Sunday, November 30, 2008

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: နို့စို့ဖက်...

နို့စို့ဖက်...

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို ရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကိုဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး.. နောက်သွေးသံရဲရဲနဲ့ ကပ်ကြီးတွေ.. ဇလုံတွေ... ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ...

ကျနော့် ခြေအစုံကိုမပြီး "ဖြန်း" ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက "မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့" ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကိုယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့... နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပစ်ကင်းလျှက်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..." (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု... ဒါဟာမေမေ့ရင်ခွင်ပါဘဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမဲ့ မျက်လုံးတွေက အရောင်တွေလဲ့လို့.. ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

"သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံတရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်" လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံး စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီးနိုးလာချိန်မှာ မေမေ့နို့ကိုစို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြောသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့လှမ်းကြည့်ပြီး......

"အဲ့... အဲ့... အဲ့..." ((ဟယ်လို... နင်ကဘယ်သူလဲ...))
"အဲ့... အဲ့... အဲ့..." ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

"အဲ့... အဲ့... အဲ့...." ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
"အဲ့... အဲ့... အဲ့...." ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယ္ခုထက်တိုင်...။

"အဲ့... အဲ့... အဲ့......" ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
"အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ"

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာ ခြေထောက်တွေကို ယားနေတာဘဲ... အနှီးတွေနဲ့ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို တင်းနေအောင် ထုပ်ထားလို့... မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ "သားရယ်.. သူလည်းဆာရှာမှာပေါ့ ပေးတိုက်လိုက်ပါနော်..." လို့ပြောနေသလိုဘဲ ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမဲ့ ဒင်းကို အဲ့ဒီအချိန်ကစလို့ မကျေနပ်ခဲ့တာ ခုအချိန်အထိပါဘဲ...။ ဒင်းနဲ့ကျုပ်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ်ထင်တယ်..။ ကျုပ်ကစပြီး ဒင်းကို အလျှော့ပေးလိုက်ရသလိုဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျုပ်ဟာကျုပ် မကျေနပ်ဖူးဗျ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း ဒင်းက မိန်းကလေးဘဲ ဆိုပြီး တစ်ခါတစ်လေ မေမေက အလျှော့ပေးခိုင်းပြန်ရော..။

ကျုပ်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိဘဲ ဆိုပါတော့..။ ဒင်းနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျုပ်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ ဒင်း ဖေဖေက တာဝန်နဲ့ နယ်ပြောင်းရတော့ ဒင်းလည်းလိုက်ရပြီပေါ့...။ ကျုပ်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ ဒင်းကတော့ နိုင်စားရမဲ့ ကျုပ်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားဘဲ.. ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကျောလန်..။ အဲ... ကျုပ်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ ဒင်းနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျုပ်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! "သေချင်တယ်.. သေသာသေချင်တယ်.." နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျုပ်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ ဒင်းနဲ့ကျုပ် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျုပ်မှာ အချိန်တိုင်း ဒင်းကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုသောက်ခဲ့တဲ့ ဒင်းကို ဘယ်လိုနည်းနဲ့ လက်စားချေရမလည်း အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျုပ်တေးထားတယ်...!! ကျုပ်များ မိန်းမရလို့ကတော့ ကျုပ်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် ဒင်းဆီ မရောက်ရောက်အောင်ပို့.... ဒင်းသား ဒါမှမဟုတ် ဒင်းသမီးကို ကျုပ်နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျုပ်မေမေ့ နို့ကြွေးကို ပြန်ဆပ်ဖို့... ကျုပ်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မဲ့ နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!

ဟီးးး.... လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.