Saturday, November 22, 2008

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ကိုဖိုးဇေသို့ ၀မ်းနည်းစွာ

ကိုဖိုးဇေသို့ ၀မ်းနည်းစွာ


ဒီနေ့ ရုံးကို မသွားရဘဲ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ Course တခုကို သွားတက်နေရလို့ အင်တာနက်ထဲ တနေကုန် မရောက်ဘူး။ ညနေကျတော့လည်း နေမကောင်းတာ တပတ်လောက်ကြာနေပြီဆိုပြီး ဆေးခန်းသွားနေလို့ အိမ်ကို ည ၉နာရီမှ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း ကွန်ပြူတာဖွင့်ပြီး ကျွန်မဘလော့ဂ်ကို ၀င်တော့ Blog Roll မှာ အန်တီငြိမ်းရဲ့ "ကဖိုးဇေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်လေး မြင်တာနဲ့။ "ဘာလဲဟ ကိုဖိုးဇေ မွေးနေ့များလား" ဆိုပြီး အပြေးအလွှား သွားအဖတ်... ပို့စ် စစချင်းမှာ "၀မ်းနည်းမှတ်တမ်းတွေ မရေးချင်တော့ဘူး" ဆိုတာလေး ဖတ်မိလိုက်တော့ "ဟမ်... ဟမ် ဘာတွေ ရေးထားတာလဲ" ပေါ့။ မဟုတ်ပါစေနဲ့ ကျွန်မ ဆုတောင်းမိတယ်။ ချက်ချင်းပဲ "ဘလော့ဂ်ရေးတဲ့ ကိုဖိုးဇေလား အန်တီ"လို့ လက်မခံနိုင်စွာ မေးမိတယ်။ ဒီနေ့မှ အန်တီခင်ရော၊ အန်တီငြိမ်းရော တော်တော်နဲ့ စကားမပြန်ကြလို့ ရင်တမမနဲ့ အဖြေကို စောင့်နေခဲ့ရတာ။


ကိုဖိုးဇေ...
အသက် ၃၆ နှစ်ဆိုတာ လူ့သက်တမ်းအရ ထက်ဝက်ကျိုးခါစ အလွန်ငယ်သေးတဲ့ အရွယ်ပဲ ရှိပါသေးတယ်။ ခုတော့ ကျွန်မတို့ကို မယုံနိုင်လောက်အောင် အံ့ဩတုန်လှုပ်စေခဲ့တယ်။

ဘလော့ဂ်တွေ ရေးရင်း အန်တီခင်တို့၊ အန်တီငြိမ်းတို့နဲ့ ပတ်သက်ပြီး စ သိခဲ့တာ။ ကယားပြည်အကြောင်းတို့၊ ဦးနာအောက်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ ကျွန်မ မေးလို့ ပြန်ဖြေဖြေပေးတာ။ ကိုဗဟိန်းအကြောင်း၊ ကွန်မြူနစ်အကြောင်းတွေလည်း အနည်းအကျဉ်းပါသေးတယ်။ ကွန်မန့်တွေပေးပြီး လာလာရှင်းပြလေ့ရှိတတ်တာ။ ဘလော့ဂ်မှာ သူ့ကောင်မလေးတွေနဲ့ အကြောင်း ရေးထားတာ သွားသွားဖတ်ရင်း လူပျိုမသိုးတသိုးလို့ ပြောတတ်တဲ့သူ့ကို ကျွန်မတို့ နောက်တတ်တာ။ သူ့ဘလော့ဂ်မှာ အမြဲလို ချယ်ရီပန်းတွေပဲ ပွင့်တတ်တာ။ အန်တီခင်က သူက "ချိန်ပါလေ"လို့ ကွယ်ရာမှာ နောက်ပြီး အတင်းတုတ်လို့ တခွိခွိနဲ့ ရယ်ပြီး သူ့ကို သွားသွား စတာ။ မိသားစုနဲ့ အတည်တကျ ဘ၀ကို ပိုင်ဆိုင်စေချင်တဲ့အတိုင်း သူ့ဘ၀လေး စမယ် ကြံကာရှိသေး။ အကြွေစောလှတယ် ကိုဖိုးဇေရေ...


ABSDF ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင် ခေါ် ကိုနေလဟာ ဒီကနေ့ မနက် ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်သာရှိသေးတဲ့ ကိုနေလဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဦးဖြစ်သလို တဖက်ကလည်း ကလောင်ကိုကိုင်ပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာ၊ အင်တာနက် ဘလော့ဂါ ကိုမြင့်ဇေ ဖြစ်ပါတယ်။

သူ့ကို ရင်းနှီးသူတွေနဲ့ သူ့ရဲဘော်တွေက ဂုရုလို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူ ကွယ်လွန်သွားတဲ့ အကြောင်းကို ကျောင်းသားတပ်မတော်က သူရဲ့တပ်ရင်းမှူး ကိုမင်းဇော်က …
"ရဲဘော်နေလ ခေါ်တဲ့ ရဲဘော်မြင့်အောင်က ဒီ ၂၀ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ ဆုံးသွားပါတယ်၊ မနက် စောစောဆိုလို့ရှိရင် သက်ပျောက်ဆွမ်းကျွေးမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ ရုပ်ကလာပ်ကိုပေါ့နော် တောရကျောင်းကို ရွှေ့ပြီးတော့ ထားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံပြီးကတည်းက တောက်လျှောက်ပေါ့နော် တောခိုလာကတည်းက ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့ တပ်ရင်း ၁၀၁ မှာ အတူတူ တာဝန်ထမ်းဆောင်တယ်၊ ဒီဘက် နောက်ဆုံး ABSDF တပ်ရင်း ၈ ရဲ့ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ အနှစ် ၂၀ လုံးလုံးပေါ့ဗျာ တောက်လျောက် တာဝန်ယူခဲ့တဲ့ ရဲဘော်တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးအပေါ်မှာ တကယ့်ကို ချစ်ခင်ပြီးတော့ နှစ်နှစ်ကာကာ လုပ်ကိုင်နေတဲ့ ရဲဘော်ကောင်းတယောက် အခုလို ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ရော ကျနော်တို့တပ်ရင်းအနေနဲ့ရော တော်လှန်ရေးတခု လုံးအနေနဲ့ရော ထိခိုက်နစ်နာပါတယ်။ သူ့ကျန်ရစ်သူမိသားစုတွေကိုလည်း ဒီကနေ ဝမ်းနည်းကြောင်း ကျနော်တို့ လှမ်းပြီးတော့ သတင်းစကားပါးချင်ပါတယ်။ ကျနော်တို့အားလုံးလည်း ယူကြုံးမရဖြစ်နေပါတယ်"
ABSDF တပ်ရင်းမှူး ကိုမင်းဇော် ပြောပြသွားတာပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် ခေါ် ကိုနေလ ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိပြန်ကြားရေးတာဝန်အပြင် ဒေါင်းအိုးဝေ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ဖခင် ဦးအောင်ခင်ဟာလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ရဲဘော်မြင့်အောင် အခုကွယ်လွန်ချိန်မှာတော့ သူရဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။ (RFA မြန်မာပိုင်း အစီအစဉ်မှ)

တောတွင်းက ကျောင်းသားတပ်မတော်ရဲ့ စခန်းတနေရာမှာ

နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၁) နာရီ (၁၀) မိနစ်အချိန်တွင် နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့သည့် ကျောင်းသား တပ်မတော် (ABSDF) တပ်ရင်း (၈) မှ ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်ဟောင်း၊ ဒေါင်းအိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် ရဲဘော်နေလ (ခ) ရဲဘော်မြင့် အောင် (ခ) ရဲဘော်ဂုရု (၃၆ နှစ်) အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူး ၀မ်းနည်းကြေကွဲမိပါကြောင်း မှတ်တမ်းပြုအပ်ပါသည်။ ရဲဘော်ဂုရုသည် ပွင့်သစ်(ကရိန်ကန်)၊ မြင့်ဇေ၊ ကိုဖိုးဇေ ကလောင်အမည်များဖြင့် ကဗျာများ၊ ဆောင်းပါးများ၊ ၀တ္တုတိုများ၊ ဟာသများ ရေးသားခဲ့ပြီး www.myintzay.blogspot.com (SHARING THE VARIOUS THOUGHTS) ဘလော့ဂ်ပိုင်ရှင် ဘလော်ဂါ ကိုဖိုးဇေ အဖြစ်လည်း လူသိများသည်။ အနှစ် (၂၀) ဒီမိုကရေစီတိုက်ပွဲအတွင်း လက်နက်ကိုင် တော်လှန်ရေးတာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းရွက်ခဲ့သည်...။ (ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ)


ကိုဖိုးဇေ... ကောင်းရာသုဂတိ လားပါစေ။
စိတ်မကောင်းခြင်း များစွာ

ညီမ s0wha1

အန်တီခင့် ဘလော့ဂ်မှ ဓာတ်ပုံတွေ ယူထားတယ်။

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.