Friday, November 14, 2008

[We She Me] 1 New Entry: ငန်းတစ်အုပ်ရဲ့ အထ္တုပတ္တိ

ငန်းတစ်အုပ်ရဲ့ အထ္တုပတ္တိ

ကြားဖူးနေတာတော့ ကြာပါပြီ။ ဘယ်သူတွေအတွက် ပြောထားတာလဲကိုတော့ ရေးတေးတေးပဲ။ အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် အတွင်းမှာ (ယောက်ယက်ခပ်အောင်) ရုန်းကန်နေရသူတွေကို ဘာနဲ့ တူသလဲဆိုတော့ ရေပြင်ပေါ်မှာ အိနြေ္ဒရရ သွားနေတဲ့ ငန်းတစ်ကောင်လိုပဲတဲ့။ ဒီအတိုင်း ကြည့်လိုက်ရင်တော့ ရေပြင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ရေအောက်မှာတော့ ခြေနှစ်ချောင်းကို မရပ်မနား ရုန်းကန်နေရရှာတယ်တဲ့။

ကျွန်တော်တို့ မိသားစုလည်း ဒီလိုပါပဲ။ အများအားဖြင့် ကိုယ့်မိသားစု အကြောင်း ရေးတဲ့ ဒီဘလော့ဂ်လေးကို ဖတ်လိုက်ရင် ဒီမိသားစုကတော့ အင်မတန်ကို ၀မ်းသာ ကြည်နူးစရာ ပဲပေါ့။ တကယ်တော့လည်း ရေပြင်ပေါ်က ငန်းတစ်ကောင်လိုပါပဲ။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ အတွင်းမှာတော့ သူလို ကိုယ်လို မိသားစုတွေလိုပဲ ရုန်းကန် ပူပင်နေရတာပါပဲ။ စားရေး သောက်ရေး၊ နေရေး ထိုင်ရေး၊ ကလေးတွေ အနာဂတ်၊ ကိုယ့်အနာဂတ်၊ အလုပ်အကိုင်... စသည် စသည်နဲ့ အခုခေတ်မှာ ပူပင်စရာတွေက ပိုတောင် များလာသေးတယ်။

ဘလော့ဂ် စရေးတော့ ဘယ်ဟာကိုတော့ ရေးမည်။ ဘယ်လိုမျိုးကိုတော့ ရှောင်မည် ဆိုပြီ အနည်းနဲ့ အများတော့ သတ်သတ်မှတ်မှတ်လေး လုပ်ထားပါတယ်။ အဲဒီထဲမှာ ဒီမိသားစုရဲ့ ကြည်နူးစရာ အချက်လေးတွေတော့ ရေးမည် ပါတယ်။ ဒါကိုက ဒီဘလော့ရဲ့ အဓိက Theme ပါပဲ။ ဒီလိုရေးတဲ့ အတွက် ကိုယ်လည်း ၂ ခါပြန် ကြည်နူးရတယ်။ ကိုယ်တင်လိုပဲ ကိစ္စများမြောင်းနဲ့ ရုန်းကန်နေရတဲ့ စာဖတ်သူတွေကိုလည်း အကြည်ဓါတ်လေး ကူးစက်ပါစေတော့ပေါ့။ အလုပ်ထဲမှာ အရမ်း ပင်ပန်းပြီး စိတ်ရှုပ်လာလို့ ခဏလောက် နားတဲ့ အချိန်မှာ ရွှင်လန်းစရာ Web Site လေး တစ်ခုလောက် ကြည့်လိုက်ရင် နည်းနည်းတော့ စိတ်ထွက်ပေါက် ရသွားသလို ကိုယ့်ဘလော့လေးကလည်း ဒီလို ဖြစ်စေတော့ကို ဘာရယ်တော့ မဟုတ် ရည်ရွယ်ပါတယ်။

ဒီလို ကြည်နူးစရာ ကောင်းကွက်လေးတွေပဲ ရေးတယ် ဆိုပေမည့် ဘလိုင်းကြီး ညာဖြီး လာရွှီးလို့လည်း ရတာမျိုးတော့ မဟုတ်။ သူငယ်ချင်း တစ်ယောက် နောက်ဖူးသလို "အန်ဒီ... ကြည့်ရွှေနော် ကြည့်ရွှေ" တဲ့။ ဒီဘလော့ ဖတ်တဲ့ သူတွေထဲမှာ ကျွန်တော်တို့ကို အပြင်မှာ မြင်ဖူး ဆက်ဆံဖူး ကျွန်တော်တို့ အကြောင်းကို ခရေစေ့ တွင်းကျ မဟုတ်တောင် အထိုက်အလျောက် သိတဲ့သူတွေကလည်း အယောက် တစ်ရာမကဘူး။ အဲဒီလိုမှ မဟုတ်လည်း ဖတ်ကောင်းပါစေတော့ ဆိုပြီး ရေးချင်တိုင်း ရေးလို ရတာမျိုးမဟုတ်။ စာဖတ်သူတွေဆိုတာ ဆင်ခြင်တုံတရားနဲ့ အတွေ့အကြုံတွေက အသက်အရွယ်နဲ့ အလိုက် အပြည့်အ၀ ရှိထားတာမျိုး။ စာတစ်ပုဒ် ဖတ်လိုက်တာနဲ့ ကောင်း၏၊ မကောင်း၏၊ ဟုတ်၏ မဟုတ်၏ ဆိုတာကို ချက်ချင်း တန်းသိတာ။ အဲဒါကိုမှ ဇွတ်တရွတ် မဟုတ်တန်းတရား ရေးမည်ဆို ယောင်လိုတောင် လှည့်ကြည့်တော့မှာ မဟုတ်ဘူး။ အဓိက ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေပေါ့။

အဲဒီတော့ မဟုတ်က ဟုတ်က တွေ မရေးဘဲ ဟုတ်က ဟုတ်က တွေပဲ ရေးတော့တယ်။ ညာမဖြီးပေမည့် ကောင်းကွက်လေးတွေပဲ ရွေးရေးတယ်။ White lie ရယ်လည်း မဟုတ်ဘူးပေါ့။ လောကမှာ ဒီလိုပဲ ကောင်းကွက်တွေ ရှေ့တင်ရတဲ့ အခါ ရှိသလို လူသနားအောင် ဟာကွက်တွေ ဗန်းပြရတာမျိုးလည်း ရှိတာပဲ။ သူနေရာနဲ့ သူပေါ့။ ဒါပေမယ့်လည်း တမင်တကာကြီး လူသနားအောင်တော့ လုပ်မရေးပါဘူး။ မေတ္တာတွေ ဖိတ်ဖတ်ယို ကျအောင်လည်း မလုပ်ပါဘူး။ လူတွေ အကြည်ငြိုကြီးအောင်လည်း ဖိန့်ဖိန့် လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့က ကိုယ်လမ်း ကိုယ်သွားချင်တာပါ။ ကိုယ့်မြင်း ကိုယ်စိုင်းတတ်တာမျိုးပါ။

ကလေး နှစ်ယောက်နဲ့ ပိုပြီး ကြည်နူးရသလို အပူအပင်ကလည်း နှစ်ဆ မကပါဘူး။ အသုံးစရိတ်က ၂ဆ ပိုကုန်သလို Opportunity Cost ကလည်း ကုန်ပါသေးတယ်။ ကလေး ၂ ယောက်နဲ့မို့ သူမက အလုပ်မလုပ်နိုင်တော့ ၀င်ငွေက ထက်ဝက်လျော့ကျသွားပါတယ်။ မိအေး ၂ ခါနာပေါ့။ ချမ်းသာတဲ့သူက ပိုချမ်းသာ၊ ဆင်းရဲတဲ့ သူက ပိုဆင်းရဲတဲ့ ခေတ်ကြီးမှာ ကွာဟမူဆိုတာ ရှိလာရင် အချိန်နဲ့ အမျှ ကွာဟမူဟာလည်း ပိုပြီး ကြီးလာတယ်။ Gap က ပိုကျယ်လာရော။ ပြီးတော့ နေတဲ့ နိုင်ငံကလည်း အသုံးစားရိတ် အတော်အတန် မြင့်တဲ့ နိုင်ငံဆိုတော့ နည်းနည်းမှ မလှုပ်လိုက်နဲ့ လှုပ်လိုက်တာနဲ့ အထုပ်လိုက် ကုန်မည် ဆိုသလို ဖြစ်နေတော့ တုပ်တုပ်တောင် မလှုပ်ရဲဘူး။ အဲဒါကလည်း ဒီဘလော့ ရေးနေရခြင်း အကြောင်း တစ်ရပ်ပဲ။ ဘလော့ ရေးတော့ ပိုက်ဆံ မကုန်ဘဲ အပျင်းလည်းပြေ Social လည်းရ ဖြစ်နေတာကိုး။ စေတနာထား ရေးရင် ကုသိုလ်တောင် ရဦးမည်။

ဒီဘလော့ကို ဖတ်ပြီး အမှန်တကယ် ကြည်နူးတဲသူတွေ ရှိတော့ ၀မ်းသာရပါတယ်။ ကောင်းကွက်တွေချည်း ရွေးရေးတော့ ကြွားသလိုတော့ ဖြစ်နေပြန်လို့ ဘလော့စရေးတုန်းက ဘလော့ Intro မှာ "သွားတာတွေ ပါမည်။ စားတာတွေ ပါမည်။ ကြွားတာတွေ ပါမည်။ မှားတာတွေ ပါမည်" ဆိုပြီး ရေးသေးတယ်။ နောက်တော့ အဲဒီ Intro ကို တွေ့ပြီး မြင်မြင်ချင်း လန်ထွက်သွားတဲ့ Visitor အသစ်တွေကို သတိထားမိလို့ ပြင်လိုက်တာ။ ကိုယ်ကတော့ အရိုးခံနဲ့ ရေးထားတာပါ။ ဒါပေမယ့် First Impression မကောင်းလို ပြင်လိုက်တာ။ တစ်ခါတစ်လေကျတော့လည်း Message တစ်ခု Knowledge တစ်စ ပေးဖို့ ဒီအတိုင်း မရေးတတ်လို့ ကိုယ်ကြုံဖူးတာနဲ့ ပြချင်ပေမည့် အရေးမတတ်တော့ ကြွားသလို ဖြစ်သွားတယ်။ အမှန်အတိုင်း ၀န်ခံရရင် တစ်ခါတစ်လေတော့လည်း ကြွားတာပါ။ လူပဲလေ။ အနားမှာ ကြွားစရာ လူကလည်း ခပ်များများ မရှိတော့ ဒီလိုပဲ ဘလော့မှာ တက်ကြွားလိုက်တယ်။ နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခပေါ့။ ကြွားချင်ရင်တောင် ဘလော့နဲ့ ကြွားရတယ်။ ဖြစ်ပုံက။

ကျွန်တော်တို့ နှစ်ယောက်စလုံးက ရောင့်ရဲတတ်သူတွေ မဟုတ်သလို အရမ်း ချမ်းသာနေချင်သူတွေလည်း မဟုတ်ပါဘူး။ လက်ရှိ အနေအထားကလည်း လိုချင်သမျှ ပြည့်စုံနေတာ မဟုတ်သလို၊ နဖူးက ချွေး ခြေမ ကျနေတဲ့ အနေအထားလည်း မဟုတ်သေးပြန်ဘူး။ အဲဒီတော့ ဒီထက်ပိုပြီးတော့ ပြည့်စုံချင်သလို ဒီဘ၀မှာလည်း ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတာပါ။ အဲဒီလို ပျော်ရွှင် စိတ်ချမ်းသာစရာတွေပဲ ဘလော့မှာ ရေးပြီး ပြည့်စုံအောင် ရုန်းကန်နေရတာကိုတော့ ရေးစရာ ရှိမှပဲ ရေးပါတယ်။ စာဖတ်သူတွေ အတွက် အကျိုးရှိမည် ဆိုရင်တော့ အထုတ် ဖြည်ပြရတာပေါ့။ မလိုအပ်ရင်တော့လည်း ကိုယ့်အပူ ကိုယ့်ဟာကိုယ် ကျိတ်ပြီး ဖြေရှင်းပေါ့။

ကြွားတယ် ထင်တာက ဖြေသာပါသေးတယ်။ ကိုယ်က ကောင်းတာတွေချည်းပဲ ရေးလို ဒီဘလော့ကို ဖတ်ပြီး ကိုယ့်ကို မနာလို ဖြစ်တဲ့သူ ရှိတယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ အံ့သြယူရတယ်။ ကျွန်တော်တို့မှာ ဘ၀က မပြည့်စုံခဲသလို မပြည့်စုံသေးတော့ ကိုယ်က အားကျနေရတဲ့သူတွေက ခပ်များများရယ်။ ပြီးတော့ ကိုယ်မပြည့်စုံတာ ကိုယ်သာ သိနေတော့ ကိုယ့်ကို မနာလို ၀န်တို ဖြစ်နေတဲ့သူတွေ ရှိမည်ဆိုပြီး ဘယ်တုန်းကမှ မထင်ထားဘူး။ ဒါဟာ စိတ်ထားပြည့်ဝလွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ် အလုပ်တွေ ရှုပ်နေပြီး ဒါမျိုးတွေ ခေါင်းထဲမှာကို မရှိတာပါ။ မနာလိုခဲ့ရင်လည်း ဒီလို မနာလို ဖြစ်တတ်တာကို ကိုယ်ချင်းစာပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း J ၀င်ဖူးတယ်။ ၀င်တာမှ ပြောင်းပြန်ကြီး ၀င်တာဆိုတော့ ပြန်ထုတ်ရခက်တယ်။ 

လူတွေမှာ မနာလို ဖြစ်တဲ့အခါ (ကျွန်တော့် ခံစားချက်အရ) နှစ်မျိုး ရှိတယ်။ ဘလိုင်းကြီး စိတ်ပုတ် စိတ်ယုတ်မာပြီး မနာလို ဖြစ်တာနဲ့ အလိုလို မနာလို ဖြစ်တာ။ ဥပမာ ကျွန်တော်က ငါလည်း Software တွေး ရေးတတ်ရဲ့သားနဲ့ ဘာလို့ Bill Gate လို မချမ်းသာရတာလည်း ဆိုပြီး Bill Gate ကို မြင်ရင် စိတ်တွေ ပုတ် စိတ်တွေယုတ် ဖြစ်တာ။ ဒါမျိုးက ဘလိုင်းကြီး မနာလို ဖြစ်တာ။ ဘယ်လိုလည်း ဆိုတော့ ကိုယ့်က Apple ဖြစ်နေတာကို ဟွန်း Orange ကတော့ သူ့အစိတ်လေးတွေနဲ့သူ ငါ့မှာတော့ တစ်ဆက်တည်း အခွံကလည်း သူလို ထူထူ ပွပွ မဟုတ်ဘူးဆိုပြီး ကိုယ်နဲ့ ဘယ်လိုမှ မတူနိုင်သူကို သူ့လို မဖြစ်ရကောင်းလား ဆိုပြီး မနာလို ဖြစ်တာ။ တကယ်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အတိတ်ချင်း မတူဘူး၊ အကျိုးပေးခြင်း မတူဘူး။ လက်ရှိအနေအထားခြင်း မတူဘူး။ အနာဂါတ်ခြင်း ဘယ်လိုလည်းမှ မတူနိုင်ဘူး။ မတူနိုင်လို အတူတူ မဖြစ်ရတာကို ဘာမှ မနာလိုနေစရာ မရှိပါဘူး။

"Did I say that? Then I lied" လို့ ပြောရမလို ဖြစ်နေပြီ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုတာ အကျယ်သဘောမှာ ပြောတာပါ။ တိုင်းတာတဲ့ Scope ကို ချုံ့လိုက်ရင် Measuring Method ကို လျှော့လိုက်ရင် ပြောင်းလိုက်ရင်တော့ တူနေတဲ့နေရာတွေ တူနေရော။ အဲဒီမှာ J စ ၀င်တာပဲ။ ကျွန်တော် အရင် အလုပ်လုပ်တုန်းက အဲဒီ ကုမ္ပဏီက နိုင်ငံခြားကို ပို့ပေးတယ်။ ၀န်ထမ်းတိုင်းကို ပို့တာမဟုတ်ဘဲ အထက်က ရွေးချယ်ချင်သလို ရွေးချယ်ပြီး ပို့ပေးတာ။ အဲဒီတော့ ကိုယ်က အရွေးမခံရဘဲ တခြားသူကို ရွေးသွားရင် စတင် နှိုင်းယှဉ်ကြည့်ပြီး အရွေးခံရတဲ့သူနဲ့ ကိုယ်နဲ့ အတူတူ ဖြစ်နေရင် (ထင်နေရင်) မနာလိုတာ အလိုလို ဖြစ်လာတော့တာပဲ။ သူနဲ့ကိုယ်နဲ့က ကျောင်းမှာလည်း အတန်း အတူတူ။ ဒီကုမ္ပဏီကို ၀င်တာကလည်း တစ်ရက်တည်း ဉာဏ်ရည်နဲ့ ကြိုးစားမှုမှာကလည်း ဘာမှ ကွာတာမဟုတ်။ (တကယ်တော့ သူက ကိုယ့်ထက် သာတွေ အချက်တွေ မတူတဲ့ အချက်တွေ ရှိလို့လည်း ဖြစ်မှာပေါ့) ဘာလို့ သူကျတော့ အရွေးခံရတာလည်းဆိုပြီး ကျွန်တော့်မှာ J တွေ အကောက်လိုက်ကြီးကို ပြောင်းပြန်ဝင်တာ။ သူကို့ မြင်တာနဲ့ မနာလို စိတ်တွေက အလိပ်လိုက် အလိပ်လိုက် တက်လာတယ်။ သူ့ကို မုန်းနေတာတော့လည်း မဟုတ်ပါဘူး။ သူ့ကို မြင်ရင် "လောကကြီးက မတရားဘူး" ဆိုပြီး အော်ချင်စိတ်တွေ ပေါ်ပေါ်လာတယ်။ ကိုယ့်ကိုတော့ မရွေးဘဲ သူ့ကိုတော့ ရွေးရကောင်းမလားဆိုပြီး ရွေးချယ်တဲ့ သူတွေကို အမုန်းကြီး မုန်းတာ။ အဲဒါတွေ ပေါင်းလိုက်တော့ သူနဲ့ ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ရင် ကိုယ့်မှာတော့ မျက်နှာကြီး ပုတ်သိုးလို့ သူမှာတော့ ဘာမှ မသိတာလည်း ဖြစ်မည်။ ဒါမှမဟုတ် ကိုယ့်ကိုလည်း ကိုယ်ချင်းစာ သနားပေမယ့် "အေးကွား ငါ မင်းကို ကိုယ်ချင်းစာပါတယ်။ တစ်နေ့တော့ ဖြစ်လာမှာပေါ့။ ကြိုးစား" လို့ပြောလိုက်မှ ပိုဆိုးသွားမှာ စိုးလို့ နေရ ထိုင်ရတွေ ခက် ဖြစ်နေတာလည်း ဖြစ်မည်။

ဒီလို ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်တာနဲ့ အသားလွတ် မနာလွတ် ဖြစ်တာ မတူပါဘူး။ အသားလွတ် မနာလို ဖြစ်တာက ပိုဆိုးတယ် ဆိုပေမည့် စိတ်ထဲမှာ နည်းနည်း သက်သာပါတယ်။ ဟင်း.. ဒီကောင် ကြီးပွားနေတာများ .. ဆိုပြီး နည်းနည်းလောက် မြည်တွန် တောက်တီးလိုက်ရုံပဲ။ မကျေနပ်လို့ သူ့ကို ကွယ်ရာမှာ ဆဲလိုဆဲ ကျိန်လို ကျိန်။ လုပ်ယူပြီး မနာလို ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မပါလှဘူး။ စိတ်ထဲမှာ သိပ်မနာလှဘူး၊ ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်ရတာကတော့ ကုစားရ ခက်ပါတယ်။ အခြေအနေ အတူတူ ဖြစ်ပါလျက် အကျိုးပေး အတူတူ မဖြစ်ရလေလားဆိုပြီး တွေးလေ နာလေ ဖြစ်ရတာပါ။ ပြေခဲ ပျောက်ခဲပါတယ်။ ရင်ထဲမှာ အတော်အောင့်ပြီး အကုသိုလ် အတော်များပါတယ်။

အပေါ့စား မနာလို ဖြစ်တာကနေ အပြင်စား မနာလို ဖြစ်တာကို ဘယ်အခါမှာ ကူးပြောင်းသွားတတ်သလဲ ဆိုတော့ သူနဲ့ ကိုယ်နဲ့ နှိုင်းယှဉ် တိုင်းတာတဲ့ နေရမှာ အခြေအနေ အတူတူ ထင်ပြီး အကျိုးပေးကိုလည်း အတူတူ ဖြစ်ချင်တဲ့ အခါမှာပါ။ တိုင်းတာမှုတွေက ဘယ်အခါမှာ မှားတတ်သလဲဆိုတော့ မရင့်ကျက်သေးရင် မှားတတ်တာပဲ။ မနာလို ဖြစ်တယ် ဆိုတာ တစ်ယောက်နဲ တစ်ယောက် နှိုင်းယှဉ်ရင်း ဖြစ်တာပါ။ ကိုယ်နဲ့ သူရဲ့ ဘ၀ပေး အခြေအနေ၊ လက်ရှိ အခြေအနေကို မတိုင်းတာဘဲ အကျိုးပေးချည်းပဲ တိုင်းတာရင် မနာလို ပိုဖြစ်လွယ်ပါတယ်။ အခြေအနေကို တိုင်းတာတဲ့ အခါမှာလည်း တိုင်းတာတဲ့ စကေးက ကျယ်ပြန့်ရင် မနာလို ပိုဖြစ်လွယ်တယ်။ အကျယ်ပြန့်ဆုံးနဲ့ အသုံးအများဆုံး ကတော့ ငါလည်း ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့ လူပဲ သူက ဘာမို့လို့ ငါထက် ပိုသာနေရမှာလည်း ဆိုတာပါပဲ။

ကိုယ်က သူတစ်ပါးကို မနာလို ဖြစ်လာတဲ့ အခါ မနာလိုစိတ်တွေကို ပျောက်အောင် ဘယ်လို လုပ်မလဲ ဆိုတော့ အရိုးရှင်းဆုံး နည်းလမ်းကတော့ မနှိုင်းယှဉ်ပါနဲ့။ ဒါက ပြောတာသာ လွယ်ပေမယ့် မျက်စိရှေ့မှာ ဖြစ်နေတာ လူဆိုတာက နှိုင်းယှဉ်တတ်တဲ့ သတ္တ၀ါ၊ လူဦးနှောက် အလုပ်လုပ်ပုံက နှိုင်းယှဉ်တတ်တာ ဆိုတော့ မနှိုင်းယှဉ်ဘဲနဲ့ ဘယ်လိုမှတော့ နေနိုင်မှာ မဟုတ်ဘူး။ စိတ်ထား အရမ်း ပြည့်ဝမှသာ ဒီလို နေတတ်မှာ။ အဲဒီတော့ နှိုင်းယှဉ်မယ်ဆိုလည်း တူတာတွေပဲ နှိုင်းယှဉ်မနေဘဲ မတူတဲ့ အချက်ကို ရှာကြည့်ရမှာပါ။ ဒါမှ သူ ကိုယ့်ထက် သာနေရခြင်း လျှို့ဝှက်ချက်ကို သူ မပြောဘဲ တွေ့မှာပါ။

ဒီအချက်ကို ဘယ်လိုမှ မရှာနိုင်တော့ရင် လမ်းကြောင်း အသစ်ပြောင်းပေါ့။ IT ထုတ်ကုန်လောကမှာ အလွယ်ပေးတဲ့ ဥပမာ တစ်ခု ရှိပါတယ်။ ကိုယ်က သူ့ကို Desktop Computer ထုတ်တဲ့ နေရာမှာ မပြိုင်နိုင်ဘူး ဆိုရင် Laptop ထုတ်။ Laptop ထုတ်တဲ့ နေရာမှာ မယှဉ်သာရင် Nettop ထုတ်။ ဒီလိုနဲ့ပဲ ပေါက်သွားတာတွေက အများကြီးပဲ။ လမ်းကြောင်း အသစ်ဆိုပေမယ့် နယ်ပယ် အသစ်ဖြစ်စရာတော့ မလိုပါဘူး။ ဒီလို ဆိုရင် သူနဲ့ ကိုယ်နဲ့ ယှဉ်ပြိုင် စရာလည်း မဟုတ်တော့ဘူး ခိုင်းနှိုင်းစရာလည်း မဖြစ်တော့ဘူး။

မနာလို ဖြစ်မှ အကုသိုလ်များတာ စိတ်ဖိစီးတာ မဟုတ်ပါဘူး။မနာလို ဖြစ်ခံရတယ် ထင်နေရင်လည်း စိတ်ဖိစီးမှု အတော်အတန် ရှိပါတယ်။ ဒီလို ထင်တာလည်း (ကျွန်တော့် ခံစားချက်နဲ့ဆို) နှစ်မျိုး ရှိပါတယ်။ စိတ်မလုံလို့ မနာလို ဖြစ်ခံရတယ်ထင်တာရယ်၊ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေလို့ ဟင်းဟင်း ငါ့ကို မနာလို ဖြစ်နေတဲ့ သူတွေ များနေပြီ ဆိုပြီး ထင်နေတာရယ်ပါ။ ဒုတိယမျိုးကတော့ ဘလိုင်းကြီး ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မနာကျင်လှပါဘူး။ ပထမမျိုးကတော့ နေရထိုင်ရ ခက်လှပါတယ်။ အဲဒါကြောင် မနာလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဆိုပြီး မေတ္တာပို့ကြတာ။

ရေးရင်း ရေးရင်းနဲ့ လမ်းတောင် ချော်တော့မည်။ တကယ် ရေးချင်တာကတော့ ကျွန်တော်တို့ မိသားစု ဘလော့ဟာ ရေပြင်ပေါ်က ငန်းကို ကြည့်ရသလိုပါပဲ။ ဘလော့ပေါ်မှာတော့ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရပါပဲ။တကယ် ဒီက မိသားစုကတော့ အတွင်းမှာ ခြေနှစ်ချောင်းကို မရပ်မနား ယက်ကန်နေရပါတယ်။ ရုန်းကန်နေရပါတယ်ဆိုတဲ့ အမှန်တရားကို ပြောပြချင်တာပါ။ ဘလော့ကို ဖတ်ပြီး အပန်းပြေ အပျင်းပြေရင်ပဲ ကျေနပ်လှပါပြီ။ အားကျတာ မနာလိုတာကတော့  ပုဂ္ဂလိက ခံစားချက်ပဲလေ။

"တွေ့သူတိုင်းကို စိတ်လက်ချမ်းသာ ရှိစေချင်တာ ကိုယ့်စေတနာပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်သားစေချင်တာ ကိုယ့်ဆန္ဒပါ" 
ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသားမျိုးကို သတိရတယ်။ ။

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.