မသိခြင်းများ
လောကကြီးကပဲ သင်ယူစရာတွေ များလွန်းနေတာလား… ကျွန်မကိုယ်တိုင်က တုံးလွန်း အ,လွန်းလို့လား… လူ့ဘ၀သက်တမ်းမှာ အနှစ်နှစ်ဆယ် ကျော်လာတဲ့အထိ ကျွန်မ မသိတဲ့အရာတွေ အတော်များများ ရှိနေပါသေးတယ်။ တစ်ချို့အကြောင်းအရာတွေက ကိုယ်တိုင်က စိတ်မ၀င်စားတဲ့အတွက် သိဖို့မကြိုးစားလို့ မသိတာပါ။ တစ်ချို့အကြောင်းအရာတွေကျပြန်တော့ သိချင်လို့ ကြိုးစားလေ နားလည်ရခက်လေ ဖြစ်ပြီး မသိတာမျိုးပါ။
တကယ်တော့လဲ သိခြင်းနဲ့ မသိခြင်းကြားမှာ ခြားထားတဲ့အလွှာက ပါးပါးလေးပါ။ အဲဒီအလွှာပါးပါးလေးကို ထွင်းဖောက်မြင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ…။ ကျွန်မ အကြိမ်ကြိမ် တွေးကြည့်ဖူးပါတယ်။ အရာရာကို သိမြင်နားလည်နိုင်စွမ်းရှိရင် ဘ၀ကြီးဟာ ပိုပြီး ပျော်စရာကောင်းနေမလား…။ အဲဒါတော့ သိပ်မသေချာဘူး ထင်တာပဲ။ တခါတလေမှာ သိခြင်းရဲ့ အရသာထက် မသိခြင်းရဲ့ အရသာက ပိုပြီး ချိုမြိန်နေတတ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်… ကျွန်မပြောတဲ့ ချိုမြိန်တဲ့ မသိခြင်းဆိုတာ လူတွေရဲ့စိတ်ကို မသိရခြင်းကို ပြောတာပါ။
အသိပညာ၊ အတတ်ပညာပိုင်းမှာတော့ ပိုသိလေ ပိုကောင်းလေပါပဲ။ အတတ်ပညာပိုင်းဆိုင်ရာမှာ သူများနဲ့ယှဉ်လိုက်လို့ ကိုယ်က ပိုသိ ပိုတတ်နေရင် ကိုယ့်အတွက် အခွင့်အရေးပိုရှိတာ သဘာဝပါပဲ။ ကျွန်မကတော့ လူသိများတဲ့ တက္ကသိုလ်ကနေ ဘွဲ့တွေ ရထားတာကလွဲပြီး ကိုယ်ယူထားတဲ့ field မှာ သင်ယူလေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။ မသိသေးတာတွေလဲ အများကြီးပါပဲ။
ဒါပေမယ့်လဲ အဲဒီအတွက်တော့ ကျွန်မ စိတ်ဓါတ်မကျပါဘူး။ ပညာရပ်တစ်ခုဆိုတာ လေ့လာလိုက်လို့ အလုံးစုံ သိသွားတယ်ဆိုတာမျိုးမှ မရှိတာ။ တစ်ခုသိသွားရင် နောက်ထပ်သိစရာ နောက်တစ်မျိုးကို ထပ်လေ့လာရမယ်။ အတတ်ပညာတစ်ခုဆိုတာက ကိုယ်ကသာ ဇွဲရှိမယ်၊ အချိန်ပေးနိုင်မယ်၊ သိချင်တဲ့စိတ်လဲ ပြင်းပြထက်သန်နေမယ်ဆိုရင် တစ်နေ့မှာ သိနားလည်လာနိုင်ပါတယ်။
ကျွန်မ မသိချင်လို့ သိဖို့မကြိုးစားတော့တဲ့အထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ လူတွေအကြောင်းပါ။ လူ့ပတ်ဝန်းကျင်မှာနေပြီး လူတွေအကြောင်းကို မသိချင်ဘူးဆိုလို့ ကျွန်မကို အံ့သြနေကြမလားပဲ…။ လူတွေအကြောင်းကို ကျွန်မ တကယ်ကို မသိချင်တော့တာပါ။ တစ်ချိန်တုန်းကတော့ လူတွေရဲ့စိတ် ( အထူးသဖြင့် လူတစ်ယောက်ရဲ့စိတ် ) ကို နားလည်ချင်လွန်းလို့ အသည်းအသန် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီလို ကြိုးစားရတာဟာ ကိုယ့်စိတ်ကို ညှဉ်းဆဲသလိုပါပဲ။ သိလိုက်ရပြန်တော့လဲ ဘာမှပိုထူးမလာဘဲ ပူလောင်မှုကိုပဲ ခံစားရပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်နောက်ကွယ်က ကိစ္စမှန်သမျှ ဘာကိုမှ မသိချင်တော့ပါဘူး။
ကျွန်မနဲ့ခင်တဲ့ ကောင်မလေးတစ်ယောက်ဆို သူ့ချစ်သူနဲ့ ပတ်သက်ပြီး သိချင်တာတွေ များလွန်းလှပါတယ်။ သူ့ချစ်သူရဲ့ Email Password ကို ယူထားပြီး ဖွင့်စစ်ရတာလဲ အမောပါပဲ။ ကျွန်မကတော့ ကျွန်မချစ်သူနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိသလို မသိချင်တာတွေလဲ ရှိပါတယ်။ မိုက်မဲတယ်လို့ ဆိုချင်ဆို… အ,တယ်လို့ ပြောချင်ပြော … သိလိုက်ရလို့ စိတ်ဆင်းရဲသွားမယ့် အရာမျိုးဆိုရင်တော့ မသိဘဲနဲ့ ပျော်နေချင်ပါတယ်။
ငွေကြေးဟာ လူ့ဘ၀မှာ အတိုင်းအတာတစ်ခုအထိ အရေးပါမှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ငွေကြေးအမြတ်အစွန်းရဖို့ ဈေးတွက်တွက်တဲ့ နည်းလမ်းတွေ ကျွန်မ မသိပါဘူး။ လူတစ်ယောက်အတွက် အလုပ်ခွင်မှာ နေရာကောင်းကောင်းရဖို့ လိုအပ်မှန်း ကျွန်မ သိပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းနဲ့ အလုပ်ကြိုးစားဖို့ကလွဲပြီး ဘယ်သူ့ကို ဘယ်လို ပေါင်းရမယ်ဆိုတာတော့ ကျွန်မ မသိပါဘူး။ လူတွေကို စိတ်ရင်းမှန်နဲ့ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံတတ်တယ်။ ဒါပေမယ့် ကိုယ့်အပေါ်မှာ လူတွေ ဘယ်လိုသဘောထားလဲ… ကျွန်မ မသိပါဘူး။
ချစ်သူကိုလဲ တန်ဖိုးထားမှုတွေနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတယ်။ အဲဒီအချစ်ကို ဘယ်လိုစကားလုံးတွေနဲ့ ပြောပြရမလဲ… ဘယ်လိုအမူအယာတွေနဲ့ ဖော်ပြရမလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မရဲ့ မသိခြင်းတွေကို ပြောပြရင် ကုန်နိုင်မယ်တောင် မထင်ပါဘူး။ လောကကြီးကပဲ သင်ယူစရာတွေ များလွန်းနေတာလား… ကျွန်မကိုယ်တိုင်က တုံးလွန်း အ,လွန်းလို့လား… လူ့ဘ၀သက်တမ်းမှာ အနှစ်နှစ်ဆယ် ကျော်လာတဲ့အထိ ကျွန်မ မသိတဲ့အရာတွေ အတော်များများ ရှိနေသေးတယ် ဆိုတာကတော့ အသေအချာပါပဲ။
You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.