ချစ်သမီးအတွက် ပေးစာ
သမီးငယ်
သမီး မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ သမီးအတွက် မေမေတို့ ဝမ်းသာကြတယ်။ မိုင်ပေါင်းထောင်သောင်း ဝေးနေလို့ သမီးမင်္ဂလာပွဲကို မေမေတို့အရောက် မလာနိုင်ခဲ့ဘူး။ မင်္ဂလာပွဲမှာ ဆုံးမသြဝါဒတွေ မပေးနိုင်ခဲ့ဘူး။ ဒါကို မေမေတို့ စိတ်မကောင်းဖြစ်မိကြတယ်။ သမီးက မေမေတို့ရဲ့ သမီးပဲ... မေမေတို့ ခံစားရတာတွေကို သမီးနားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဟိုတစ်နေ့က သမီးနဲ့ ဖုန်းပြောပြီးနောက် သမီးဖေဖေနဲ့မေမေတို့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ အော်... ငါတို့သမီးလေးတောင် ဒီလောက်ကြီးပြင်းခဲ့ပြီလို့...
သမီးဖေဖေက မှန်ရှေ့မှာရပ်ပြီး "ကြည့်စမ်း... ငါ့ခေါင်းပေါ်က ဆံပင်ဖြူတွေတောင် ဒီလောက်များနေပြီ။ သမီးလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီပေါ့" တဲ့။ သမီးဖေဖေ ခေါင်းပေါ်က ဆံပင်ဖြူတွေက မေမေတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို ဖော်ညွန်းနေသလိုပါပဲ သမီး...
ခေါင်းထဲပေါ်လာတဲ့ အတိတ်က ပုံရိပ်တွေကို သမီးဖေဖေက တစ်ခုပြီးတစ်ခု ထုတ်ပြနေတယ်။ ကဲ.. သမီးဆီ စာတစ်စောင် ရေးလိုက်ဦးဆိုလို့ ဒီစာကို မေမေ ရေးဖြစ်လိုက်တယ် သမီး.. သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ သဘောထားပါနော်။
သမီးရေ.. မေမေတို့က ကမ္ဘာပေါ်မှာ ရှိသမျှ မိဘတွေလိုပဲ သာမန်တဲ့ မိဘတွေပါ။ သမီးဟာလည်း သာမန်သားသမီးတွေထဲက သာမန်သမီးလေးတစ်ယောက်ပါပဲ။ ဒါကြောင့် မေမေတို့ အများကြီး မတောင်းဆိုဘူး။ သမီးလျှောက်လှမ်းမယ့် မင်္ဂလာလမ်းဟာ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေနဲ့ ပြည့်နေပြီး ခရီးဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ပဲ မေမေတို့ မျှော်လင့်တယ်။ အဲဒီလို သာယာမယ့်လမ်းအတွက် မေမေတို့ တွေ့ကြုံခဲ့တာလေးကို မျှဝေချင်ပါတယ် သမီး....
ပထမဦးဆုံး သမီးကို ပြောချင်တာက "အိမ်" ဆိုတာ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်သလို အလွယ်တကူ ဖြစ်လာတာလည်း မဟုတ်ဘူး။ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူးလို့ပြောတာ အဓိပ္ပါယ်မရှိပေမယ့် လုံးဝမှန်တယ် သမီး။ အိမ်ဆိုတာ လင်မယားနှစ်ယောက်၊ မိသားစုဝင်တွေက (မေမေတို့ အပါအဝင်) အချိန်ကာလ၊ အချစ်အမုန်း၊ အတင်းအဖျင်း၊ အမှားအမှန်၊ အချိုအခါး စတာတွေ၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံထဲကနေ နောက်ဆုံးရလာတဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်။
လင်မယားနှစ်ယောက် စပြီး အချေအတင်ဖြစ်ပြီဆိုရင် အိမ်ကို အရိပ်မည်းတွေ လွှမ်းမိုးစပြုလာပြီ သမီး... အတ္တကိုယ်စီနဲ့ သူမှန်တယ်၊ ငါမှန်တယ်လို့ ငြင်းခုံနေကြရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ကြရတယ်။ လင်မယားတစ်ချို့က အတ္တ၊ ခေါင်းမာသာတစ်ခုတည်းနဲ့ အချစ်မဲ့ကုန်ကြတယ်။ "အိမ်" ဆိုတာ အတ္တ မာနတွေပြိုင်၊ မကျေနပ်တာတွေ ရှင်းဖို့အတွက် သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူး ဆိုတာကို သူတို့ နားမလည်ကြဘူး။
ဒါဆိုရင် "အိမ်" ဆိုတာ ဘာလဲ?
သမီးငယ် မေမေတို့ ငယ်ရွယ်စဉ်က ဒီမေးခွန်းကို မဖြေတတ်ခဲ့ကြဘူး။ တစ်ခြား လင်မယားတွေလိုပဲ ကိစ္စအသေးအမွှားလေးနဲ့ ဖေဖေမေမေတို့ ငြင်းခုံတတ်ကြတယ်။ တစ်ခါက သမီးဦးလေးရဲ့ ကိစ္စတစ်ခုကြောင့် ဖေဖေနဲ့မေမေ ရန်ဖြစ်ကြတာ ကွာရှင်းဖို့အထိ ဖြစ်ခဲ့သေးတယ်။ အဲဒီခေတ်အချိန်အခါမှာ ကွာရှင်းဖို့ မေမေတို့ သတ္တိမရှိခဲ့ကြလို့ မကွာရှင်းဖြစ်ခဲ့ကြဘူး။
တစ်နေ့မှာ မိတ်ဆွေတစ်ဦးက သူ့သားမင်္ဂလာဆောင်မှာ "အိုအောင်မင်းအောင် ပေါင်းရပါစေ။ အမြဲချစ်နိုင်ကြပါစေ" ဆိုတဲ့ ဆုတောင်းစကား တိုတိုလေးက မေမေရင်ထဲ ဝင်ဆောင့်ခဲ့တယ်။ မှန်ပါတယ်... အိမ်ဆိုတာ မေတ္တာစကား၊ ချစ်ခြင်းစကားတွေသာ ပြောဖို့ သင့်တင့်တဲ့နေရာပါ။
ခဏလေးချစ်ဖို့ လွယ်ကူပေမယ့် တစ်သက်၊ တစ်ဘဝချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သမီး။ တစ်သက်၊ တစ်ဘဝဆိုတဲ့ အချစ်ထဲမှာ နားလည်ခြင်း၊ ခွင့်လွတ်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်းတွေ ရှိရတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် အိမ်ထောင်ဆိုတာ ဘူးအလွတ်တစ်လုံးနဲ့ တူတယ် သမီး။ အဲဒီ ဘူးလွတ်ထဲကို ပစ္စည်းတွေ ဖြည့်ပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပြန်ထုတ်ယူနိုင်မှာဖြစ်တယ်။ များများထည့်လေ များများပြန်ရလေပဲ သမီး...
လူအများက မင်္ဂလာဆောင်တဲ့အချိန်မှာ အဲဒီမင်္ဂလာထဲမှာ မျှော်လင့်ချက်တွေ ထည့်ထားတတ်ကြတယ်။ မင်္ဂလာထဲကနေ ပစ္စည်းဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ခွင့်လွတ်ခြင်းတွေ မျှော်လင့်ကြတယ်။ မေမေ အထက်က ပြောခဲ့သလို မင်္ဂလာဆောင်စမှာ၊ အိမ်ထောင်ပြုစမှာ ကိုယ်က ဘူးအလွတ်တစ်လုံးပဲ ပိုင်ဆိုင်ထားတယ်။ အဲဒီဘူးထဲကို ကိုယ်မျှော်လင့်တဲ့ ပစ္စည်းတွေ ဖြည့်ထည့်ပေးရတယ်။ ချစ်ခြင်းတွေ၊ ဖေးမ အားပေးတာတွေ ထည့်မှ ဘူးက တစ်နေ့တစ်ခြား ပြည့်လာမှာဖြစ်တယ်။

ဘူးအလွတ်ထဲ "သတိရ တမ်းတခြင်း" တွေ အရင်ထည့်သင့်တယ် သမီး... တွေ့စ၊ ချစ်စအချိန်ကနေ အိမ်ထောင်ပြုတဲ့အထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ သတိရခြင်း၊ တမ်းတခြင်းတွေက အရိုးထဲအထိ စွဲဝင်နေခဲ့လို့ပဲ သမီး။ သတိရ တမ်းတခြင်းက စိတ်ညစ် အားငယ်နေတဲ့အချိန် အိမ်အရောက် ဖောက်ထားတဲ့ လမ်းငယ်လေးတစ်ခုဖြစ်သလို ချမ်းအေးတဲ့ ဆောင်းညမှာ အနွေးဓာတ်ပေးတဲ့ မီးလင်းဖိုလည်းဖြစ်တယ်။ ပင်ပင်ပန်းပန်းနဲ့ အပြင်က ပြန်လာသူအတွက် အိမ်တံခါးအဖွင့်မှာ အမွှေးနံ့သာကိုလည်း ပေးနိုင်စွမ်းတယ်။
ဘူးအလွတ်ထဲ နောက်ထပ် ထည့်ရမှာက "အနုပညာ" အိမ်ထောင်ဘဝရဲ့ အနုပညာဖြစ်တယ်။
အိမ်ထောင်မှာလည်း အနုပညာရှိတယ်။
စိတ်ဆိုးတဲ့အနုပညာ၊ ရန်ဖြစ်တဲ့ အနုပညာ စတာတွေဖြစ်တယ်။
တစ်ခါက သားသမီး ငါးယောက်ရှိတဲ့ လင်မယားနှစ်ယောက် သားသမီးကိစ္စ အသေးအမွှားနဲ့ ရန်ဖြစ်ကြတယ်။ ရန်ကဖြစ်လေ ကြီးလေ နောက်ဆုံး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်တဲ့အချိန် မယားက ရုတ်တရက် "ခဏနေအုန်း... ငါ ကလေးသွားမွေးအုန်းမယ်" လို့ ပြောတယ်။ ဒါဟာ ရန်ဖြစ်တဲ့ အနုပညာပဲသမီး...
မင်္ဂလာဘူးလွတ်ထဲမှာ "သတိရတမ်းတခြင်း" နဲ့ "အနုပညာ" တွေအပြင် တစ်ခြားထည့်စရာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်သမီး။ သမီးတို့နှစ်ယောက်အတူ ပြည့်အောင် ဖြည့်ကြပါနော်။
နောက်ဆုံးအနေနဲ့ စာရေးဆရာတစ်ဦးရဲ့ စကားတစ်ခွန်းကို လက်ဆောင်ပါလိုက်ပါတယ် သမီး .....
" သားသမီးတွေကို မိဘတွေက ကျွေးမွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ မိဘတွေရဲ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ခဲ့တယ်။ နောက်ဆုံး သူတို့အတွက် အကောင်းဆုံး လက်ဆောင်ကို ပေးလိုက်ပါ။ အဲတာကတော့ အတောင်ပံတစ်စုံပဲဖြစ်တယ်"
သမီးငယ် ဒီစာဟာ သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဖေဖေမေမေတို့ရဲ့ တောင်းဆုနဲ့အတူ သမီးပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ...

ချစ်တဲ့
ဖေဖေနဲ့မေမေ
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မူရင်း...... http://www.tw001.net/novels
အင်္ဂလန် အိမ်မွေးတိရိစ္ဆာန်
အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်တွေကို မွေးမြူကြတာ ဒီခေတ်မှာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ခွေး၊ ကြောင်တွေကို ကမ္ဘာအနှံ့က လူတွေလည်း မွေးမြူကြပါတယ်။ ဒီကလူတွေလည်း ခေတ်နောက်မကျကြပါဘူး။ တစ်ချို့အိမ်မှာ ရှားပါးခွေးမျိုးတွေ မွေးမြူထားကြတာကို တွေ့ရတယ်။ အင်္ဂလိပ်လူမျိုးတွေက မွေးထားတဲ့ ခွေးကို အလေးထားကြတယ်။ ဘဝမှာ ပျော်ရွှင်ဖို့အတွက် ခွေးမွေးတယ်လို့ တစ်ချို့က သတ်မှတ်ထားကြတယ်။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေ ခွေးကိုချစ်တာ တစ်ခြားလူမျိုးထက် ပိုတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
အင်္ဂလိပ်တွေက အားလပ်ချိန်မှာ ခွေးတွေနဲ့အတူ အပန်းဖြေတတ်ကြတယ်။ ပန်းခြံထဲမှာ ဆော့ကစားကြတယ်။ တစ်ခါက ပန်းခြံတစ်ခုမှာ ကျွန်မလမ်းလျှောက်နေတုန်း ခွေးတစ်ကောင် ကျွန်မဖက် ပြေးလာတယ်။ ကျွန်မလန့်ပြီး လက်ထဲကထီးနဲ့ ခွေးကို လှမ်းရိုက်မဲ့ဟန်ပြုပြီး ခြောက်လိုက်မိတယ်။ ခွေးပိုင်ရှင်က ခွေးကိုဒီလို ဆက်ဆံရသလားဆိုပြီး ကျွန်မကို အပြစ်တင်တယ်။ အိမ်ပြန်ရောက်လို့ အဒေါ်ကို ပြောပြတော့ အဒေါ်က အင်္ဂလန်ခွေးအများက လူမကိုက်တတ်တဲ့အကြောင်း၊ ကိုယ့်ဆီပြေးကပ်လာရင် လက်နဲ့ခေါင်းကို ပွတ်သပ်ပေးရင် ရကြောင်း ပြောပြတယ်။
၁၉၈၇ခုနှစ်မှာ အင်္ဂလန်ထုတ် "Choice" မဂ္ဂဇင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အင်္ဂလန်လူမျိုး ၅ပုံ၁ပုံဟာ လူမွေးရတာထက် ခွေးမွေးရတာ ပိုကောင်းကြောင်း၊ ၂ပုံ၁ပုံက ခွေးမွေးတာကို အလုပ်တစ်ခုအဖြင့် သတ်မှတ်ကြောင်း၊ လူထက်ဝက်က ကိုယ့်ဝမ်းမဝချင်နေ မွေးထားတဲ့ ခွေးကို မစွန့်ပစ်နိုင်ကြောင်း သိရတယ်။ ဒီလို အင်္ဂလိပ်လူမျိုးတွေ ခွေးကိုချစ်ကြတာ အခုမှ မဟုတ်ပါဘူး။ ဟိုအရင်ကတည်းက ခွေးမွေးတာကို ဓလေ့တစ်ခု၊ အမွေတစ်ခုလို့ သတ်မှတ်ထားကြတယ်။ ၁၈၈ဝခုနှစ် နှစ်စပိုင်းကတည်းက လန်ဒန်မြို့မှာရှိတဲ့ "Hyde Park" ပန်းခြံ တံခါးဝမှာ ခွေးသင်္ချိုင်းကို ထားရှိပြီး "Battersea Park" ပန်းခြံအနီးမှာလည်း အမည်မရှိခွေးတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ထားရှိတယ်။
အင်္ဂလိပ်လူမျိုးတွေမှာ ခွေးနဲ့ ပတ်သက်တဲ့ စကားပုံတွေ အများကြီးရှိပါတယ်။ ဥပမာ- "Dog Days" က နွေရာသီရဲ့ အပူပြင်းဆုံးနေ့ကို ဆိုလိုသလို (The phrase Dog Days or "the dog days of summer" refers to the hottest, most sultry days of summer). "As sick as a dog"က အပြင်းဖျားနာသူကို ဆိုပါတယ်။ (If you're as sick as a dog, you're very sick) "မြင်းဇောင်းထဲက ခွေး" က အိမ်သာဦးထားပြီး မစင်မစွန့်သူကို ဆိုပါတယ်။ မြန်မာမှာလည်း ခွေးနဲ့ ပတ်သက်တဲ့ စကားပုံတွေ အများကြီးရှိပါတယ်။
အင်္ဂလန်မှာ လူတွေဟာ မနက်ခင်းနဲ့ ညနေခင်းမှာ မွေးထားတဲ့ခွေးတွေနဲ့အတူ ပန်းခြံထဲ လမ်းလျှောက်တတ်ကြတယ်။ ကလေးတွေက မြက်ခင်းပေါ်မှာ ဆော့ကစားကြတယ်။ လူတစ်ချို့က အပြေးကျင့်နေသလို ခွေးတွေက ဟိုဒီပြေးလွှား ကစားနေကြတယ်။ ခွေးတွေက လူကို ရန်မပြုတတ်ကြဘူး။ အဝေးကိုလည်း ထွက်မသွားတတ်ကြပါဘူး။ စိတ်ကောင်းရှိတဲ့ လူအိုတစ်ချို့က ပါလာတဲ့ ပေါင်မုန့်တွေကို ပန်းခြံထဲက ခိုတွေ၊ ငှက်တွေ၊ ခွေးတွေကို ချကျွေးကြတယ်။
အင်္ဂလိပ်တွေက မွေးထားတဲ့ ခွေးတွေကို ချစ်ကြ၊ ဂရုစိုက်ကြတာကို တွေ့ရတယ်။ အစားကောင်းတွေကျွေး၊ ခွေးတွေ ညောင်းညာမှာစိုးလို့ ခွေးSpaတွေ၊ ကိုယ်လက် သန့်ရှင်းဆိုင်တွေတောင် ထားရှိကြတယ်။ ဒါကြောင့် တွေ့ဖူးတဲ့ တစ်ချို့ခွေးတွေက ဇိမ်အခံကောင်းလွန်းလို့ လိုအပ်တာထက် အဝလွန်နေကြတယ်။ တစ်ချို့လူတွေက သူတို့ဘယ်သွားသွား ခွေးကိုခေါ်သွားတတ်ကြတယ်။ ဒါပေမယ့် စတိုးဆိုင်၊ ကုန်စုံဆိုင် ဝင်တဲ့အခါ ခွေးတွေကို လမ်းဘေးတိုင်တွေမှာ ချည်ခဲ့ကြတယ်။ ကိုယ်ပိုင်ကားနောက်ခန်းမှာလည်း ခွေးထိုင်ဖို့ ခုံပုလေးတွေ ထားရှိတတ်ကြတယ်။
ကြောင်ကို ခွေးနဲ့ နှိုင်းလိုက်ရင် ကြောင်မှာ ဒီလိုဇိမ်ခံဖို့ ကံမပါလာဘူးလို့ ပြောရမယ်။ လူအများက ကြောင်တွေကို ခွေးလောက် မချစ်ကြဘူး။ ခွေးလောက် သစ္စာမရှိဘူးလို့လည်း ပြောကြတယ်။ ဒါပေမယ့် အရောင်လှတဲ့ ကြောင်တွေကိုတော့ ကလေးတွေက ကြိုက်နှစ်သက်ကြတယ်။
ခွေးမွေးတဲ့လူ များတဲ့အတွက် ပန်းခြံ၊ လမ်းမတွေရဲ့ သန့်ရှင်းမှုကလည်း အရေးတစ်ရပ်ဖြစ်လာတယ်။ ဒါကြောင့် လူနေရပ်ကွက်၊ ပန်းခြံ၊ လမ်းမတွေမှာ ခွေးပိုင်ရှင်ကို သတိပေးဆိုင်းပုဒ်တွေ ကပ်ထားတတ်ကြတယ်။ "Clean up after your dog" "Stop messing about" ဆိုပြီး လမ်းတွေ မညစ်ပတ်စေဖို့၊ ခွေးတွေရဲ့ မစင်ကို တစ်ပါးတည်း ရှင်းပစ်ခဲ့ဖို့ သတိပေးထားကြတယ်။ ဒါကြောင့် အင်္ဂလန်ရဲ့ လမ်းမ၊ ပန်းခြံတွေမှာ တစ်ခြားအမှိုက်တွေနဲ့ ညစ်ပတ်ရင် ညစ်ပတ်မယ် ခွေးအညစ်အကြေးကိုတော့ မတွေ့ရတတ်ပါဘူး။
နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.