Sunday, November 30, 2008

[Sakura-Myanmar] 1 New Entry: အရုပ်လေးတွေ...

အရုပ်လေးတွေ...

ဒီနေ့ မ၀ါက "ကြွားချင်တယ်လို့ ဆိုချင်ဆို" ခေါင်းစဉ်နဲ့ Tag Game တခု ရေးခိုင်းပါတယ်။ မ၀ါ Tag ထားတဲ့ ခေါင်းစဉ်ကို သဘောကျတာနဲ့ လုပ်စရာရှိတဲ့ အလုပ်ကြွေးတွေ ၊ စာကြွေးတွေကို ခဏဘေးဖယ်ထားပြီး Blog ကြွေးကို အရင်ဆုံး ရှင်းလိုက်ပါတယ်။ ဒီလိုပို့စ်မျိုးကို အရင်က ရေးမယ်လို့ စိတ်ကူးထားခဲ့ဖူးတယ်။ Blog မှာတင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဓာတ်ပုံတွေကလည်း ရိုက်ပြီးသား အဆင်သင့်။ ရေကန်အသင့် ကြာအသင့်ဆိုသလိုပါပဲ။ အခု မ၀ါ Tag လိုက်တော့ အတော်ပဲ ဖြစ်သွားတာပေါ့။ ကြွားချင်ရက်နဲ့ လက်တို့.. ဟုတ်ပါဘူး.. ရေးချင်ရက်လက်တို့ဖြစ်သွားတယ်။ ( အဟိ.. သိပ်ပြီး မကြွားချင်ရှာဘူးနော်.. :P)။ ကျေးဇူးပါ မ၀ါရေ..


*****


ကျမမှာက ကြွားစရာဆိုလို့ များများစားစားလည်း မရှိလှပါဘူး။ မိန်းကလေးဖြစ်ပေမယ့် စုထားတာဆိုလို့ အ၀တ်အစားတွေပဲ ရှိလိမ့်မယ်ထင်တယ်။ အဲဒါတွေကလည်း သိပ်ပြီး ဆန်းဆန်းပြားပြား၊ style ကျကျ၊ ဈေးကြီးကြီး မဟုတ်ဘူး။ အလွန်ဆုံးတန် ယန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အင်္ကျီတွေများတယ်။ ဘောင်းဘီဆိုလည်း ယန်း ၂၀၀၀ ထက်မပိုစေဘူး။ တခါတလေ ကျမက လူကောင်သေးတော့ ကံကောင်းတယ်ဆိုရမယ် ယန်း ၂၀၀၊ ၃၀၀ တန်လောက် ဘောင်းဘီတို့ စကပ်လိုမျိုးလေးတွေ ရလာတတ်သေးတယ်။ Brand တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဆိုတော့ ကြွားလို့ မသင့်တော်ဘူး။ ဂျပန်မလေးတွေလို အ၀တ်အစားကို ယန်း သောင်းကျော်တန်လည်း မ၀ယ်နိုင်ပါဘူး။ သာမန် ရိုးရိုး ရုံးသွား၊ အပြင်သွား အ၀တ်တွေဆိုတော့ Blog ပေါ်မပြောနဲ့ အချင်းချင်း ထုတ်ပြရင်တောင် စိတ်ဝင်စားဖို့ မကောင်းလှဘူး။


နောက်ပြီး ကိုယ်က မပြင်မဆင်တတ်၊ ဖက်ရှင်ဆိုတာလည်း နားမလည်တော့ တိုတိုထွာထွာတွေ သိပ်မ၀ယ်ဖြစ်ဘူးရယ်။ ဒီမှာက ၀ါသနာပါရင် ပါသလို၊ စိတ်ဝင်စားရင် စိတ်ဝင်စားသလို ပိုက်ဆံသာရှိ၊ သူ့ဈေးနဲ့သူ ၀ယ်စရာတွေကတော့ အပြည့်ပါပဲ။ မိတ်ကပ် စိတ်ဝင်စားတဲ့သူကလည်း မိတ်ကပ်အမျိုးမျိုး ၀ယ်စုဖြစ်မယ်ထင်တယ်။ အ၀တ်အစားဆိုလည်း အ၀တ်အစား ၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာ၊ ဖိနပ်တို့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတို့ဆိုတာလည်း ၀ယ်ချင်ရင် ဈေးချတဲ့အချိန်သာ ခဏလောက်စောင့်လိုက် အလွယ်တကူ ၀ယ်လို့ရနေတာမျိုးပါ။ အဓိက ပိုက်ဆံနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လဲလှယ်တဲ့အခါမှာ ဘယ်ဟာက ကိုယ့်အကြိုက်ဆုံးလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တာ မဟုတ်လား။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ပြောရခက်တာပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံကို နှမြောတဲ့သူတော့ ရှားမယ်ထင်ပါတယ်။


ကျမမှာ ရှိတဲ့ ရောဂါက မွေးပွအရုပ်တွေကို အင်မတန် သဘောကျတာပါပဲ။ အရင်မြန်မာပြည်မှာတုန်းကတော့ မ၀ယ်နိုင်ပါဘူး။ ပထမတစ်ခါ ဂျပန်လာတော့လည်း ဈေးကြီးကြီးပေးပြီး မ၀ယ်ဖြစ်ဘူး။ ကိုယ်ရတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုပြီး မိသားစုအတွက်ပဲ အဓိထားပြီး စဉ်းစားဖြစ်တယ်။ လိုချင်တာရှိရင်တောင် မလိုအပ်ဘူးဆိုရင် မ၀ယ်ဖြစ်ပဲ နေလိုက်တာများတယ်။ ၀ယ်ဖြစ်ရင်လည်း ဈေးပေါတဲ့ ယန်း ၁၀၀ ဆိုင်က ပစ္စည်းတွေလောက်ပဲ။ ဒါတောင် ရန်ကုန်ပြန်တော့ ယန်း ၁၀၀ တန် မွေးပွရုပ်လေးတွေ ၆ခုလောက် ပြန်ပါသွားလိုက်သေးတယ်။ အခုတော့ အရုပ်တွေလည်း မရှိတော့လောက်ဘူး ထင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ ကလေးမွေးနေ့ပွဲ ဖိတ်စာရပြီဆိုတာနဲ့ အဖေက ကျမအရုပ်တွေကို မျက်စိကျနေတာ။ မွေးနေ့လက်ဆောင်ပေးဖို့။ အရင်တုန်းကဆို ပိတ်စလေးတွေ ၀ယ်ပေးနေရတာလေ။ အခုတော့ ဂျပန်က အရုပ်လေးတွေ ပေးတာ ပိုပြီး ကောင်းတာပေါ့ဆိုပြီး "သမီးရေ. နင့် အရုပ်လေး တစ်ရုပ်လောက် ပါကင် ထုပ်လိုက်ပါဦး"ဆိုပြီး ခိုင်းပါတယ်။ အဲဒီအခါကျရင် ကျမမှာ ရှိစု မဲ့စု အရုပ်တွေထဲက ဘယ်အကောင်ကို ပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားရတာအမောပဲ။ လူမဟုတ်တော့ ဗိုလ်၊ ကျား၊ သေနတ်ဆွဲခိုင်းလို့ မရဘူးမို့လား။ အားလုံးကို လိုချင်လို့ ၀ယ်ထားတာဆိုတော့ ပေးရမှာ နှမြောတာပေါ့လေ။ နောက်ဆုံး မျက်စေ့မှိတ်ရင်း တစ်ကောင်လှမ်းဆွဲလိုက်ပြီး လက်ထဲပါလာတဲ့ အရုပ်ကို စက္ကူလက်ကိုင်အိတ်လေးထဲ ထည့်ပြီး အဖေ့ကို ပေးလိုက်ရတယ်။


ထိုင်းရောက်တော့လည်း ဘတ် ၂၀၀ တန် Pooh အရုပ်ကြီး တစ်ကောင် ဈေးသက်သာလို့ ၀ယ်ဖြစ်သေးတယ်။ ရန်ကုန်ပြန်ရောက်တော့ အမျိုးသားက တူမလေးကို မွေးနေ့လက်ဆောင်ပေးလိုက်ပါ ဆိုလို့ ကိုယ့်မှာ ကလေးကို ပေးတာတောင် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေလိုက်သေးတယ်။ ဒီတစ်ခေါက်လည်း အမှတ်မရှိဘူး။ အရုပ်မြင်ရင် လိုချင်တာပဲ။ ဒီတစ်ခါတော့ ကိုယ်က လိုချင်ပြီဆို မျက်နှာငယ်လေးနဲ့ "လိုချင်လိုက်တာ.." လို့ ၂ ခါ ၃ ခါလောက် ရွတ်ပြလိုက်ရင် "လိုချင်ရင် ဒီလ လခထုတ်ရင် ၀ယ်လေ"ဆိုပြီး ပါမစ် ချပေးပါတယ်။ ပါမစ်ကျပေမယ့်လည်း ဈေးကြီးတော့ ကိုယ့်စိတ်ကို ကိုယ် ဘရိတ်ပြန်အုပ်ရတယ်။ အရမ်းလိုချင်ပြီဆိုမှ တစ်ရုပ်လောက် ၀ယ်လိုက်တာပေါ့။

*****


အခု ကျမမှာ ရှိတဲ့ အရုပ်လေးတွေကို စုပြီး Blog ပေါ် တင်ပေးလိုက်ပါတယ်။ သိပ်အများကြီးလည်း မရှိတော့ "ကြွားရမှာကို အားနာပါတယ်လေ" ဆိုသလိုဖြစ်နေပြီ။ My Totoro ပို့စ်မှာတုန်းက "(ကို) တားမြစ်ထားသော" ရယ်၊ "မမသက်ဝေ" ရယ်က အရုပ်စင်ဝယ်ပြီးရင် ဓာတ်ပုံရိုက်ပြပါဦးလို့ ဆိုထားသေးတယ်။ အရုပ်တွေကတော့ အခုထိ အဆင့်မြင့်မြင့် စင်နဲ့ မနေရသေးပါဘူး။ ဒါကြောင့် သူတို့ကို ကြမ်းပြင်ပေါ်မှာပဲ ချထားပြီး ဖုန်တက်ကုန်မှာစိုးလို့ ပလပ်စတစ်အိတ်တွေထဲ ထည့်ထားရတယ်။ အခုတော့ သူတို့ခမျာလေးတွေလည်း စင်ပေါ်မတက်ရပဲ Blog ပေါ် တက်လိုက်ရပါပြီ... :)

Totoro နှင့် သူငယ်ချင်းများ...


ပြီးခဲ့တဲ့ My Totoro ပို့စ်မှာတုန်းက သူဝယ်ပေးတဲ့ အရုပ်ပါ။ ဖုန်တက်မှာစိုးလို့ ပလပ်စတစ်မဖြုတ်ပဲ ဒီအတိုင်းပဲ ထားတယ်။ :)


Disney Store ကို သွားတုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတာ။ Pooh နဲ့ Piglet ကိုပဲ ကြိုက်လို့ ၂ ကောင်ပဲ ၀ယ်ဖြစ်တယ်။ သူတို့ အသားလေးတွေက အရမ်းနူးညံ့တာပဲ။


ဒီအရုပ်က ညီမလေး မြရွက်ဝေ က မွေးနေ့လက်ဆောင်ပေးတာပါ။ ကလေးရရင်လည်း အမွှာမွေးအောင်တဲ့လေ။ :P


အခုတစ်ခေါက် ဂျပန် ပြန်ရောက်ခါစတုန်းက ယန်း ၁၀၀ ဆိုင်သွားပြီး ၃ ရုပ် ၀ယ်လာခဲ့သေးတယ်။ နောက်ပိုင်းတော့ တစ်ရုပ် ယန်း ၂၁၀ ဖြစ်သွားပြီ်။ ရှေ့က ဖျံအဖြူလေးက Hokkido က ၀ယ်လာခဲ့တာ။ ယန်း ၈၀၀ ပေးရတယ်။


ဒီခွေးရုပ်အကြီးလေးက စင်ကာပူက သူငယ်ချင်း လက်ဆောင်ပေးတာ။ အဲဒီအရုပ်လေးရတော့ အရမ်းပျော်တာပဲ။ သူနဲ့ အဖော်ရအောင် ယန်း ၁၀၀ ဆိုင်က ခွေးလေး ကပ်ပေးထားတာ။ :)


အိမ်ထဲမှာထားရင် ဒီလိုထားရတယ်။ အရုပ်စင်မ၀ယ်ဖြစ်သေးတော့ ကြမ်းပြင်မှာပဲ စုထားလိုက်တယ်။ တချို့ သေးတဲ့ အရုပ်တွေကတော့ စင်ပေါ်မှာပေါ့။ (ကြွားတဲ့အထဲမှာ TV မပါဘူးနော်.. :D)


နိုဝင်ဘာ ၂၈၊ ၂၀၀၈။

You received this email because you are subscribed to the real_time feed for http://sakura-myanmar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.