Monday, November 10, 2008

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၂)

ဦးနာအောက်၊ အောက် မအောက် (၂)

ပထမဆုံး ဦးနာအောက် ရှင်သန်ခဲ့ရတဲ့ ခေတ်ကာလနဲ့ ကမ္ဘာ့အခင်းအကျဉ်း၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုသမိုင်းအကျဉ်းကို အရင်ပြန် ကြည့်မိပါတယ်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ရလာဒ်အနေနဲ့ ဗြိတိသျှ ဟာမြန်မာ့ကမ်းရိုးတန်း အားလုံး နီးပါးလောက် သိမ်းပိုက်နေရာ ယူထားခဲ့တယ်။ ဗြိတိသျှ-ဘားမားဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေက ဆိပ်ကမ်းမြို့ တော် ရန်ကုန်မှာရုံးထိုင်ပြီး အောက်မြန်မာပြည်စီးပွားရေးနဲ့  ကုန်သွယ်ရေးအားလုံး ကို လက်ဝါးကြီးအုပ်ထားခဲ့တာတွေ့ ရပါတယ်။

... .
.
..

ဒီအချိန်မှာ ရန်ကုန်မြို့ မှာ အထက်ဗမာပြည် မင်းနေပြည်တော်ကနေ ခိုလှုံလာတဲ့ ဒုက္ခသည်တွေ၊ ရေကြည်ရာမျက်နုဆိုသလို နယ်မြေပြောင်းရွေှ့အခြေချလာကြတဲ့ စီးပွားရေးသမားတွေလဲ ခြေချင်းလိမ်နေ ခဲ့ပါတယ်။

အဲဒိအချိန်က ကမ္ဘာ့အနေအထားလေးတင်ပြချင်ပါတယ်။ ဦးနာအောက် ဆိုတဲ့ မွန်လူမျိုး နွားကျောင်းသားကလေး မွေးဖွားခဲ့တဲ့ ခေတ် ၊ ၁၉ ရာစု ကာလတွေမှာ ဂရိတ်ဗြိတိန်ခေါ်တဲ့နေမ၀င်အင်ပါယာကြီးဟာ ပထမဆုံးအနေနဲ့  ကြီးထွားလာတဲ့တခြား အင်အားကြီးနိုင်ငံတွေ ရဲ့ အားပြိုင်မှုတွေနဲ့  စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရပါပြီ။ ဂျာမန်တွေ၊ ပြင်သစ်၊ ရာရှန်၊ နဲ့  အမေရိကန်တွေကအစပေါ့။ အဲဒိနိုင်ငံတွေက ပင်လယ်ရပ်ခြားမှာ နယ်ပယ်သစ် သိမ်းပိုက်ခြင်းတွေ၊ စီးပွားရေးအင်အား သွေးတိုးစမ်းမှု ပြုပြီး ဗြိတိန် ကို စယှဉ်ပြိုင်လာ ပါပြီ။

၁၈၈၅ မှာ အမေရိကန်မီးရထားလမ်းတွေဟာအနောက်ဖက် ကယ်လီဖိုးနီးယား ကမ်းခြေအထိ ဆန့်  ထုတ်လာခဲ့ပြီ။ အမေရိကားမှာ စတီးနဲ့ ရေနံလိုအပ်ချက်တွေတိုးလာပြီ။ ၁၈၈၅ မှာပဲ ဓာတ်စက် လို့ ခေါ်ကြတဲ့ ဖိုနိုဂရပ်(ဖ) ကို စထွင်ပြီးခဲ့ပြီ။ ၁၈၈၅မှာပဲ ကမ္ဘာ့ပထမဦး ဆုံး အထပ်ကိုးထပ်ပါတဲ့ မိုးမျှော်တိုက် ကြီး ကို ချီကာဂိုမှာ စဆောက်ပြလိုက်ပြီ။ ၁၈၈၅ မှာ ပဲ လေဘာတီကျောက်ရုပ် နယူးယောက်မှာ စအခြေချခဲ့ပြီ။

ဒါပေမယ့် အင်္ဂလန်နိုင်ငံအတွက်တော့ ၁၈၈၅ မှာ အခြေအနေတွေက ပြောင်းပြန်ဆုတ်ယုတ်ပြီး အကျပ်ရိုက် နေခဲ့ပါတယ်။ သတင်းစာတွေထဲမှာနေမ၀င်ထဲကဆူဒန်နိုင်ငံ ခါတူမ်း မှာ ဗြိတိသျှတွေ တဖြေးဖြေး ကျဆုံးတဲ့သတင်းတွေပါလာပြီ။ ၁၈၈၅ ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်ကြီးချား(လ)စ် ဂေါ်ဒန်ကျဆုံးတဲ့
သတင်း တွေ ကြောင့်အင်္ဂလန်လူထုဒေါသဟာ တိုင်းပြည်မှာ သက်တန်းအရှည်ကြာဆုံး နေရာယူထားခဲ့တဲ့ ၀န်ကြီးချုပ် ၀ီလျှံဂလဒ်စတုန်း ရဲ့ လစ်ဘရယ်အစိုးရ ထံ လှို်င်းတံပိုး လိုရိုက်ခတ်လာနေပြီ။

ဗိုလ်ချုပ်ချား(လ)စ် ဆိုတာ ဂျနရယ်ချား(လ)စ် ချိုင်းနီး(စ)ဂေါ်ဒန် လို့ ခေါ်ဆိုခဲ့ရလောက်အောင် ၁၈၆၀ ခုနှစ်က တရုတ်နိုင်ငံမှာ ဧကရာဇ် ကိုယ်စား တိုင်ပေ ပုန်ကန်သောင်းကျန်းသူတွေကို နိုင်ငံပေါင်းစုံတပ်ကြီးကိုဦးစီးပြီ့း ချေမှုန်း အောင်နိုင်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဖြစ်တယ်။၁၈၈၄ မှာ ပီပြင်တဲ့လမ်းစဉ်မရှိပဲ ဆူဒန်မှာ စစ်အင်အားတွေတိုးချဲ့ ဖို့ အတွက် ဂလဒ်စတုန်း ရဲ့  လစ်ဘရယ်အစိုးရဟာဒီဗိုလ်ချုပ်ကြီး ချား(လ)စ် ချိုင်းနီး(စ)ဂေါ်ဒန် ကို စေလွှတ်ခဲ့တယ်။ မျှော်လင့်တာက မားဒစ် (Mahdist) ဆိုတဲ့ ပုန်ကန်သူတွေကို ဘယ်သူ့ အကူမှမပါပဲ ဖြေရှင်း နိုင်ဖို့ နဲ့ အန်ဂလို-အီဂျစ်(ပ)ရှန် စစ်အခြေစိုက်စခန်းကို ရုတ်သိမ်းရာမှာ ကာဗာလုပ်ပေးနိုင်ဖို့ ပဲဖြစ်တယ်။

အဲဒိအချိန်မှာ ဗမာပြည်ဟာ သိပ်ကိုချမ်းသာနိုင်တဲ့နိုင်ငံမှန်းသိထားတဲ့အတွက် ကတစ်ကြောင်း၊ ဗမာနိုင်ငံဟာ သူတို့ အခေါ် limitless market ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကြီးမားလှတဲ့ ဈေးကွက် ကြီးအတွက် အနောက်ဖက်တံခါးပေါက်တစ်ခုဖြစ်နေတာကတစ်ကြောင်း တို့ ကြောင့် ဒီဗမာနိုင်ငံဟာ ဘာမင်ဂန် နန်းတော်ရဲ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ပြသနာတွေအတွက် အဖြေတစ်ခုဖြစ်နေခဲ့ပါတယ်။ ကုန်သည်တွေအတွက်နှစ်သိမ့်ပေးဖို့ ဝန်ကြီးချုပ်က တစ်ခုခုလုပ်ပေးရတော့မယ့်ထွက်ပေါက်တစ်ခုအဖြစ် နေမ၀င်အင်ပိုင်ယာ ကြီးက မျက်စိကျလိုက်တာ ကျန်တဲ့သမိုင်းဇာတ်ကြောင်းတော့ အားလုံးအသိပါပဲ။့

အဓိက က ဒီ ဧရာဝတီသင်္ဘောကုမ္ပဏီနဲ့ ဦးနာအောက် ကိစ္စ ဆိုတော့ ကျန်တာတွေ အသေးစိတ်မသွားတော့ပါဘူး။ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့နိုင်ငံကြီးတွေတိုးတက်လာစ၊ အင်္ဂလန်ပြည်ကြီးစီးပွားကပ်ကြုံခါစ အဲဒိ ၁၈၈၅ မှာပဲ ကုန်းဘောင်မင်းဆက် နိတ္ထိတံခဲ့ပြီးတစ်မျိုးသားလုံးသူ့  ကျွန်ဖြစ်ခဲ့ရပါတယ်။

စီးပွားရေး စီမံကိန်းတွေ ချထားခဲ့ကြတဲ့အတိုင်း မဟာ ဗြိတိန် ရဲ့ နေမ၀င်အင်ပိုင်ယာ သား တွေအဖြစ်ဝင်လာခဲ့တဲ့ စကော့တလန် က ကုန်သည်တွေ ဦးစီးတဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီကြီးဟာ မြန်မာ့မြစ်တွင်း သယ်ယူပို့ ဆောင်ရေးမှာ အင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်ခင်စောစောကာလတွေကထဲက အခြေပျိုး ရောက်နေခဲ့ပါပြီ။ မြန်မာ့မြစ်ရေကြောင်းတလျှောက်မှာ ဧရာဝတီ ဆိုတဲ့မြန်မာနာမည်တစ်ခုနဲ အဲဒိခေတ်ကာလရဲ့ ခေတ်အမီဆုံး မီးသဘောင်္ နည်းပညာ တွေ နဲ့ တည်ဆောက်ထားတဲ့ စကော့တလန် သားတွေပိုင်တဲ့ သဘောင်္တွေ ပြေးဆွဲနေခဲ့တာကြာပါပြီ။

သမိုင်းကြောင်းအရ ဧရာဝတီ သင်္ဘောကုမ္ပ ဏီဟာ စကော့တလန်၊ ဂလတ်(စ)ဂိုး မှာ အခြေစိုက် ပြီး ၁၈၆၅ ခုနှစ်ကစပြီး မြန်မာပြည်မှာ
Irrawaddy Flotilla Company (IFC) ဆိုပြီး တည်ထောင်ခဲ့ပါတယ်။

အဲဒိ ကာလလေးတွေမြင်သာအောင် ပြန်ကြည့်မယ်ဆိုရင်တော့ မင်းတုန်းမင်း က ၁၈၅၃ ကနေ ၁၈၇၈ အထိ အုပ်ချုပ်ခဲ့ပြီး သီပေါဘုရင်က ၁၈၇၈ ကနေ ပါလွန်တော်မူတဲ့ ၁၈၈၅ အထိပါ။ (၂မင်းဆက်လောက် ဆိုရပြီထင်ပါသည်။ ကုန်းဘောင်မင်းဆက် ၁၁ ဆက်နာမည်အထိတော့ရေးစရာမလို တော့ပါ။)

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရေကြောင်းခရီး အသုံးပြုမှုဟာ မြန်မာပြည်မှာ ထွန်းကားလာပေမယ့်  သိပ်အဆင်ပြေခဲ့သေးတာတော့မဟုတ်။သဘာဝဘေး ရေကြောင်းလမ်း အခက်အခဲတွေ အန္တရာယ်တွေနဲ့  ကြုံခဲ့ရတုန်းပါ။ ဒီ မြစ်ရေကြောင်း သဘာဝဘေးအန္တရာယ်တွေကြားကကို စကော့တလန် ကုမ္ပဏီ ဟာ ဧရာဝတီ နာမည်နဲ့ မြန်မာ့မြစ်ရေကြောင်းမှာ အဲဒိ သဘာဝဘေးရန် အခက်အခဲတွေကြားထဲက ပြေးဆွဲရင်း တဖြေးဖြေး ကြီးထွားလာခဲ့ပါတယ်။

၁၈၆၅ ခုနှစ်က ရေနွေးငွေ့  သင်္ဘောကလေး ၄ စင်းနဲ့ ဧရာဝတီ မြစ်မှာ စတည်ခဲ့တဲ့ ဧရာဝတီ သင်္ဘော ကုမ္ပဏီ လေးဟာ ၁၈၆၈ မှာ မန္တလေးဘုရင်မင်းတုန်းမင်း ရဲ့ ခွင့်ပြုချက်နဲ့  အထက်မြန်မာပြည် ကိုဆွဲခွင့်ရခဲ့ပါတယ်။ ၁၈၆၉မှာ တော့အထက်မြန်မာပြည် ဗန်းမော်အထိ ကို ပြေးနေခဲ့ပါပြီ။

ဒီလိုလုပ်နေခဲ့လိုက်တာ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ မတိုင်ခင်ကာလ ၁၈၈၅ မှာ သုံးကီလိုမီတာရှည်တဲ့ သင်္ဘောတန်းကြီးတွေဟာ အထက်၊အောက်မြန်ပြည်တစ်ခွင် ရေကြောင်းကုန်သွယ်မှု ကို လက်ဝါးကြီးအုပ် ထားနိုင်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ် ရောက်တဲ့အခါမှာတော့ အလျား ၉၃ မီတာ၊ ရွက်တိုင် ၁၂မီတာနဲ့ ခရီးသည်ပေါင်း ၃၀၀၀ အထိသယ်ဆောင်နိုင်တဲ့ ခရီးသည်တင်သင်္ဘောတွေ၊ တန် ၅၀၀ အထိ ဆန့် တဲ့ ကုန်တင်သင်္ဘောကြီးတွေ၊ နဲ့ မြန်မာဘုရင်ပိုင် အထက်မြန်မာပြည်မန္တလေးအထိတွင်ကျယ်နေပါပြီ။

မြန်မာပြည်ရဲ့ စီးပွားရေး ဟာ အရှိန်အဟုန်နဲ့ တက်လာတာနဲ့ အပြိုင်၊ ဧရာဝတီ သင်္ဘောကုမ္ပဏီကြီးကလဲ အင်မတန်အင်အားကောင်းကြီးထွားလာခဲ့ပါတယ်။ ၁၉၁၆ ခုနှစ် ဖရက်ဒရစ်ချား(လ်)(စ) ကနေဒီ အထွေထွေ မန်နေဂျာအဖြစ် အုပ်ချုပ်တဲ့ အချိန်မှာ သင်္ဘောပေါင်း ၅၀၀၊ (ရေနွေးငွေ့ နဲ့  မောင်းတဲ့သင်္ဘောများဖြစ်ပြီး ၊ ၂၀၀ က စက်တပ်သဘောင်္ပါ) အထိရှိခဲ့ပါတယ်။

အင်မတန်ကြီးမားတဲ့ သံလျင်သင်္ဘောကြီး ကနေပြီး ဖလက်ခေါ်တဲ့ ဇက်လို မျိုးအသေးစားလေးတွေ၃၂၀ ခန့်  ပိုင်ဆိုင်ထားပါတယ်။ အဲဒိအချိန်က မြစ်ဧရာတကြောပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ရွစိတက်နေတဲ့ အင်္ဂလိပ်ပိုင် သင်္ဘောတွေ ကိုမြင်ယောင်ကြည့်နို်င်ပါတယ်။ ဒီဧရာဝတီသင်္ဘောကုမ္ပဏီကြီးဟာမြန်မာနိုင်ငံမှာ ၀န်ထမ်းအများဆုံး ခန့်  ထားနိုင်တဲ့ ကိုလိုနီ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။ သင်္ဘောကျင်း လေးခုပိုင်ပါတယ်။ သင်္ဘောသားပေါင်း
၅၀၀၀ ကျော်နဲ့ သင်္ဘောကျင်းအလုပ်သမားပေါင်း ၅၀၀၀ ကျော်၊ စုစုပေါင်း ၀န်ထမ်း တစ်သောင်းတစ်ထောင်ကျော် ရှိတဲ့ ဧရာမ ကိုလိုနီအရင်းရှင် ကုမ္ပဏီ အကြီးစားကြီးပါ။

ဒီနေရာမှာ နယ်ချဲ့ လက်အောက်က အအုပ်ချုပ်ခံ မြန်မာလူမျိုး နဲ့ ၊ အုပ်ချုပ်သူ ဗြိတိသျှ နယ်ချဲ့ ကြား အဆင့်အတန်းခွဲခြားပုံကလေး ကို သတိပြု စေချင်ပါတယ်။

(အပိုင်း (၃) ဆက်ပါမည်.....)
မောင်ရင်...

Photos adapted from [1] www.scripophily.net/irflcoglsc19.html, [2]
www.irrawaddyflotilla.com without permission

You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.