Friday, November 14, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ရှင်အားအတင်းတုတ်ခြင်း

မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ရှင်အားအတင်းတုတ်ခြင်း

ထူးထူးဆန်းဆန်း လို့ ဆိုရမလားပဲ။ ကျမအသိထဲမှာ မွေးနေ့တူသူ သုံးဦး ရှိတယ်သိလား။ လနဲ့ ရက်နဲ့ပေါ့နော်။ မွေးတဲ့ နှစ်တော့ မတူကြပါဘူး။ သူတို့အားလုံး နိုဝင်ဘာ(17) ရက်နေ့မှာ မွေးတာသိလား။ :z

တစ်ယောက်က ကျမရဲ့ အဒေါ်အရင်းပါ။ ငယ်ငယ်တုန်းက စာကျက်စေချင်တဲ့အဒေါ်က စာမေးပွဲနားနီးမှ စာကျက်တဲ့ ကျမကို တစ်စက်မှ မကြည့်ရခဲ့။ ကျမကလည်း စာကျက်ပျင်း၊ အဒေါ်က စာကျက်ခိုင်းနဲ့ စာကျက်ဖို့အရေး ၊ ပြေးတိုင်းလိုက်တိုင်း ကစားနေကြ။ :z မေမေကတော့ ကျမရဲ့ အူကြောင်ကြောင် မှတ်ဉာဏ်ကို ယုံလို့ ဆူလည်း မဆူ ၊ ငေါက်လည်း မငေါက်ပါ ။ ဖေဖေကလည်း ကျမကို အရမ်းချစ်တော့ ဘာတစ်ခုမှ အပြစ်ပြောလေ့မရှိ။ အဲဒီ အဒေါ်ပဲ အမြဲ ပွစိ ပွစိ။ ဟိ ဟိ။ အဒေါ့်စေတနာကို နားလည်ပေမယ့် ကလေးပီပီ စိတ်ညစ်ခဲ့တာတော့ အမှန်ပဲ။ ကျမကို မချစ်ဘူးလို့လည်း ထင်ခဲ့တာပေါ့နော်။ အမြဲ ဆူခံထိနေတာဆိုတော့။ ;) အဒေါ် ကျမကို ချစ်မှန်း သေချာသိလိုက်ရတာက ဂျပန်လာတော့မှ သိလား။ ဂျပန် စရောက်ခါစက အချိန်ပိုင်းအလုပ်လည်း မရှိ၊ ဂျပန်ရောက်တာနောက်ကျခဲ့တော့ ကျောင်းမှာ အပေါင်းအသင်းရယ်လို့လည်း ချက်ချင်း ရှာမတွေ့သေး၊ အမျိုးအဆွေလည်း မရှိ၊ ဘေးပတ်ဝန်းကျင်မှာလည်း မြန်မာမရှိ၊ တစ်ယောက်တည်း အထီးကျန်ဆန်လွန်းတဲ့ ကျမကို အမြဲအားပေးခဲ့တာ အဒေါ်ပါ။ ကျမကို သနားလွန်းလို့ ကျမနဲ့ တူတူ ဖုန်းထဲမှာ ငိုခဲ့တာလည်း အဒေါ်ပါပဲ။ မိဘတွေက ပိုက်ဆံပို့ပေးတိုင်း သူမရဲ့ ပိုက်ဆံတစ်ချို့ကိုပါ ထည့်ဝင်ပေးတတ်ခဲ့တာလည်း အဒေါ်ပါပဲ။ အဒေါ့် ကျေးဇူးတွေ၊အဒေါ့်စေတနာတွေကို ကြာလေ ကြာလေ ပိုသိလာလေပဲ။ အသိနောက်ကျခဲ့တဲ့အတွက် ခွင့်လွှတ်ပါ ........လို့ပဲ အဒေါ်သိအောင် ပြောကြားရင်း အဒေါ်မွေးနေ့ကို ကြိုဆုတောင်းပေးချင်ပါတယ်။ "အန်တီလတ်မွေးနေ့မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။" :y

နောက်တစ်ယောက်က အစ်ကိုတစ်ဝမ်းကွဲရဲ့ သူငယ်ချင်းပါ။ :z အစ်ကိုတစ်ဝမ်းကွဲက ငယ်ငယ်လေးထဲက ကျမတို့နဲ့ တူတူနေတာဆိုတော့ အစ်ကိုအရင်းမရှိတဲ့ ကျမတို့မောင်နှမအတွက် အစ်ကိုအရင်းလို့ပဲ သက်မှတ်ထားရတဲ့ အစ်ကိုပါ။ အစ်ကို့သူငယ်ချင်းတွေကလည်း ကျမတို့အတွက်တော့ အစ်ကိုတွေပါပဲ။ အစ်ကို အရွယ်ပေမယ့် သူတို့က ဦးလေးလို့ ခေါ်စေချင်ကြတယ်ရှင့်။ အသက်ကဖြင့် (7~8)နှစ်ပဲ ကွာတာကို သိလား။ :z သူတို့ ဘာလို့ ဦးလေးခေါ်ခံချင်လည်းဆို ကျမမှာ အရမ်းချောတဲ့ အဒေါ်ငယ်ငယ်လေး ရှိတယ်ရှင့်။ :)သူတို့နဲ့ ရွယ်တူပဲလေ။ ဒါကြောင့်၊ ဦးလေးလို့ အခေါ်ခံချင်ကြတာ။ ဟိ ဟိ။ အခု မွေးနေ့ရှင်အစ်ကိုကြီးကို သုံးတန်းကတည်းက သိတာလေ။ ဒီတော့ အရမ်းခင်ပါတယ်။ ဦးလေးလိုကော၊ အစ်ကိုလိုကောလေ။ တစ်ကယ်က လျှောက်ပြီးသာ ဦးလေးအခေါ်ခံချင်တာ၊ အဒေါ်သေးသေးလေးကို သူကြိုက်တာလေးမဟုတ်။ :p သူ့မှာလည်း သူ့ရည်းစားနဲ့၊ (အခုတော့ သူ့မိန်းမပေါ့။ ) ချောချောလေးပဲ။ ကလေး အမွှာပူးလေးလည်း မွေးထားသေးတယ်သိလား။ အစ်မနဲ့ တူတော့ ကလေးလေးတွေက ချောလိုက်တာ၊ ဟိ ဟိ။ ဟိုနေ့က အစ်ကိုတစ်ဝမ်းကွဲရဲ့ မင်္ဂလာဆောင် အခွေမှာ တွေ့လိုက်တာ။ ဦးလေးအစ်ကိုကြီးကတော့ စိတ်ချမ်းသာလွန်းလို့ ထင်တယ်၊ ဝဖြီးလို့။ :p "ဦးလေးအစ်ကိုကြီးရေ၊ မွေးနေ့မှာ ကလေးနှစ်ယောက်နဲ့ မမနဲ့အတူ မွေးနေ့ပွဲကောင်းကောင်းကျင်းပနိုင်ပါစေနော်။ ကလေးတွေလိုချင်တာ ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဖေဖေကောင်းတစ်ယောက်ဖြစ်ပါစေ။ :p "

နောက်တစ်ယောက်က သူငယ်ချင်းပါ။ ကောင်စုတ်ပလုတ်ပေါ့။ သိတာ (7)နှစ်ရှိပြီ။ ရေစက်ပါပုံများ၊ မန္တလေးမှာ ကျောင်းတက်တုန်းကလည်း တူတူ။ ရန်ကုန်မှာ ကျောင်းတက်တော့လည်း တူတူ။ အဲ၊ အေးအေးဆေးဆေး ဂျပန်ရောက်လာလို့ တွေ့ရတော့ဘူးထင်ထားပါတယ်။ ကျမရောက်ပြီး နောက်တစ်နှစ်မှာ ပေါက်ချလာပါလေရော။ သူ့ကောင်မလေးက ဂျပန်သွားမယ်ဆိုတာနဲ့ စိတ်မချနိုင်ပဲ ပါလာတာလေ။ သူ့ကောင်မလေးလို့သာ ပြောတာ။ သူကြိုက်နေတဲ့ ကောင်မလေး ။ သူ့ထက် နှစ်နှစ်ငယ်တယ်သိလား။ ဟို ကောင်မလေးက သူ့ကို မကြိုက်။ သနားပါတယ်နော်။ ဟိ ဟိ။ ဟိုက သူ့ကို မကြိုက်တာကို သိသိချည်းနဲ့ သူ့ခမျာ ကောင်မလေး ခိုင်းတာဆို အကုန်လုပ်ပေးတယ်သိလား။ ကျမ အပေါ်များတော့ ပိုက်ဆံချေးခါနီးကြရင် ၊ အကူအညီလိုရင် ဖုန်းဆက်တတ်တဲ့ သူငယ်ချင်း အကောင်းစားကြီးလေ။ ဟိုတစ်ခါ မြန်မာနိုင်ငံကို သုံးပတ်ပြန်တာ သူ့ကောင်မလေးကို ပဲ အကြောင်းကြားသွားတယ်။ ကျမဆီတော့ ယောင်လို့တောင် ဖုန်းမဆက်ခဲ့။ ဟိုကောင်မလေးအတွက်တော့ မှာသမျှပစ္စည်း တစ်ခုမကျန် သယ်လာပုံပဲ။ တစ်ကယ်ဆို ကျမက ဘာလူကြုံမှ မှာလေ့မှာထမရှိဘူး။ ကိုယ်ချင်းစာလို့လေ။ ပြီးတော့ မေမေကလည်း နှစ်လတစ်ခါလောက် EMS နဲ့ ပို့ပေးနေကြ။ ;) ဒါကို သူက လူကြုံမှာမှာစိုးလို့ အကြောင်းတောင် မကြားပဲ ပြန်သွားတာ။ စိတ်တိုတိုနဲ့ မခေါ်ပဲ နေတော့လည်း ဂျပန်ပြန်ရောက်လာတော့ အတင်း ပြန်လာခေါ်သေးတယ်သိလား။ အမြင်ကို ကပ်တယ်။ အဟုတ်။ :p ကျောင်းတက်တုန်းကလည်း သူစာမကျက်တိုင်း၊ စာမရတိုင်း ဆရာက ကျမကို လာဆူတယ်။ သူနဲ့ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ပဲနဲ့။ ဆရာက သူ့ကို မတွေ့တိုင်း ကျမကို သူ့အစား ဆူတယ်။ ဟင့် ဟင့်။ ကိုယ့်အပေါ်မကောင်းတာက ခပ်များများရှိတဲ့ အစုတ်ပလုပ်ကောင်ရှုပ်လေးကို သူငယ်ချင်းသံယောဇဉ် ကလည်း ရှိနေတော့ ဆုတောင်းပေးရမှာပေါ့လေ။ " ကောင်စုတ်ပလုတ်၊ မိန်းမမြန်မြန်ရပါစေ။ " ;)

အပေါ်က လူသုံးယောက်က မွေးနေ့၊ မွေးလတူပါတယ်။ မွေးနှစ်ပဲ မတူကြတာပါ။ သူတို့အကြောင်းတွေ ရေးရင်းရေးရင်းနဲ့ နိုဝင်ဘာဖွားနောက်တစ်ယောက်ကို သတိရမိတယ်။ သူမက တော့ နိုဝင်ဘာ (12)ရက်မှာ မွေးတာပါ။ :z ကျမထက် ဆယ်ရက်ပဲ ကြီးပြီး ဆယ်နှစ်စာလောက် ဆရာလုပ်တတ်တဲ့၊ ကျမနဲ့ မတည့်မခေါ်ပဲ မနေနိုင်တဲ့ တယ်ရင်း အစုတ်ပလုတ်မပေါ့။ ဟိ ဟိ။ {ကျမက အရမ်းခင်တဲ့ လူတွေကို စိတ်ဆိုးရင် အစုတ်ပလုတ်လို့ ပြောတတ်တယ်သိလား။ သူမက မိန်းကလေးဆိုတော့ အစုတ်ပလုတ်မပေါ့နော်။ တစ်ခါတလေတော့လည်း ချစ်စနိုးနဲ့ ခေါ်တာပါ။ :p} ကံဆိုတာများ တော်တော်ဆန်းကြယ်တယ်။ သူမနဲ့ ကျမက ငယ်ငယ်တုန်းက ကျောင်းမတူဘူးရှင့်။ ကံဆိုးတာလား ၊ ကံကောင်းတာပဲလား မသိ၊ ကျုရှင်က တူတူ။ ဒီတော့ သူမကို မသိချင်လည်း သိရတော့တာပေါ့နော်။ ငါးတန်းကြတော့ တစ်ကျောင်းတည်း ဖြစ်သွားပါလေရော။ ကံကောင်းတာတစ်ခုက အခန်းမတူဘူး။ ကံဆိုးတာနှစ်ခု က ကျုရှင်တူတူပဲ။ ဟင့် ဟင့်။ နောက်တစ်ခုက တရုတ်ကျောင်း မှာ အတန်းတူတူပဲ။ ဒီတော့ရှင်၊ မတွေ့ချင်လို့ကို မရ။ တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့ရတယ်။ ခြောက်တန်းနှစ်ကနေစပြီး ဆယ်တန်းအထိ အတန်းတူ၊ အခန်းတူ၊ ကျုရှင်တူ၊ နဲ့ မခင်ချင်လို့မရ ခင်ခဲ့ရတဲ့ တယ်ရင်း အရင်းခေါက်ခေါက်ကြီးပေါ့။ :p တက္ကသိုလ်တက်တုန်းက ခဏ အဆက်အသွယ်ပြတ်သွားသေးတယ်။ ဂျပန်ရောက်တော့ ပြန်ဆက်သွယ်မိပြန်ရော။ သေချာတွက်ကြည့်ရရင်သူမနဲ့သိခဲ့တာ (14)နှစ်လောက်ရှိပြီ။ ဟိဟိ။ :z ဒီလောက် နှစ်ရှည်လများ သိခဲ့တော့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ။ ဒါကြောင့် ထင်တယ်၊ တွေ့လိုက်တိုင်းလည်း တစ်ကျက်ကျက်၊ တစ်စက်မှ မတည့်။ ;) ဒါတောင် သူမက ကျမကို ယောင်းမတော်မလို့တဲ့။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ သူမမှာ ပေးစရာ ဘာမှဖြင့် မရှိပဲနဲ့၊ ဘုရား၊ ဘုရား လေးနှစ်ကျော်ကွာတဲ့ မောင်လေးကို ပေးပြီးတော့ သူမကို ယောင်းမ တော့ မတော်နိုင်ပေါင်။ ဒါနဲ့၊ ယတိပြတ်ငြင်းထားရတယ်သိလား။ :p မတော်ရေးချ မတော်လို့။ :z ဟိ ဟိ။ သူမ အတင်းတွေ ထိုင်တုတ်နေတာ ကြားသွားရင်တော့ လာဆဲမလားပဲ။ ဟဲ ဟဲ၊ "နာ့တယ်ရင်းလေးရေ၊ စိတ်ဆိုးနဲ့နော်။ ခင်လို့ စတာပါအေ့။ အသက် တစ်နှစ်ကြီးပြီနော်။ စိတ်ဆိုးတတ်တဲ့ စိတ်တွေကို လျှော့တော့နော်။ နင့်မွေးနေ့မှာ ဘုရားသွားရင် နာ့အတွက်လည်း ဆုတောင်းပေးခဲ့အုန်းနော်။ :p " "နာတို့တွေ အပြန်အလှန် ဆုတောင်းကြရအောင်နော်။ ဟိ ဟိ။ "

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.