Monday, November 10, 2008

[ပန်းခရမ်းပြာ] 1 New Entry: ဖိနပ်၏ သက်တမ်းကုန် နေ့စွဲ

ဖိနပ်၏ သက်တမ်းကုန် နေ့စွဲ

Vivie ဖိနပ်တစ်ရံ ကို ဈေးပေါပေါနဲ့ Warehouse sale မှာ ရလိုက်တယ်။ အနက်ရောင်ဒေါက် မနိမ့်မမြင့်နဲ့မို့ ကြိုက်မိတာလေ။ ဝယ်ပြီး မစီးရသေးခင် ရုံးမှာ တရုတ်မတစ်ယောက် ဒေါက်ဖိနပ်နဲ့ ချော်လဲတယ်။ လက်ကျိုးတယ်။ ဆေးခွင့်တစ်လ ရသွားတယ်။ ဒါကိုမြင်ပြီး မစီးချင်တော့ဘူး။ သိမ်းထားတာ သုံးနှစ်နီးပါးလောက် ကြာသွားတယ် ထင်ပါရဲ့။ မနေ့ကမှ ပထမဆုံး ထုတ်စီးမိတာ။

ရုံးရောက်တော့ ဖိနပ်က ချောင်လှချည်လားလို့ ကြည့်လိုက်တော့မှ ကော်ရှိတဲ့နေရာတွေ အကုန် ကွာကုန်တာပါလား။ တဲတဲပဲ ကျန်တော့တယ်။ နောက်ထပ် ခြေလှမ်းနှစ်ဆယ်လောက် လှမ်းပြီးရင်တော့ ခြေဖဝါး အတိုင်း လျှောက်ဘို့သာ ပြင်ပေတော့။


ရုံးဆင်းဘို့ အချိန်တွေ အများကြီး ရှိသေးတာပဲ။ စားပွဲအောက်မှာ ရှိတဲ့ ဖိနပ် အဟောင်းတစ်ရံကို စီးပြီး ရုံးထဲမှာ Super glue လိုက်ရှာတယ်။ ဒေါက်ဖိနပ် အသစ်စက်စက် ကွာနေတဲ့ နေရာတွေကို ကော်ကပ်ထားလိုက်တယ်။

ရုံးဆင်းခါနီး ဖိနပ်ကို စွပ်ကြည့်တော့ အိုကေပဲ။ ဒါပေမဲ့ သိပ်စိတ်မချရဲသေးဘူး။ ဘယ်မှ ဟိုဝင်ဒီဝင် မလုပ်ပဲ အိမ်ကို အမြန်ဆုံးပြန်မှ။ ထုံးစံ အတိုင်း ရထားက လူကြပ်နေတာပဲ။ တိုးဝှေ့ အပြင်ထွက်ရင်း ဖိနပ်ထဲက တစ်ခုခု ပြုတ်ထွက်သွားတာ သိလိုက်တယ်။ လူရှင်းတဲ့ နေရာရောက်မှ ကြည့်လိုက်တော့ ကျကျန်ခဲ့တာက ဒေါက်ကခွာ အောက်ခံ သားရေ။ ကိစ္စ မရှိဘူး။ အိမ်ကို လှမ်းမြင်နေရပြီ။ ဒီနားမှာ ခြေဖဝါးနဲ့ လျှောက်သွားလည်း ကိုယ်ဘယ်လိုလူလည်းဆိုတာ သိနေကြတာပဲဟာ … :p

အိမ်ရောက်တာနဲ့ ဒီလောက်တောင် ဒုက္ခပေးတဲ့ဟာ အမှိုက်ပုံးထဲ သွားလေရော့…..
မှတ်သားစရာတော့ ရလိုက်တယ် ….။
လျှော့ဈေးဖြင့် ရောင်းတဲ့ ဖိနပ်များကို ဝယ်ပြီးပါက ချက်ချင်း စီးပစ်ပါရန် ….
မစီးပဲ နှစ်ရှည် သိမ်းထားလိုပါက ရေခဲသေတ္တာထဲ ထည့်ထားပါရန် …..
ဖိနပ်မှာလည်း သက်တမ်းကုန် နေ့စွဲ Expiry Date ရှိသေး ပါလားနော်…။


Image from www.clipart.com

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.