Friday, November 14, 2008

[လေနုအေး] 1 New Entry: နွံ

နွံ

ကတ်

ကတ်နဲ့ ကျွန်မ ဒီအလုပ်ကို ၀င်ကြတာ သိပ်မကွာ။ ကတ်က ကျွန်မထက် ၂ ပတ်စောသည်။ ကျွန်မနဲ့  အလုပ်ဝင်တာ same batch လို့ ပြောလို့ ရသည်က မလေးရှားတရုတ်လူမျိုး ကတ်ရယ်၊ စင်္ကာပူမလေးရှားလူမျိုး ဆန်နီရယ်ပေါ့။ ကတ်က အတော်ရုပ်ဖြောင့်ပြီး သဘောကောင်းသည်။ ဆန်နီကလဲ အသားတော်တော်လတ်ပြီး သွားတက်လေးတွေနှင့် မျက်နှာချိုသည်။ သူတို့ ၂ယောက်လုံး ကျွန်မထက်ငယ်ကြတော့ ကျွန်မမောင်လေး ၂ယောက် ကောက်ရသလိုပင်။

ဆန်နီက တခါတလေ ကလေးဆန်ပြီး ကတ်က လူကြီးဆန်သည်။ အဲဒီတုန်းက ကတ်ရော၊ ကျွန်မရော ချစ်သူတွေ ကိုယ်စီနှင့် မကြာခင် လက်ထပ်ဖို့  စီစဉ်ထားကြသည်။ ကတ်ကောင်မလေးက ကတ်လို ရုပ်လေးသန့် ပြီး တော်တော်ချစ်ဖို့ ကောင်းသည်။ အရမ်းလိုက်သည့် အတွဲပါ။ ကတ်က ကျွန်မဆရာဆိုလဲ မမှား။ ကျွန်မ အစိမ်းသက်သက် ၀င်လာသည့် နယ်မြေအသစ်ထဲမှာ သူက ကျွန်မကို တွဲခေါ်ခဲ့သူ။ သူလို့ သူငယ်ချင်းမျိုးရတာ အရမ်းကံကောင်းပါသည်။ ပြီးတော့ အထာလဲသိပ်မရှိ။ ပွင့်လင်းသည်။ အားနာတတ်သည်။ နိုင်ငံခြားသားဖြစ်ပေမယ့် ပေါင်းလို့ ကောင်းသည်။

ကတ်က ကျွန်မထက် အရင်မင်္ဂလာဆောင်ဖြစ်သည်။ ကျွန်မက အိမ်ထောင်ပြုဖို့  မိဘတွေနှင့် အတော်လေး နားလည်မှုယူရတာက အစ သူ့ နဲ့ တိုင်ပင်ဖြစ်သည်။ အလုပ်ထဲက အခက်အခဲ၊ ဆက်ဆံရေး အကုန် ကတ်နဲ့ ကျွန်မ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖော်။ ကျွန်မက တခြားအုပ်စုရောက်သွားတော့ ကတ်နဲ့  အရင်ကလောက် စကားပြောဖို့  အချိန်မရ။ တခါတလေတော့ ထမင်းအတူစားရင်း စကားတွေ ပြောဖြစ်သည်။ ကျွန်မ အိမ်ထောင်ကျပြီး တနှစ်လောက်ကြာတော့ ကတ်သားဦးလေးမွေးသည်။ နောင် တနှစ်လောက်ကြာတော့ ကျွန်မက သားဦးလေးမွေးသည်။ ကတ်နဲ့ ကျွန်မ ကလေးတွေ အကြောင်းတိုင်ပင်ဖြစ်ပြန်သည်။ အဲဒီအထိ ကတ်က တာဝန်ကျေ၊ သစ္စာရှိသော ဖခင်ကောင်း၊ ခင်ပွန်းကောင်းဖြစ်နေခဲ့သည်။ ၀မ်ဒီဆိုသည့် မိန်းမတယောက် သူ့ ဘ၀ထဲ မ၀င်လာသည်အထိပေါ့။

*********************

ဝမ်ဒီ

တကယ်တော့ ၀မ်ဒီက ကျွန်မတို့ ထက် စောပြီး ဒီအလုပ်မှာရှိနေခဲ့ပြီးသား။ ကျွန်မ အလုပ်ဝင်ကာစ ကတည်းက အိန္ဒြာကျော်ဇင်နဲ့  နဲနဲဆင်တဲ့ ၀မ်ဒီ့ကို သတိထားခဲ့မိသည်။ သူက အိန္ဒြာကျော်ဇင်လောက်တော့ မလှပါ။ သူက သူများထက် ဖက်ရှင်ကျကျ ၀တ်တတ်သည်။ ကတ်လို မလေးရှားတရုတ်လူမျိုးဖြစ်ပေမယ့် ဒီမှာပေါက်သည့် စလုံးမလေးအတိုင်း။ စကားပြောသွက်ပြီး အမြဲပြုံးနေတတ်ပေမယ့် မရိုးသားတဲ့ မျက်လုံးတွေရှိလို့ ကျွန်မသူ့ ကို မချစ်ပါ။ အသားနဲနဲဖြူသည့် အိန္ဒိယလူမျိုးများကိုသာ စကားပြောတတ်ပြီး အသားမဲသူတွေကို မတူမတန်သလို အဖက်မလုပ်တတ်သောကြောင့် ကျွန်မသူငယ်ချင်းကုလားမလေးက သူ့ ကို အလွန်မုန်းသည်။

ကျွန်မနဲ့ သူ အုပ်စုတူသွားတော့ မချစ်သော်လည်း အောင့်ကာနမ်းရသည်။ အဲဒီတော့မှ သူ့ အကြောင်းကို သေချာသိရသည်။ တလလျှင် ဒေါ်လာသောင်းကျော်ဝင်သော ခင်ပွန်းနှင့် ပိုက်ဆံအလွန်ရှိသော ယောက္ခမကြီးက သူ့ ကို အလွန်အလိုလိုက်သည်။ သန်းချီတန်သော အိမ်မှာ အခြွေအရံတွေနှင့်။ ဒါကြောင့် အလုပ်ခွင်မှာ တခါတလေ တရားလက်လွတ် စကားပြောတတ်သည်။ လုပ်ဖော်ကိုင်ဘက် အများစုက သူ့ ကို မချစ်ကြ။ သားလေးမွေးပြီးနောက်မှ သူ့ ဝတ်စားဆင်ယင်ပုံက နဲနဲ လွန်လာသည်။ လည်ပင်းဟိုက်လွန်းသော အကျီင်္၊ တိုလွန်းသောစကပ်တွေနှင့် သူ့ ကို အနောက်တိုင်းဆန်သည့် ငှါနကအကြီးဆုံးက ငှါနရဲ့ ကွင်းဘွဲ့ တောင် ပေးလိုက်သေးသည်။

သူက လည်သည်။ အထက်ဖား အောက်ဖိတတ်သည်။ စကားတွေ အရောင်ပြောင်းတတ်သည်။ ကျွန်မရော စင်္ကာပူလူမျိုး ကျွန်မသူငယ်ချင်း ၂ယောက်ပါ သူ့ ကို အတော်သတိထားရသည်။ ကျွန်မတို့  ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေချိန်မှာ ဘယ်အချိန်က ဘယ်လို သူက ကတ်နှင့် အတော်ရင်းနှီးသွားသည် မသိလိုက်။ ကတ်မိန်းမ ဒုတိယကိုယ်ဝန်ရှိပြီး မအောင်မြင်တော့ ကျွန်မကတ်ကို အားပေးရင်း ကတ်အနားမှာ ကလက်တက်တက် အပြူံးနဲ့  အချိန်တော်တော်များများရှိနေတတ်တဲ့ ၀မ်ဒီ့ကို သတိထားမိခဲ့သည်။ စိတ်ထဲမှာ တခုခုကို စိုးရိမ်မိပေမယ့် မဖြစ်နိုင်ပါဘူးလို့  ပြန်ဖြေတွေးတွေးခဲ့သည်။

*********************
ကတ်+၀မ်ဒီ

ကတ်အမျိုးသမီး နောက်ထပ်ကိုယ်ဝန်ရှိပြီး ဒီတခါကိုယ်ဝန်ကို ဂရုစိုက်ချင်လို့  ကိုယ်ဝန် ၆ လနဲ့ မလေးရှား ပြန်သွားပြီး မလေးရှားမှာ မွေးတဲ့ထိနေမယ်လို့  ကတ်လာပြောတော့ နင်ပါခွင့်ယူပြီးလိုက်သွားပါလားလို့  ကျွန်မက မျက်စိမှိတ်ပြီး တိုက်တွန်းခဲ့သေးသည်။ အဲဒီလို မလုပ်သင့်မှန်းသိသိနဲ့ ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကတ်စားပွဲနံဘေးမှာ အကြောင်းမရှိ အကြောင်းရှာ ခဏခဏတွေ့ ရတတ်တဲ့ ၀မ်ဒီကြောင့်ပါ။ မိန်းမမရှိတာနဲ့  အလွယ်တကူ ဖောက်ပြန်တတ်သူထဲ ကတ်မပါနိုင်ဘူးလို့  ကျွန်မက ကတ်ကို အထင်ကြီးမိခဲ့တာ။ တကယ်တော့ သူတို့ နှစ်ယောက်တူတူတက်ခဲ့တဲ့ မာစတာတန်းကလဲ အားပေးအားမြှောက်ပြုတဲ့ အကြောင်းရင်းပဲ ထင်ပါ့။

မူမမှန်တဲ့ ဆက်ဆံရေးကို ကျွန်မရိပ်မိလာတော့ ကတ်ကို မြန်မာဆန်ဆန် သွယ်ဝိုက်သော နည်းအားဖြင့် သတိပေးမိပါတယ်။ ကတ်က ကျွန်မရိပ်မိနေတာ သိတော့ ကျွန်မရှေ့ မှာ တတ်နိုင်သမျှ အနေအထိုင် ဆင်ခြင်ပေမယ့် ၀မ်ဒီကတော့ တဆိတ်ကဲလွန်းပါတယ်။ တခါတလေ ကျွန်မက ကတ်နဲ့  အရင်လို စကားပြောရင်တောင် သူက မကျေနပ်တဲ့ မျက်လုံးတွေနဲ့  လှမ်းလှမ်းကြည့်တဲ့ အခါ ကျွန်မ အသားတွေ တဆတ်ဆတ်တုန်တဲ့ အထိ ဒေါသထွက်ရပါတယ်။

ကတ်က မနက်တိုင်း ၀မ်ဒီ့်အတွက် မနက်စာဝယ်လာ၊ တခါတလေ ကတ်ကားမယူလာပဲ ၀မ်ဒီနဲ့ အတူလာတာ တွေ့ တဲ့အခါ ကိုယ်ဝန်ကြီးနဲ့  ယောင်္ကျားကို ယုံကြည်စိတ်ချစွာ မလေးရှားမှာရှိနေတဲ့ ကတ်အမျိုးသမီးလေး အကြောင်းတွေးပြီး ကျွန်မ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။ တငှါနအတူတူ လုပ်ဖော်ကိုင်ဘက် အချို့ ကလဲ သူတို့ ဇာတ်လမ်းကို ရိပ်မိလာတဲ့အထိပါပဲ။ ဒီဇာတ်လမ်းကို ၀မ်ဒီစခဲ့တာ ဆိုတာ ကျွန်မကောင်းကောင်းကြီး သဘောပေါက်ခဲ့ပေမယ့် ဟိုးငယ်ငယ်လေး ကတည်းက ချစ်လာတဲ့ ကိုယ့်ဇနီးမရှိခင် ၄ ၅ ၆လလောက်ကလေးမှာ စိတ်မနိုင် ဖောက်ပြန်တတ်တဲ့ ကတ်ကို ကျွန်မ အတော်ကို အထင်သေးသွားမိပါတယ်။ စိတ်တိုလို့  စကားကောင်းကောင်းတောင် မပြောခဲ့ပါဘူး။

ဝမ်ဒီကတော့ အတော်ကျွမ်းကျင်ပါတယ်။ သူ့ ယောင်္ကျားကိုယ်တိုင် ဆင်ပေးတဲ့ အဖိုးတန်အကျီင်္တွေ ၀တ်ပြီး ကတ်နဲ့ လျှောက်လည်တတ်သေးတယ်။ နေ့ လည်ဘက်ဆို ယောက္ခမဆီ အသံချိုချိုလေးနဲ့ ခွျှဲ။ သူ့ အသံနားထောင်ပြီး ဒုတ်ကလေးနဲ့  ခပ်စပ်စပ်သာ ရိုက်ချင်တော့တာ။ မိန်းမမွေးတော့ ကတ် မလေးရှားပြန်သွားတာ ကျွန်မဖြင့် စိတ်ချမ်းသာလိုက်တာ။ အဲဒီအချိန်ရောက်ပါစေလို့  ဆုတောင်းနေရတာလေ။ ချစ်စရာကောင်းတဲ့ မိန်းမလေးနဲ့  ပြန်တွေ့ ရင် ကတ် ဆင်ခြင်ကောင်းပါရဲ့ပေါ့။

*********************
နွံ


နောက်ပိုင်းမှာ ကတ်ကို ကြည့်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်း။ အလုပ်ထဲလဲ သိပ်စိတ်မပါတော့ သူ့ အရာရှိနဲ့ လဲ အဆင်မပြေ။ တကယ်ဆို သူက သိပ်တော်တဲ့သူပါ။ မျက်နှာကြီးက သုန်သုန်မှုန်မှုန်နဲ့ ။ မရုံးနိုင်တဲ့ နွံထဲမှာ အတော်ပိတ်မိပြီး မွန်းကြပ်နေသလို။ မာစတာတန်းလဲ ကျ။ သူ့ ပုံစံက လူတကာ ရိပ်မိစရာ။ ဟိုဘက်မှာလဲ အဖေရယ်၊အမေရယ်၊သားရယ် မိသားစုကလေး… ဒီဘက်မှာလဲ အဖေရယ်၊အမေရယ်၊ကလေးနှစ်ယောက်ရယ် မိသားစုလေး… ဘာမှမဟုတ်တဲ့ လူနှစ်ယောက်ရဲ့ စိတ်သာယာမှုလိုက်ကြတာနဲ့  အပြစ်မရှိတဲ့ မိသားစုလေး၂ခု မပြိုကွဲစေချင်ပါ။

အဲဒီကိစ္စဖြစ်ပြီး ကတည်းက လမ်းမှာတွေ့ရင် အပြုံးလျော့လျော့ တခုသာ တုန့် ပြန်ဖြစ်ပြီး အရင်ကလို စကားမပြောဖြစ်တဲ့ ကျွန်မကို ကတ်က တိုင်ပင်စရာရှိလို့ လို့ ဆိုလာပါတယ်။ သူအလုပ်ထွက်တော့မယ်တဲ့။ သူ့ ဆုံးဖြတ်ချက်ကြားလိုက်တာ ကျွန်မ အတော်ဝမ်းသာသွားပါတယ်။ ဒီအလုပ်မှာ ဆက်နေရင် ဒီနွံမှာ ဆက်နစ်ဖို့ ပဲ ရှိတာမို့ ကျွန်မက သူ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ ထောက်ခံမိပါတယ်။ သူအလုပ်ရှာနေချိန်မှာ ကျွန်မ သူ့ ကို အရင်ကလို ပြန်ခေါ်ပြောဖြစ်ပါတယ်။ ရုန်းထွက်ဖို့ အလင်းရောင်လေးဆီ သွားခဲ့တဲ့သူ့ ကို စိတ်ဓါတ်အင်အားပေးတဲ့ သဘောပါ။ကတ် တကယ်ပဲရုန်းထွက်နိုင်ခဲ့ပါတယ်။ သူအလုပ်ရပြီးထွက်တော့မယ့် နောက်ဆုံးနေ့ က ကျွန်မ ငိုမိပါတယ်။ သူဟာ ကျွန်မအတွက် အစစ ကူညီခဲ့တဲ့ စိတ်ထားကောင်းတဲ့ သူငယ်ချင်းလေးပါ။

ယနေ့ ထက်ထိ ကတ်နဲ့ ကျွန်မ အဆက်အသွယ်ရှိဆဲ သူ့ မိသားစု ကိုယ့်မိသားစု အတွေ့ အကြုံ ဖလှယ်ကြဆဲ ပါ။ ကတ်မှာ ခုဆို နောက်ထပ် သမီးလေး တယောက်တောင် ရပြီး ကလေး ၃ယောက်ရဲ့ ဖေဖေကြီးဖြစ်နေပါပြီ။ တကယ်လို့ သာ စိတ်အလိုလိုက်ပြီး ဆုံးဖြတ်ချက် အမှားသာ ချလိုက်ရင် အပြစ်မဲ့တဲ့ ကလေးလေးတွေ အဖေတကွဲ အမေတကွဲ နေရတော့မှာလေ။ ခုတော့ သူ့ ရဲ့ ဆုံးဖြတ်ချက် မှန်ကန်မှု ရလာဒ် စိတ်ချမ်းသာခြင်းကို သူကိုယ်တိုင် ခံစားနေရပြီလေ။

တကယ်တော့ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် အိမ်ထောင်ပြုပြီးတဲ့အခါ ကိုယ့်အတ္တ ကိုယ့်သာယာမှုထက် အိမ်ထောင်တည်မြဲမှုကို ပိုအလေးထားသင့်ပါတယ်။ ကလေးလေးတွေ ရှိလာပြီဆိုရင်တော့ ပိုလို့ တောင် သတိထားရမှာပါ။ မိဘတွေ ရွေးချယ်တဲ့လမ်းမှာ ရှင်သန်ခွင့်ရမယ့်  ကလေးတွေရဲ့ နှလုံးသားနုနုလေးတွေ အနာတရ မဖြစ်အောင် ကိုယ့်အတ္တတွေကို မီးရှို့ ပစ်ရမှာပါ။ ကိုယ်လုပ်နေတဲ့ အလုပ်တခုဟာ ကိုယ့်မိသားစုကို ဘယ်လောက်ထိ နစ်နာထိခိုက်သွားနိုင်လဲ ဆိုတာ အရင်စဉ်းစားဆင်ခြင်သင့်ပါတယ်။ မိသားစုတိုင်း ငြိမ်းချမ်းသာယာ ခိုင်မြဲကြပါစေ။

တန်ခူး
11:20am 14-Nov-2008


You received this email because you are subscribed to the real_time feed for http://laynuaye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.