Monday, November 10, 2008

[Nine Nine SaNay] 2 New Entries: စန္ဒယားသင်္ခန်းစာ

စန္ဒယားသင်္ခန်းစာ



သူငယ်ချင်းရဲ့ အားပေးတိုက်တွန်းမှုကြောင့် ဒီပုံပြင်ကို ကျွန်မရေးဖြစ်ခဲ့ပါတယ်။

ကျွန်မနာမည် xxxxx ပါ။ Iowa ပြည်နယ် Des Moines မြို့က မူလတန်းကျောင်းမှာ ကျွန်မ စန္ဒယားဆရာမ လုပ်လာတာ
အနှစ် ၃ဝကျော်ရှိနေပါပြီ။ ဒီနှစ်တွေအတွင်းမှာ ကလေးတွေရဲ့ ဂီတသင်ယူမှုအဆင့် ခြားနားပုံကို ကျွန်မသတိထားခဲ့မိတယ်။ စွမ်းရည်ထက်မြက်တဲ့ ကလေးတစ်ချို့ကို ကျွန်မသင်ခဲ့ဖူးပေမယ့် မြေတောင်မြှောက်ပေးသူ တစ်ယောက်အဖြစ် ကျွန်မ မပျော်ရွှင်ခဲ့ဖူးဘူး။ "ဂီတရဲ့စိန်ခေါ်မှုကို ခံရသူ" လို့ ကျွန်မသတ်မှတ်ထားတဲ့ ကလေးတစ်ချို့ကိုလည်း ကျွန်မသင်ခဲ့ဖူးတယ်။ ရော်ဘီဆိုတဲ့ကလေး အပါအဝင်ပေါ့။

စန္ဒယားသင်ဖို့ ရော်ဘီကို သူ့မိခင်လာပစ်သွားတုန်းက ရော်ဘီဟာ (၁၁)နှစ် အရွယ်ဖြစ်တယ်။ စန္ဒယားလာသင်တဲ့ ကလေးတွေ (အထူးသဖြင့် ယောက်ျားလေး) ဒီထက်စောတဲ့ အသက်အရွယ်မှာ လာသင်သင့်တယ်လို့ ရော်ဘီကို ကျွန်မရှင်းပြတယ်။ ရော်ဘီက သူ့မိခင်ရဲ့တစ်ခုတည်းသော အိပ်မက်က သူ့စန္ဒယား လက်သံကို နားထောင်ဖို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ရော်ဘီကို ကျွန်မလက်ခံပြီး စန္ဒယား အတီးသင်ပေးခဲ့တယ်။ စစသင်ချင်းမှာပဲ ရော်ဘီကို ကျွန်မဘယ်လိုပဲ အားသွန်ခွန်စိုက် သင်သင်၊ ဂီတတွေနဲ့ ဘယ်လိုပဲ မြည်းစမ်းပေးခဲ့ပေမယ့် သူဟာ ဂီတအသံနဲ့ အခြေခံ ဌာန်ကရိုဏ်းတွေကို ချို့တဲ့သူဖြစ်မှန်း ကျွန်မခံစားခဲ့မိတယ်။ ဒါပေမယ့် သူကြိုးစားခဲ့ပါတယ်။ ကျွန်မပေးတဲ့ သင်္ခန်းစာနဲ့ ကျွန်မတောင်းဆိုတဲ့ အခြေခံအသံတွေကို သူကြိုးစားပြီး သင်ယူခဲ့တယ်။

ရော်ဘီဟာ တစ်လပြီးတစ်လ လေ့ကျင့်ခဲ့ပေမယ့် သူတီးတဲ့သံစဉ်ကို ကြားရင် ကျွန်မ အထိတ်တလန့်ဖြစ်ပြီး နောက်ကို ခြေသုံးလေးလှမ်း ဆုတ်မိတတ်တယ်။ ပြီးတော့ စကားလုံးတစ်ချို့ရှာပြီး သူ့ကိုအားပေးစကား ပြောခဲ့တယ်။ တစ်ပတ်စာ သင်တန်းပြီးတိုင်း "ကျွန်တော်ဖြေဖျော်တာကို တစ်နေ့မှာ အမေနားထောင်ရမယ်" လို့ သူအမြဲပြောတယ်။ အဲဒီတစ်နေ့က မိုးနဲ့မြေလို ဝေးလံနေပါတယ်။ သူ့မှာ မွေးကတည်းက ပါလာတဲ့ အစွမ်းအစ စိုးစိမှ မရှိခဲ့လို့ပါပဲ။

ရော်ဘီရဲ့ မိခင်ကို အဝေးကနေပဲ
ကျွန်မမြင်ဖူးခဲ့တယ်။ ကားအိုလေးနဲ့ ရော်ဘီကို ကျောင်းလာပို့တဲ့အချိန် ဒါမှမဟုတ် လာကြိုတဲ့အချိန် သူ့မိခင်ဟာ ကားထဲမှာထိုင်ပြီး အဝေးကနေ ကျွန်မကို လက်ဝှေ့ယမ်းပြတတ်တယ်။ ပြုံးပြတတ်တယ်။ ဒါပေမယ့် ကျောင်းထဲ တစ်ခါမှ ဝင်မလာဖူးဘူး။

တစ်နေ့မှာ ရော်ဘီ ကျောင်းမလာခဲ့တော့ဘူး။ သူ့အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးဖို့ ကျွန်မ စဉ်းစားမိခဲ့ပေမယ့် တစ်ခြား စိတ်ဝင်စားမယ့်အရာကို သင်ယူဖို့ သူဆုံးဖြတ်လိုက်ပြီလို့ ကျွန်မထင်ခဲ့မိတယ်။ (ဂီတကိုသင်ဖို့ သူဥာဏ်မမီခဲ့လို့) သူစန္ဒယား ဆက်လာမသင်တော့ ကျွန်မ ဝမ်းသာမိသေးတယ်။ ကျွန်မ သင်လာခဲ့သမျှ ကလေးတွေထဲမှာ သူဟာ သင်ယူမှု အနှုတ်လက္ခဏာ ပြနေသူ ဖြစ်နေလို့ပါပဲ။ ရက်သတ္တပတ် အနည်းငယ် ကြာပြီးနောက် ကျောင်းသားလေးတွေရဲ့ ဂီတဖျော်ဖြေမှု အစီအစဉ်တစ်ခုအတွက် သူ့အိမ်ကို ကျွန်မဖိတ်ကြားစာ လှမ်းပို့လိုက်တယ်။

ရော်ဘီဆီကနေ ဖျော်ဖြေပွဲမှာ သူပါဝင်ခွင့် ရနိုင်မလားဆိုတဲ့ ပြန်စာရတော့ ကျွန်မ အရမ်းအံ့သြမိတယ်။ ဒီပွဲက အခုကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် ပြုလုပ်ပေးတာဖြစ်ကြောင်း၊ ကျောင်း တစ်ဝက်တစ်ပျက်ကနေ သူထွက်သွားခဲ့လို့ ပါဝင်ခွင့် မရနိုင်ကြောင်း ရော်ဘီကို ကျွန်မ ပြောပြတယ်။

သူ့မိခင် အပြင်းဖျားခဲ့ပြီး ကျောင်းပို့မယ့်သူမရှိခဲ့လို့ သူကျောင်းမတက်ဖြစ်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့် အိမ်မှာ သူအမြဲလေ့ကျင့်ကြောင်း ရော်ဘီက ပွဲမှာပါဝင်နိုင်ဖို့ ကျွန်မကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဘာအကြောင်းကြောင့်မှန်းမသိ သူ့ကို ကျွန်မ ခွင့်ပြုလိုက်တယ်။ သူ့ရဲ့မလျှော့တဲ့ဇွဲကြောင့်လည်း ဖြစ်မယ်။ ဒါမှမဟုတ် အဝေးကလာတဲ့ "ဘာပြဿနာမှ မရှိနိုင်ဘူး" ဆိုတဲ့ အသံကြောင်းလည်းဖြစ်မယ်။

ဖြေဖျော်ပွဲစတဲ့ညမှာ ကျောင်းက အားကစားကွင်းတစ်ခုလုံး ကျောင်းသား၊ မိဘ၊ ဆွေမျိုးတွေနဲ့ ပြည့်နက်နေခဲ့တယ်။ ရော်ဘီကို နောက်ဆုံး အစီအစဉ်မှာ ကျွန်မထည့်လိုက်တယ်။ နောက်ဆုံးအစီအစဉ်မို့ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက် တီးခတ်မှုကြောင့် ပွဲပျက်ခဲ့မယ်ဆိုရင်တောင် ကျွန်မက ပိတ်ပွဲကျေးဇူးတင်စကားနဲ့ ပြန်ဖာထေးလို့ ရနိုင်သေး မဟုတ်လား?

ပွဲစတာနဲ့ ဖျော်ဖြေမှုတွေက ချွတ်ယွင်းချက်မရှိ လုံးဝချောမွေ့နေခဲ့တယ်။ ကျောင်းသားတွေက သူတို့ သင်ယူတတ်မြောက်ထားတာကို အစွမ်းကုန် တီးခတ်ပြခဲ့တယ်။ နောက်ဆုံး ရော်ဘီအလှည့် ရောက်လာခဲ့ပါတယ်။ တွန့်ကြေနေတဲ့ အင်္ကျီ၊ ကြက်ဥမွှေစက် အမွှေခံထားရသလား ထင်ရတဲ့ ဆံပင်နဲ့ ရော်ဘီကို ကျွန်မတွေ့လိုက်တယ်။

"ဘာဖြစ်လို့ တစ်ခြားကျောင်းသားတွေလို မပြင်မဆင်ရသလဲ? ဒီလိုညမျိုးမှာ သူ့အမေက အနည်းဆုံးတော့ သူ့ကို ခေါင်းဖြီးပေးသင့်တယ်" လို့ ကျွန်မတွေးနေမိတယ်။

စန္ဒယားစတင်တီးခတ်ဖို့ ထိုင်ခုံကို ရော်ဘီဆွဲယူလိုက်တယ်။

"Mozart" ရဲ့ နံပါတ် ၁၂. C Major နဲ့ တီးခတ်ရတဲ့ တီးလုံးကို သူတီးမယ်လို့ ရော်ဘီကြေညာတော့ ကျွန်မ အရမ်းအံ့သြသွားမိတယ်။ သူဆက်ပြောနေတဲ့ စကားကို ကျွန်မ နားမထောင်လိုက်မိခင်မှာ သူ့လက်ချောင်းတွေက စန္ဒယားခလုတ်ပေါ်မှာ အမြန်ကကွက် ကနေသလိုပဲ ဟိုဒီပြေးလွှားနေခဲ့တယ်။ အသံပျော့ကနေ အသံမာအထိ နောက်အမြန်နှုန်းတွေ တဖြေးဖြေး တိုးမြင့်ပြီး ဆရာကြီးအဆင့်ထိ တီးလုံးတွေကို သူတီးခတ်သွားခဲ့တယ်။ အသံကို ဆွဲရှည်လိုက်တဲ့ (Mozartကို တီးရင် မဖြစ်မနေ တီးရတဲ့အသံ) သူ့ရဲ့ တီးခတ်မှုက လှပသေသပ်လွန်းတယ်။ ဒီအသက်အရွယ်နဲ့ Mozart ရဲ့ တီးလုံးကို ဒီလောက်လှပအောင် တီးခတ်နိုင်တဲ့သူ ကျွန်မတစ်သက်မှာ တစ်ခါမှ မကြုံခဲ့ဖူးသေးဘူး။ ၆မိနစ်ကျော် ကြာပြီးနောက် အဆုံးသတ်တီးလုံးကို အသံမြင့် သူတီးခတ်လိုက်တယ်ဆိုရင်ပဲ ပွဲကြည့်ပရိသတ်တွေအားလုံး ထရပ်ပြီး လက်ခုပ်သြဘာပေးခဲ့ကြတယ်။

ကျွန်မ ပါးပြင်ပေါ်က မျက်ရည်တွေ ဘယ်အချိန်ကတည်းက စီးကျနေခဲ့သလဲ မသိတော့ပါဘူး။ ရော်ဘီကို ကျွန်မ တင်းတင်းလေး ဖက်ထားလိုက်မိတယ်။ "ရော်ဘီ ဒီလိုတီးခတ်တာကို ဆရာမ တစ်ခါမှ မနားထောင်ခဲ့မိဘူး။ ရော်ဘီ ဘယ်လိုများ ကြိုးစားခဲ့တာလဲ"

မိုက်ခရိုဖုန်းက တစ်ဆင့် ရော်ဘီက " ဟုတ်ကဲ့ပါ ဆရာမ၊ ကျွန်တော့်မေမေ ဖျားနေတယ်လို့ ဆရာမကို ကျွန်တော်ပြောဖူးတယ်နော်။ တကယ်တော့ မေမေက ကင်ဆာရောဂါကို ခံစားနေရသူပါ။ ဒီမနက်ပဲ မေမေဆုံးသွားခဲ့ပါတယ်။ မေမေဟာ မွေးရာပါ နားမကြားသူဖြစ်တယ်။ ဒီညဟာ ကျွန်တော်တီးခတ်တာကို မေမေ ပထမဦးဆုံး ကြားတဲ့ညပေါ့။ ဒါကြောင့် ကျွန်တော်အကောင်းဆုံးဖြစ်အောင် တီးခတ်သွားတာပါ" လို့ ပြောပြခဲ့တယ်။ ခမ်းမတစ်ခုလုံးမှာ မျက်ရည်မစိုတဲ့ မျက်လုံးတွေ မရှိခဲ့ဘူး။

လူ့အဖွဲ့အစည်းတစ်ချို့ ရော်ဘီကို မွေးစားမယ့်အိမ်ပို့ဖို့ စီစဉ်ကြတော့ သူတို့ရဲ့မျက်လုံးတွေလည်း နီစွေးနေတာကို ကျွန်မ မြင်လိုက်မိတယ်။ ရော်ဘီလို ကျောင်းသားမျိုးကို ကျွန်မလက်ခံခဲ့မိလို့ ကျွန်မဘဝဟာ အဆပေါင်းများစွာ အဓိပ္ပါယ်ရှိသွားခဲ့တယ်။ တကယ်ပါပဲ.. ဘယ်ကျောင်းသားကိုမှ ကျွန်မ ဆွဲမခေါ်ခဲ့ဖူးဘူး။ အခုတော့ ကျွန်မကိုယ်တိုင်က အဆွဲခေါ်ခံရသူ ဖြစ်ခဲ့ရတယ်။ ကျွန်မကို ရော်ဘီက ဆွဲခေါ်ခဲ့ပါတယ်။ သူဟာ ကျွန်မရဲ့ဆရာ၊ ကျွန်မက သူရဲ့ကျောင်းသားဖြစ်ခဲ့ရတယ်။

ဘယ်အရာကို ချစ်ခြင်းမေတ္တာလို့ခေါ်တယ်၊ ဘာကို ဇွဲလုံ့လလို့ ခေါ်တယ်၊ ဘယ်အရာကို မိမိကိုယ်ကိုယ် ယုံကြည်မှုလို့ခေါ်တယ် ဆိုတာကို ရော်ဘီက ကျွန်မကို သင်ကြားပေးခဲ့ပါတယ်။ ရော်ဘီဟာ "သဲမုန်တိုင်း စစ်ဆင်ရေး" မှာ တာဝန်ထမ်းဆောင်ရင်း ၁၉၉၅ ခုနှစ် ဧပြီလ Oklahoma City က Alfred P. Murrah Federal Building ပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးသွားခဲ့ရတယ်။ ဗုံးပေါက်ကွဲစဉ် သူဟာ စန္ဒယား တီးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လူတွေပျော်ရွှင်ဖို့၊ လူတွေကို ကူညီနိုင်မယ့် အခွင့်အရေးတွေ ကျွန်မတို့နေ့တိုင်း ရှာဖွေခဲ့ကြတယ်။ မပြောပလောက်တဲ့ အပြုအမှု၊ ကူညီမှုတွေကလည်း လူလူချင်း ဆက်ဆံရာမှာ လိုအပ်မှန်း သိပေမယ့် ကျွန်မတို့ တကယ် လုပ်နိုင်ခဲ့ကြပြီလား? ဒါမှမဟုတ် ရလာတဲ့ အခွင့်အရေးတွေကို ကျွန်မတို့ ဘေးကနေ ဖြတ်ကျော်စေခဲ့ပြီး ဒီလောကကြီးကို အေးစက်မှုတွေသာ ကျွန်မတို့ ချန်လှပ်ထားခဲ့ကြပြီလား? ဒီပုံပြင်ရဲ့ နိဂုံးအနေနဲ့ ကျွန်မ ပြောခဲ့ချင်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်းကို ဒီမှာ ကြည့်ပါ

အနွယ်တော်


မင်းဘယ်သူလဲ
မသဲကွဲရင်
မင်းရင်ထဲကို ခွဲကြည့်ပါ။

မင်းရဲ့အသည်း
အရောင်မွဲရင်
အမှောင်ထဲက ထွက်ခဲ့ပါ။

မင်းရဲ့အသည်း
အရောင်လဲ့ကြည် ရဲရဲနီရင်...

မြန်မာပြည်ကို ချစ်လိုက်ပါ....။

မောင်လှမျိုး (ချင်းချောင်းခြံ)

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.