ထုတ်ယူမယ် ဆိုရင်လည်း နောက်ဆုံးမှာ သစ်တောပြုန်းတာကို တဖက်မှာ ရင်ဆိုင်ရပါတယ်။ သစ်တောပြုန်းပြီ ဆိုတာ သဘာဝအ ရင်းအမြစ်တွေ ကုန်ပြီလို့ ပြောခြင်း ပါပဲ။
တချိန်တုံးက အဲသည့်ကျေးရွာအုပ်စုများက ရွာသားတွေရဲ့ တအိမ်ထောင်စီက ဝင်တဲ့ လစဉ်ဝင်ငွေဟာ ပျမ်းမျှအားဖြင့် ရူပီးငွေ (၇ဝဝ) ပတ်ဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင် တလကို ၁၅ ဒေါ်လာနဲ့ ၁၈ ဒေါ်လာ ကြားလောက်သာ ရှိမယ်လို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။
အဲသည့်အရပ်ဟာ တောင်ကုန်းတွေပေါ်မှာ တည်ရှိနေတဲ့ အရပ်ဆိုပေမဲ့ မိုးခေါင်ရေရှားခြင်းကို မကြာမကြာ ရင်ဆိုင် ရပါတယ်။ နှစ်တိုင်း မိုးမကောင်းပါ။ အဆိုပါ တောင်ကုန်းဒေသ သစ်တောအတွင်းမှာ အမြောက်အများ အလေ့ကျ ပေါက်နေတဲ့ အပင်တွေ ကတော့ ကျနော်တို့ဆီမှာ မုန့်ဟင်းခါးချက်ရင် ထည့်သုံးတဲ့ စပါးလင်ပင်တွေပဲ ဖြစ်ပါတယ်။ ရွာသားတွေဟာ စပါးလင်ပင် တွေ ကို နှုတ်ယူပြီး စပါးလင်အဆီ ထုတ်ယူပါတယ်။ ပြီးရင် အဲသည့် စပါးလင်အဆီကို ပြန်ရောင်းပါတယ်။
စပါးလင်ကနေ ထုတ်ယူတဲ့ ဆီဟာ အခုအိန္ဒိယနိုင်ငံမှာ ဈေးကွက်အသစ် တခုအနေနဲ့ ပေါ်ထွန်းလာတာလည်း တကြောင်းပါ။ စပါးလင်အဆီကို ဆပ်ပြာထုတ်တဲ့နေရာ၊ အခြားလူသုံး အမွှေးအကြိုင်များ ထုတ်လုပ်တဲ့ နေရာများမှာ သဘာဝ ပိုးသတ်ဆေး တမျိုးအနေနဲ့ ထည့်သွင်း အသုံးပြုလာကြလို့ ဖြစ်ပါတယ်။ ကြမ်းတိုက်ဖို့ အိမ်သာဆေးဖို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ထဲမှာလည်း စပါးလင်ဆီကို ထည့်သွင်းအသုံးပြုကြ ပါသေးတယ်။
သို့သော်လည်း စပါးလင်ဆီ ဈေးကွက်ကောင်းတာကြောင့် တောထဲမှာ အလေ့ကျပေါက်တဲ့ စပါးလင်ပင်တွေကို လူကနိုင်သလို ဖြစ် လာတော့ စပါးလင်ပင်တွေ ရှားပါးလာတာနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ ခြောက်နှစ် လောက်ကစပြီး အဲသည့် ရွာသားတွေက စပါးလင်ပင်များကို ကိုယ်တိုင်စိုက်ပျိုး လာခဲ့ကြပါတယ်။ သူတို့စိုက်ပျိုးမဲ့ လိုအပ်တဲ့ မြေကို ပြည်နယ် သစ်တော ဝန်ကြီးဌာနကနေ စီစဉ်ပေးပါတယ်။ ဆိုလိုတာကတော့ သစ်တောတွေကို ခုတ်ပြီး မြေအသစ် ထွင်ရင် သစ်တော ပြုန်းတီး သွား မှာကို စိုးရိမ်တဲ့အတွက် ကာကွယ်တဲ့ အနေနဲ့ ဖြစ်ပါတယ်။
စပါးလင်ပင်ဟာ ရာသီမရွေး စိုက်လို့ရတဲ့ အပင်မျိုးဖြစ်ပါတယ်။ မိုးနည်းလို့လည်း ပြဿနာမရှိတဲ့ အပင်မျိုးလို့ ဆိုပါတယ်။ မြေ အမျိုးအစားလည်း မရွေးပါဖူးတဲ့။ အခုဆိုရင် အဲသည့် မရာယော်နဲ့ ကန်သာလာ ကျေးရွာအုပ်စု နှစ်ခု အတွင်းမှာ စပါးလင် စိုက် တဲ့ မြေဧကပေါင်း (၁၅ဝဝ) လောက်ရှိနေပါတယ်။ စပါးလင်စိုက်တာက ကျန်တဲ့ အပင်များစိုက် သလို အလုပ်မရှုပ်ဖူးလို့ ဆိုပါ တယ်။ စိုက်ပြီးကြားထဲမှာ ရေလောင်းဦး ပေါင်းသင်ဦး ပိုးသတ်ဆေးဖျန်းဦး စတဲ့ အလုပ်တွေ မလိုတဲ့ အတွက်လည်း အဲတာတွေ အတွက် ထပ်ပြီး စရိတ်ကုန်ကျစရာ မလိုတော့ပါ။
စပါးလင်စိုက်ဖို့ မျိုးစေ့ဈေးနှုန်းဟာ တကီလိုဂရမ်ကို ရူပီးငွေ ၆ဝ ကျသင့်ပြီး တဧကမှာ စပါးလင် စိုက်မယ်ဆိုရင် စပါးလင် မျိုးစေ့ ၂ဝ ကီလိုဂရမ်လိုပါတယ်။ တဧကအတွက် မျိုးစေ့စရိတ် ရူပီးငွေ (၁၂ဝဝ) ကုန်ကြပါတယ်။ စပါးလင် တဧက စိုက်ရင် တနှစ်မှာ စပါးလင်အလေးချိန် ကီလိုဂရမ် ၃ဝ နဲ့ ၄ဝ အကြား ထွက်ရှိတယ်လို့ ဆိုပါတယ်။ စပါးလင် အမျိုးအစားကို လိုက်ပြီး ပြန်ရောင်း တဲ့အခါမှာ စပါးလင် တကီလိုဂရမ်ကို ရူးပီးငွေ ၃၅ဝ (သို့) (၄ဝဝ) နဲ့ရောင်းချပါတယ်။ နောက်ပြီး စပါးလင် ၂၅ ကီလိုဂရမ် ကနေ အဆီ ထုတ်ယူရင် ဆီအလေးချိန် ကီလိုဂရမ်ဝက် ထုတ်ယူလို့ရနိုင်ပြီး အချိန် နှစ်ရက်သာ ကြာတယ်လို့ လယ်သမားများက ဆိုပါတယ်။
အခုဆိုရင် စပါးလင်ဆီ ဝယ်ယူနှုန်းဟာ ကောင်းလာတဲ့အတွက် စပါးလင်စိုက်ပျိုးပြီး ဆီထုတ်ယူတဲ့ လုပ်ငန်းဟာ ပိုမို မြင့်တက် လာ တယ်လို့ နယ်ခံလယ်သမားများ ရှင်းပြပါတယ်။ သို့သော်လည်း စပါးလင်ဆီ ကောက်တဲ့သူတွေက လယ် သမားတွေ ဆီကနေ တိုက် ရိုက်ဝယ်ယူတဲ့ နေရာမှာ ခေါင်းပုံဖြတ်တဲ့အတွက် ပန်ချာရပ်လို့ခေါ်တဲ့ ကိုယ့်အားကိုယ်ကိုး ဖွဲ့ထားတဲ့ ကျေးရွာ စည်းရုံးရေး အဖွဲ့အစည်းများက ဈေးနှုန်းအမှန်အတိုင်းရဖို့ ကြိုးစားနေကြပါတယ်။
စပါးလင်စိုက်တဲ့ လယ်သမားတွေရဲ့ အပြောအရ သစ်တောဝန်ကြီးဌာနက သူတို့ကို အပြည့်အဝပူးပေါင်း ကူညီတဲ့ အတွက် စပါးလင် စိုက်ပျိုးတဲ့အခါမှာ အခုလို အဆင်ပြေရတာ ဖြစ်ကြောင်းကိုလည်း ရှင်းပြကြပါတယ်။
လယ်သမားတဦးဟာ များများစားစား မဟုတ်ဘဲ စပါးလင်စိုက်ဧက ၂ ဧက၊ ၃ ဧက လောက်ရှိရင်ပဲ တနှစ်စာရပ်တည် နိုင်ဖို့ အဆင်ပြေ လာကြပါတယ်။ တကယ်သာ ပြည့်ပြည့်ဝဝ အကူအညီရမယ်ဆိုရင် အသေးစား လယ်သမားတွေဟာ သူတို့ ရင်ဆိုင် နေရတဲ့ ဆင်းရဲမွဲတေမှုကို အဆင့်တခုအထိ ကိုယ့်အားကိုယ်ကိုးပြီး လျော့ချလာနိုင်ကြောင်း တွေ့ရပါတယ်။ ရွာသားများရဲ့ အဆို အရ စပါးလင်စိုက်ပျိုးခြင်းဟာ အခုဆိုရင် သူတို့ဆန်အိုးကို ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်း ဖြစ်လာတဲ့ အတွက် စနစ်ကျတဲ့ စပါးလင်ဆီ ဈေးကွက်တခု ပီပီပြင်ပြင် ဖြစ်လာဖို့ မျှော်မှန်းနေကြပါတယ်။
မြေကို အခြေခံပြီး အသက်မွေးရတဲ့ လူတန်းစားတရပ် ဆင်းရဲခြင်းကနေ အတိုင်းအတာ တခုအထိ လျှော့ချနိုင်ဖို့အတွက် သက်ဆိုင်ရာများကနေ (ထပ်၍ဖိနှိပ်ခြင်းမပြုဘဲ) ကူညီဖို့လိုသလို သူတို့ရဲ့ နစ်နာချက်များကို တင်ပြနိုင်ဖို့၊ သူတို့ရဲ့အသံကို အမှန်အတိုင်း ကြားနိုင်ဖို့ သူတို့ကိုယ် ကိုယ်စားပြု အဖွဲ့အစည်းများလည်း တဖက်မှာ လိုအပ်ပါတယ်။
ပြီး။
သို့သော်။ ဘုရား... ဘုရား။ (နအဖ) စစ်အစိုးရများ သည်သတင်းကို ကြားလို့ ကြက်ဆူပင်စိုက်တာတွေ ပြန်နှုတ် စပါးလင်ပဲ စိုက်ရမယ်လို့ အမိန့်ပေးလာပါလျှင်၊ မြန်မာတနိုင်ငံလုံး စပါးလင်ဆီထုတ်ဖို့ လွတ်နေသော နေရာတိုင်းမှာ စပါးလင်ပင်များ မစိုက် မနေရဟု လုပ်လာရင်တော့ သည်ဆောင်းပါး ရေးရကျိုးမနပ် ဖြစ်ရပါတော့မယ်။
ဇော်မင်း (လူ့ဘောင်သစ်)
You received this email because you are subscribed to the real_time feed for http://fine-leaves.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.