Thursday, November 27, 2008

[ဆုံဆည်းရာ] 7 New Entries: ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

ဗွီအိုအေ၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၀၈

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက တိုင်းပြည်ရဲ့ အချက်အချာကျတဲ့ လေယာဉ်ကွင်းကြီးမှာ လေယာဉ်တွေ ထွက်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေကြပါတယ်။

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာလေယာဉ်ကွင်းက တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ရဲတွေကို ထိုးဖောက်ဖြတ်ဝင်ပြီး ခရီးသည်ရှိရာဂိတ်တွေဆီရောက်အောင် ထိုးဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဆန္ဒပြသူတွေက နေ့စဉ် ခရီးသည်သန်းနဲ့ချီသုံးတဲ့ လေယာဉ်ကွင်းကိုသွားတဲ့အဓိကလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပါတယ်။

ပီအေဒီအဖွဲ့ဝင် ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို သွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက တောင်အမေရိကမှာ APEC အစည်းအဝေး သွားတက်ရာကနေ ဒီနေ့ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကိုပြန်ရောက်ဖို့ အစီအစဉ်ရှိတဲ့ ၀န်ကြီးချုပ် ဆွန်ချိုင်းကိုစောင့်နေပုံရပါတယ်။

ခုလို ဆန္ဒပြသူတွေ လေယာဉ်ကွင်းကို ၀င်ရောက်ဆီးနင်းပြီးနောက် မနေ့အစောပိုင်းက အစိုးရဆန့်ကျင်သူနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက်မှုဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သေနတ်ပစ်ဖောက်မှုတချို့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး၁၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဧရာဝတီ-အေးလဲ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၀၈

ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံ အခြေစိုက် "Club of Madrid" အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က "ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့က အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ" ဟု ပြောသည်။

သူက ဆက်လက်ပြီး "ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်" ဟု လည်း ပြောသည်။

အဆိုပါ "Club of Madrid"ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲ မှအမြင့်ဆုံးရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်းချမ်း ရေး ဆုအပါ အဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထား သော်လည်း ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချ ခံနေရဆဲဖြစ်သည်။

သူသည် ၂၀၀၃ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ် အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိနေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့် အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။

WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။

WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်လုပ်ကိုင် လာစေရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

မြစ်ဝကျွန်းပေါ် ဒေသအတွက် ကုလသမဂ္ဂ အစီအစဉ်သစ် စတင်မည်

ဧရာဝတီ၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၀၈

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ အတွက် Food for work အစီ အစဉ်ကို ၎င်းတို့ အနေနှင့် ဒီဇင်ဘာလ အတွင်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောသည်။

ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၆ လကျော်ကြာအထိ အကူအညီများ လိုနေဆဲ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ရေလုပ်သားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

"အခု အစီအစဉ်ကို မုန်တိုင်းဒဏ် ပိုခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသတွေမှာ ပိုမို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်" ဟု WFP ဒေသဆိုင်ရာ ဒါရိုက်တာ ခရစ္စ ကေရီက ပြောသည်။

Food for work (FFW) အစီအစဉ် အနေနှင့် ပျက်စီး ယိုယွင်း နေသော လမ်းများနှင့် ရေတွင်း၊ ရေကန်၊ ရေနုတ် မြောင်းများ၊ တာတမံများ ပြုပြင် တူးဖော်ရေး၊ သောက်သုံး ရေသန့် ရရှိရေး တို့ကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ရေနုတ်မြောင်း စနစ်များ၊ ဆည်မြောင်း စနစ်များ ကောင်းမွန်ရေးနှင့် သစ်ပင် သစ်တောများ ပြန်လည် စိုက်ပျိုးရန်၊ မသန့်ရှင်းသော ကုန်းမြေများကို ရှင်းလင်းရန် တို့လည်း ပါဝင်သည်ဟု ခရစ္စ ကေရီက ဆိုသည်။

FFW အစီအစဉ်တွင် ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့ အဆောက်အအုံများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဌာနများ၊ စားရေရိက္ခာ ပိုမိုထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုအစီအစဉ်ကို ဒုက္ခသည် မိသားစုအချိုးအစားအလိုက် စီစဉ်ထားရာ လူဦးရေ ၄၀၀၀၀ ခန့် အတွက် ကူညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

တချိန်တည်းတွင်ပင် ဘိုကလေးမြို့နယ်အာဏာပိုင်များ၏ အမိန့်ဖြင့် ကျွန်းသာယာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ ရွာသားများကို ရွာ ၁၁ ရွာ တွင် ပြောင်းရွှေ့စုစည်းနေထိုင်ခိုင်းမှုများပြုလုပ်နေကြောင်း ဘိုကလေး ဒေသခံ များက ပြောဆိုသည်။

ယင်း ရွာ ၁၁ ရွာ ၌ ပြောင်းရွှေ့နေထိုင်ရမည့်ရွာသားများတွင် အာမခံ ၊ ဒညင်းဖြူ ၊ မုန်တိုင်းကြီးနှင့် မုန်တိုင်းလေး ရွာများမှ ရွာသားများပါဝင်ကြောင်း သိရသည်။

နေအိမ်အဆောက်အဦများ ပြန်လည်ပြင်ဆင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေပြီဖြစ်သော ရွာသား များမှာ အထက်ပါအမိန့်ညွှန်ကြားချက်အပေါ် စိတ်မချမ်းမြေ့မှုများဖြစ်နေကြကြောင်း၊ တချို့မှာ ၎င်းတို့၏ လယ်ယာလုပ်ငန်းများအတွက် အချိန်ကုန် ငွေကုန်ခံ၍ လုပ်ကိုင်ထားပြီးသူများ ဖြစ်ကြောင်း ဒေသခံ ရွာသား တဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကျေးရွာများသို့ ရေတွင်း၊ ရေကန်များနှင့် စာသင်ကျောင်းများ ဆောက်လုပ်၍ စရိတ်များစွာ အကုန်အကျခံ ထောက်ပံ့ကူညီပေးနေသော ဒေသခံ အန်ဂျီအို အဖွဲ့များကလည်း ထိုသို့ ပြောင်းရွှေ့ခိုင်း နေခြင်း ကို စိတ်ပျက် နေကြကြောင်း သိရသည်။
ယင်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရွာတချို့သည် ပြန်လည်ထူထောင်နိုင်ပြီဖြစ်သော်လည်း တချို့ မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ယခုအချိန်အထိ အကူအညီလိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရ သောကြောင့် FFW အစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု WFP က ပြောသည်။

လက်ရှိအခြေအနေအရ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးဆိုင်ရာ အကူအညီ များ စောစောပိုင်းကပင် ပိုမိုလိုအပ်လျှက်ရှိကြောင်း ပြဆိုနေခြင်းဖြစ်သည်ဟုလည်း ပြောဆိုသည်။

တခြားသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တဖွဲ့ဖြစ်သည့် ယူကေနိုင်ငံ အခြေစိုက် Save the Children အဖွဲ့ကလည်း ဆိုင်ကလုန်းဒုက္ခသည်များသည် ယခုအချိန်အထိ အကူအညီများလိုအပ်နေဆဲ ဖြစ်ကြောင်း၊ စိုးရိမ် ဖွယ်ရာ သောက်သုံးရေသန့် လိုအပ်ချက်ပြဿနာသည် ဒုက္ခသည် ထောင်ပေါင်းများစွာကို ခြိမ်းခြောက်လျှက်ရှိ ကြောင်း ပြောဆိုသည်။

ဘိုကလေးမြို့နယ်ရှိ ကျေးရွာတချို့မှ ရွာသားများသည် ၎င်းတို့ ကျေးရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ် သောကြောင့် တခြားသော ရွာသို့ သွားရောက် သယ်ယူရကြောင်း၊ အလောင်းကောင်များကြောင့် ရေတွင်း ရေ ကန်များရှိ ရေများမှာ အနံ့ဆိုးများထွက်ကာ မသန့်မပြန့် ညစ်ညမ်းနေဆဲဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဒေသခံများ က ပြောသည်။

"FFW ရဲ့ အစီအစဉ်ထဲမှာ ရေကောင်း ရေသန့်တွေ ပိုမိုရရှိရေးအတွက် ရေတွင်းရေကန် တူးဖော်ရေးလုပ်ငန်းတွေ၊ ရေနုတ်မြောင်းနဲ့ ဆည်မြောင်း တာတမံ ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်"ဟု ခရစ္စ ကေရီက ပြောသည်။

ပြည်ပပို့ အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်

ဧရာဝတီ-ကြည်ဝေ၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၀၈

ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် ပြည်ပ နိုင်ငံများမှ အထည်အော်ဒါများ လျှော့ချလိုက်ရာ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် စက်ရုံများမှ အလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြကြောင်း သိရှိရသည်။

"အထည်ချုပ်လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြည်ပကို အားကိုးပြီး လုပ်ရတာဆိုတော့ ပြည်ပက အထည် အော်ဒါတွေ မရှိရင် လုပ်ငန်း ဆက်လုပ်ဖို့နဲ့ အလုပ်သမားစရိတ်တွေကို ကြာရှည်ထိန်းထားနိုင်ဖို့ တော်တော် ခက်ပါတယ်" ဟု လှိုင်သာယာမှ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောပြသည်။

လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ မြင်ကွင်း (ဓာတ်ပုံ - jamd.com)

ဆက်လက်၍ ၎င်းက အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်စက်ရုံအလုပ်သမား အရေအတွက်မှာ ၈ သောင်းမှ ၁ သိန်းထိရှိနိုင်သည်ဟုဆိုသည်။

ပြည်တွင်းတွင် လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၁၆၀ ၀န်းကျင် ရှိပြီး အဆိုပါ စက်ရုံများကို မှီခို အလုပ်လုပ်နေသည့် အလုပ်သမားပေါင်း ၆ သိန်းမှ ၈ သိန်းထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။

"ရှေ့အလုပ်ရမရ ဆိုတာလည်း မသေချာတော့၊ ဒီလ၀က်စာ ငွေလေးနဲ့ ဘယ်လိုနေရမလဲ ဆိုတာတောင် မတွေးတတ်တော့ပါဘူး" ဟု လှိုင်သာယာစက်မှုဇုန် ၂၊ အထည်ချုပ်စက်ရုံတရုံမှ စက်ချုပ် အလုပ်သမား တဦးဖြစ်သည့် မအေးမာကပြောပြသည်။

မအေးမာသည် အသက် ၁၇ နှစ်သာရှိသေးပြီး ၎င်းအလုပ်လုပ်နေသည့်စက်ရုံက အလုပ်သမားများ လျှော့ချလိုက်သဖြင့် လဝက်စာ လခ ကျပ် တသောင်းသာရရှိပြီး အလုပ်ပြုတ် လာခဲ့သူ ဖြစ် သည်။

သူတို့ အထည်ချုပ်စက်ရုံမှ သူအပါအ၀င်တခြားအလုပ်သမားများကို နိုဝင်ဘာလအတွင်း အလုပ်ဆင်းခဲ့သော ရက်များအတွက် တွက်ချက်ကာ ငွေထုတ်ပေးလိုက်ပြီး နောက်နေ့ အလုပ်လာမဆင်းတော့ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ကစပြီး အလုပ်မဆင်းနဲ့ဦး။ အလုပ်ရှိတဲ့အခါ အကြောင်းကြားလိုက်မယ်လို့ သူတို့က လွယ်လွယ် ပြောနိုင်ပေမယ့် ကျမတို့မှာ ဒီနေ့ အလုပ်မရှိရင် နောက်နေ့ ငတ်မှာပဲ" ဟု အထည်ချုပ်စက်ရုံတရုံတွင် နေ့စားအလုပ်သမားအဖြစ် အလုပ်ဆင်းခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံလူတန်းစားများဖြစ်ကြပြီး အများစုမှာ နေ့စားအလုပ်သမား များသာ ဖြစ်ကြ၍ အသက် ၁၅ နှစ်မှ အသက် ၂၇ နှစ် ၀န်းကျင်အရွယ်အမျိုးသမီးများ ဖြစ်သည်။


မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမားတဦးကို လစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ပေးနိုင်ရာ အလုပ်သမားများအနေနှင့် လစာငွေတခုတည်းနှင့် ရပ်တည်ရာတွင် ခက်ခဲမှု ရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပိုဆင်းကြရသည်။

သို့သော်လည်း ထိုအလုပ်သမားများမှာ အမြဲတမ်းဝန်ထမ်းများ မဟုတ်သောကြောင့် အလုပ်ရှင် များမှ အလွယ်တကူပင်အလုပ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ အလုပ်သမားများကို အလုပ်ထုတ် လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်း မရှိကြောင်း အလုပ်ပြုတ်ခဲ့သူများထံမှ ကြားသိရသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေ အာဏာသက်ရောက်မှု မရှိသောကြောင့် လည်းကောင်း၊ အလုပ်သမား အများစုမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် လည်းကောင်း အလုပ်သမားဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ ရှေ့နေ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများမှ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ သာမက ဥရောပဈေးကွက်ရှိ ဂျာမနီ၊ မက္ကဆီကို၊ အာဂျင်တီးနား စသည့် နိုင်ငံများသို့ ချုပ်ပြီးအထည်များ တင်ပို့လျှက် ရှိကြောင်း သိရသည်။ အများစုမှာ ကုန်ကြမ်းယူ ကုန်ချောပေးစနစ်ဖြင့် တင်ပို့နေရခြင်းဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ချုပ်ထည် အော်ဒါလက်ခံမှုများ တဟုန်ထိုးကျဆင်းခဲ့၍ ယခုအခါ ရပ်ဆိုင်းလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် တဦးက ပြောပြသည်။

လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းများ အကြပ်အတည်းတွေ့နေချိန်တွင် အစိုးရအနေနှင့် အခွန်ငွေများ လျှော့ချပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးသင့်သော်လည်း ယနေ့ထိတိုင် ဆောင်ရွက် ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

"အလုပ်လက်မဲ့တွေက အရင်ကထက် ၂ ဆပိုလာတော့မယ့် အနေအထားမှာ အစိုးရက ဘာပြင်ဆင်မှုမှမရှိဘူး။ တရုတ်တို့၊ စင်ကာပူတို့၊ တောင်ကိုရီးယားတို့လိုတောင်မှ ပြည်သူတွေ အတွက် ဘယ်လို လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိဘူး" ဟု စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

သံဃာတော်များကို စစ်အစိုးရ ဖြိုခွဲရန် ကြံစည်

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၅ နိုဝင်ဘာ ၂၀၀၈

နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က "မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေး အခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်" ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့ အစည်းဥပဒေ၊ လူမူဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟုလည်း ထည့်သွင်းလျှောက် ထားခဲ့သည်။

"သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်းသိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက်ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလိုသံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်" ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း "သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာလဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ" ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒ န္တ ကုမာရက သာရဏီယသြ၀ါဒကထာမြွက်ကြားရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ်အောင် လုပ်ဆောင် နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြော နေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ်အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် "ဒီကိစ္စက သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်း ထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက်လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်" ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

"နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်" ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထားတင်းမာမှုများရှိပြီး ၎င်းတို သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြမိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမအကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

နိုင်ငံခြားသားပိုင် အပ်ချုပ်စက်ရုံ အလုပ်သမားများ ပိုင်ရှင်အရိုက်ခံနေရ

ခေတ်ပြိုင်-မြင့်မိုးဇော်/ ၂၅ နိုဝင်ဘာ ၂၀၀၈


ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ ကိုရီးယားအမျိုးသားပိုင် စက်ချုပ်အလုပ်ရုံမှ စက်ရုံစူပါဗိုက်စာ မြန်မာအမျိုးသမီးတဦး အလုပ်သမားများ အခွင့်အရေး မရသည့်အတွက်ဆိုပြီး နုတ်ထွက်သွားခဲ့သည်။

ကိုရီးယားအမျိုးသားများဖြစ်သော မစ္စတာလီနှင့် မစ္စတာဝိန်း ဆိုသူတို့ ပိုင်ဆိုင်သည့် အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမများအနေဖြင့် တလလျှင် အခြေခံလစာ (၃၅,၀၀၀) ကျပ်သာရရှိပြီး တနေ့လျှင် အလုပ်သမတဦးအနေဖြင့် အထည် (၆၀) ပြည့်အောင် ချုပ်ပေးရသည်ဟု အလုပ်မှနုတ်ထွက်ခဲ့သူ စူပါဗိုက်စာ မနီနီမာက ပြောသည်။

ထိုသို့သတ်မှတ်ထားသော ကိုယ်တာကို ပြည့်အောင်မအပ်နိုင်ပါကလည်း ပိုင်ရှင်များက အလုပ်သမများအား ဆူပူကြိမ်းမောင်း ရိုက်နှက်ကြသည်ဟုလည်း သိရှိရသည်။

ယင်းသို့ ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသည့် အလုပ်သမတဦးက "ကျမတို့ အလုပ်သမတယောက်ကို တနေ့ကို အထည် (၆၀) အပ်ရပါတယ်။ တကယ်လို့ ကျမတို့ မအပ်နိုင်ရင် အနည်းဆုံးတော့ အဆူအဆဲခံရပါတယ်။ တခါတလေမှာဆိုရင် အရိုက်ခံရတာ လည်းရှိပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် မစ္စတာလီအား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ စက်ရုံပိုင်ရှင်အနေဖြင့် တစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

စက်ရုံတွင် စုစုပေါင်း အလုပ်သမား (၁,၀၀၀) ကျော်ရှိပြီး အလုပ်သမားများသောက်ရန်အတွက် ရေသန့်ဘူးကြီး (၆၀) ကိုသာ ထားရှိပေးသည့်အတွက်လည်း အလုပ်သမားများအနေဖြင့် သောက်ရေအတွက် အခက်ဖြစ်နေကြရသည်ဟု နုတ်ထွက်လာသူ စူပါဗိုက်ဇာ မနီနီမာက ပြန်လည်ပြောကြားခဲ့သည်။ အလုပ်ဆင်းချိန်မှာလည်း နံနက် (၉) နာရီမှ ည (၁၀) နာရီအထိဆင်းကြရပြီး နေ့လယ်စာစားချိန်အဖြစ် မိနစ် (၃၀) သာ နားချိန်ပေးသည်ဟု ဆိုသည်။

မနီနီမာက လုပ်ငန်းခွင့်အခြေအနေများကို ဆက်လက်ရှင်းပြရာ "ကျမတို့ အလုပ်သမတွေ အနေနဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း တရုတ်နီ လိမ်းဆေးသာပေးပြီး မည်သည့် ဆေးကုသခွင့်ကိုမျှမရရှိကြောင်း၊ စက်ရုံတွင် သောက်သုံးရေ မလုံလောက်လို့ အိမ်ကနေ ရေဘူးထည့်လာရင်လည်း ထည့်လာခွင့်မရှိဘူး။ တကယ်လို့ ထည့်လာရင်လည်း ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ဖြတ်တာခံရပါတယ်။ အခြားသော နာမကျန်းကိစ္စနဲ့ အလုပ်ပျက်ရင်လည်း တရက်ပျက်ခ ဒဏ်ငွေ (၅,၀၀၀) ကျပ်ကို ပေးဆောင်ရပါတယ်။ အဆိုးဆုံးကတော့ ကျမတို့ ဟာ မြန်မာအမျိုးသမီးတွေဖြစ်တာကြောင့် အလုပ်ကိုသွားတဲ့အခါ ပါးမှာ သနပ်ခါးကို လိမ်းသွားကြပါတယ်။ ဒါဟာလည်း မြန်မာ့ယဉ်ကျေးမှုတခုပါ။ ဒါပေမယ့် အလုပ်ကိုရောက်တဲ့ အခါမှာတော့ သနပ်ခါးလိမ်းလာတဲ့ အလုပ်သမကို ပိုင်ရှင်များက ခေါ်ပြီး ဆီချေးတွေပေနေတဲ့ အ၀တ်ကို ရေစွတ်ပြီး အတင်းဆွဲဖျက်တာကို ခံကြရပါတယ်။ ကျမတို့ လုပ်ခဲ့တဲ့ အဲဒီ (UVI) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုလို့ ဘာတခုမှ မရခဲ့ပါဘူး။ ကျမလို စူပါဗိုက်ဇာတယောက်တောင် ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့လည်း ကျမနုတ်ထွက်ခဲ့တာပါ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားပိုင် စက်ရုံများအနေဖြင့် မြန်မာအလုပ်သမားများအပေါ်တွင် ယခုကဲ့သို့ ဆက်ဆံရေးများ ထားရှိနေသော်လည်း အလုပ်သမားများအနေဖြင့် သူတို့ကို ကူညီနိုင်စရာ နေရာ၊ ကူညီမည့်သူမရှိ ဖြစ်နေ ကြောင်းလည်း သိရှိရသည်။

နာဂစ်ဒဏ်ထိ ဘုန်းကြီးကျောင်းများ (၇) လကြာထိ ပြန်မဆောက်နိုင်

ခေတ်ပြိုင်-ကိုဝိုင်း/ ၂၅ နိုဝင်ဘာ ၂၀၀၈

ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့သည်မှာ (၇) လခန့်ရှိသွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ပေါ်နှင့် ကွမ်းခြံကုန်းမြို့ နယ်အတွင်း၌ ပြန်လည်မတည်ဆောက်နိုင်သေးသော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၅၀-၆၀) ကျောင်းခန့်ရှိကြောင်း ဒေသခံ သံဃာများက မိန့်ကြားသည်။

ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည့် ဘုန်းကြီးကျောင်းများမှာ ကွမ်းခြံကုန်းမြို့ပေါ်မှ ဘုန်းကြီးကျောင်း (၂) ကျောင်းအပါအ၀င် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဘီလင်း၊ ဘန့်ဘွေးကုန်း၊ ၀က်ကိုက် စသည့်ရွာများမှ ဖြစ်ကြောင်း ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူးမြို့နယ်တို့တွင် နာဂစ်စတင်ဖြစ်ခဲ့စဉ်မှစ၍ ယနေ့အထိ အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။ အဆိုပါကျောင်းများမှ သံဃာတော်များသည် အမိုးအကာအား တာပေါ်လင်စများကို အသုံးပြုနေကြရပြီး ကြမ်းခင်း၊ ၀ါးခင်းများဖြင့် ဖြစ်သလို သီတင်းသုံးနေကြရကြောင်း သိရသည်။

"ဒိ့ပြင် ဧရိယာကို မပြောသေးဘူးဗျာ။ လတ်တလော ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာပဲ ကျောင်းပေါင်း (၁၃၇) ကျောင်းရှိတယ် နော်။ ဒါပေမယ့် အဲဒီမှာကိုက ကျောင်း (၅၀) ကျော်၊ (၆၀) လောက်က အခြေအနေ မကောင်းတာ ဖြစ်နေတယ်။ သံဃာအပါး (၁၀၀) ကျော် (၂၀၀) ၀န်းကျင်လောက်ရှိမယ်။ ကိုယ်ထူကိုယ်ထစနစ်ကိုပဲ မဖြစ်နိုင်တာ။ ဘာကြောင့် ပြောနိုင်လည်းဆိုတော့ ဝေခြမ်းရေးမှာ ဦးဇင်းကိုယ်တိုင် လိုက်သွားတာတွေရှိတယ်" ဟု အဆိုပါအမည်မဖော်လိုသည့် သံဃာက မိန့်ကြားသည်။

နာဂစ်ဘေးသင့်သူများကို အကူအညီပေးနေသည့် ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကမူ ကုလသမဂ္ဂ သာမက အကူအညီပေးရေးအသိုင်းအ၀န်းက ဒေသခံသာသနာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများအနေဖြင့် စားဝတ်နေရေး လုံးပန်းနေရခြင်း၊ ကူညီရေးဦးစားပေးများထဲတွင် မပါဝင်ခြင်းတို့ကြောင့်ဟု ပြောသည်။

ဦးအေးဝင်းက "ရပ်ရွာမှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေပေါ်မှာလည်း မူတည်တယ်လေ။ ကိုယ့်မှာ အပိုအလျှံရှိ နိုင်မှသာ ဦးစားပေးလို့ ရမယ်လေ။ ကိုယ့်မှာတောင် အမိုးအကာ လုံခြုံဖို့ ကြိုးပမ်းတုန်းဆိုရင် ဘုန်းကြီးကျောင်းအတွက်က သူတို့ အနေနဲ့ ခက်ခဲလိမ့်မယ်။ ယူအန်နဲ့ အတူတူလုပ်တဲ့အဖွဲ့အစည်းတွေကတော့ အဲဒီမှာရှိတဲ့ဒေသခံတွေအတွက် အမိုးအကာလုံခြုံမှု တတ်နိုင်သလောက် လက်လှမ်းမီသလောက်တော့ လုပ်နေတာပေါ့။ ဒါကလည်း ငွေကြေးအခြေအနေပေါ်လည်း မူတည်တာပေါ့။ အကုန်လုံးကတော့ မရသေးဘူးပေါ့ဗျာ" ဟုပြောသည်။

ယင်းသို့ ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများ၏ စားဝတ်နေရေးအဆင်မပြေမှု သည်လည်း အချက်အလက်အဖြစ်ပါဝင်သည်ကို သဘောတူကြောင်း၊ သို့သော် စစ်အစိုးရအပါအ၀င် အကူအညီပေးရေးအဖွဲ့ များအနေဖြင့် ဘုန်းကြီးကျောင်းများအတွက် ဦးစားပေးလုပ်ငန်းအတွင်း ထည့်သွင်းသင့်ကြောင်း ဒေသခံသံဃာက မိန့်ကြားသည်။

ဒေသခံသံဃာက "ရွာတွေကိုက အခြေအနေမကောင်းတဲ့အခါကျတော့ ဘုန်းကြီးကျောင်းဘက် မလှည့်နိုင်ဘူး။ အခုထိ ကယ် ဆယ်ရေးအပိုင်း ထောက်ပံ့ရေးအပိုင်းသွားရတုန်းရှိသေးတယ်။ ဘုန်းကြီးကျောင်းတွေအတွက်ကို သီးသန့်လုပ်တာတော့မရှိဘူး။ လူထုအတွက်တော့ တချို့လုပ်ပေးကြပါတယ်။ သူတို့ (အာဏာပိုင်များ) သွားတယ်ဆိုတာ မြို့ပေါ်လောက်သွားတာ။ ဟိုးချောင် ချိုချောင်ကြား၊ မြစ်ကြိုမြစ်ကြား၊ ပင်လယ်ကြို ပင်လယ်ကြားအထိ အလောင်းကြားထဲ သူတို့မသွားဘူး" ဟုမိန့်ကြားသည်။

အဆိုပါ ဒေသခံသံဃာကိုယ်တိုင် ဆက်သွယ် အကူညီပေးခဲ့သည့် ရွာပေါင်း (၁၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ရွာသူရွာသားများနှင့် သံဃာတော်များအတွက် ရိက္ခာများသာ အဓိကထား လှူဒန်းခြင်းဖြစ်ကြောင်း၊ ဒေသခံလက်လုပ်လက်စားများသည် ယခုထိ တိုင် အလုပ်အကိုင် အဆင်မပြေသေးဘဲ ၀င်ငွေရလမ်းမရှိဖြစ်နေကြောင်း၊ အာဏာပိုင်အဆင့်ဆင့်၏ အနှောင့်အယှက်ပေးမှုကြောင့် ပုဂ္ဂလိကအလှူရှင်များလည်း သွားရောက်လှူဒါန်းခြင်း မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်း (၇၄၀) သည် လုံးဝပျက်စီးသွားပြီး (၃,၂၃၅) ကျောင်းသည် ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း စစ်အစိုးရ လူမှုဖူလုံရေးဌာနကို ကိုးကား၍ သတင်းများတွင် ဖော်ပြသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.